မင်းအောင်လှိုင်ရဲ့ သွေးစွန်းရက်ပေါင်း ၁,၀၀၀

မင်းအောင်လှိုင်ရဲ့ သွေးစွန်းရက်ပေါင်း ၁,၀၀၀

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မတိုင်မီ စနေနေ့ဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် အာဏာသိမ်း ခဲ့တဲ့ ရက်ပေါင်း ၁,၀၀၀ တိတိပြည်တဲ့ နေ့ပါပဲ။

သီတင်းကျွတ်လပြည့် တနင်္ဂနွေနေ့နဲ့ ကပ်လျက်ရှိနေတဲ့ အဲဒီနေ့ဟာ သာမန်အားဖြင့် ထူးထူးခြားခြားနေ့ တစ်ခု အဖြစ် ရှိမနေခဲ့ပေမဲ့ မှတ်တမ်းမှတ်ရာတွေအရ စစ်အာဏာသိမ်းမှုအောက်မှာ လူပေါင်း ၄,၀၀၀ ကျော် အဓမ္မသတ် ဖြတ်ခံခဲ့ရပြီးတဲ့ နေ့ရက်ပါပဲ။ (အဲဒီလို အဓမ္မသတ်ဖြတ်ခံရမှုထဲမှာ ကလေးငယ်ပေါင်း ၅၀၀ နီးပါး ပါဝင်နေခဲ့ပါ တယ်။)

လူပေါင်း ၂၀,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားရဆဲ နေ့ရက်ပါပဲ။ တစ်နိုင်ငံလုံးအတိုင်းအတာ အရ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၆ သန်း နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရဆဲ နေ့ရက်ပါပဲ။

ဒါဟာ ကောက်ယူ သုတေသနပြုစုထားတဲ့ စာရင်းတွေအရ သိသာထင်ရှားနေတဲ့ ကိန်းဂဏန်းတွေ ဖြစ်ပြီး အဲဒီကိန်း ဂဏန်းတွေရဲ့ အပြင်အပ စာရင်းပြုစုမှုထဲ မပါဝင်ဘဲ သေဆုံးကွယ်ပျောက်သွားတဲ့ ဘဝတွေ၊ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ လူတွေ၊ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ မိသားစုတွေလည်း ရှိနေခဲ့တာ အသေအချာပါပဲ။ အဲဒီအပြင်ကိုမှ ပေးဆပ်စွန့်လွတ်ရင်းဆိုတဲ့ အကြောင်းတရားနဲ့ ဘဝကို တောထဲတောင်ထဲ ဖြတ်သန်းနေကြတဲ့ အသက်ရှင်မှုတွေ လည်း မနည်းမနောပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒါတွေဟာ မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်လို့ လူမှုကွန်ယက်စာမျက်နှာကို ဖွင့်လိုက်တယ်ဆိုရင်ပဲ မြင်နေရတဲ့ သတင်းအချက်အလက်တွေပဲဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုအောက် မကြုံချင်လည်း ကြုံတွေ့နေရ တဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။

မှတ်မိကြဦးမယ်ဆိုရင် မနှစ်က အခုလို သီတင်းကျွတ် အချိန်ကာလကြီးမှာ ကချင်ပြည်နယ်ထဲက အနန့်ပါ ကျေးရွာ ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် လူပေါင်း ၆၀ ကျော် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါတယ်။ ဒါက ကာလတိုက်ဆိုင်မှုအရ အနီးစပ်ဆုံးဖြစ်တဲ့ စစ်ကောင်စီ တပ်ရဲ့ အာဏာသိမ်း ရက်ပေါင်း ၁,၀၀၀ အတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုတစ်ခုကို ညွှန်းဆိုပြခြင်းသာ ဖြစ် ပါတယ်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်အရ စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ ကာလအတွင်း တစ်နိုင် ငံလုံးမှာ လူ ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုပေါင်း ၁၄၀ ကျော်ရှိခဲ့ပြီး အရပ်သား ၁,၆၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါကလည်း အထက်ကဆိုခဲ့သလို စာရင်းကောက်ယူနိုင်မှုမှာရရှိခဲ့တဲ့ အချက်အလက် ဖြစ်ပေမဲ့ စာရင်းကောက်ယူမှုထဲ မပါဝင်ဘဲ သတ်ဖြတ်ခံခဲ့ရသူတွေ၊ အဓမ္မပြုကျင့်ခံခဲ့ရသူတွေလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်။

ဒီလိုအဖြစ်အပျက်တွေထဲ အထင်ကရ ရှိနေတဲ့ အကြောင်းတချို့ကို မှတ်ဉာဏ်ပြန်နိုးပြရရင် ၂၀၂၁ ခုနှစ် မတ်လ ၁၄ ရက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လှိုင်သာယာက ပြည်သူတွေကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့အကြောင်းက စ ရမယ်ထင်ပါတယ်။ တစ်နေရာထဲမှာ လူ ၂၀ ကျော် သေဆုံးခဲ့တာဖြစ်ပါတယ်။

မျက်စိထဲ မြင်မိဦးမယ်ဆိုရင် အဲဒီ ကာလတုန်းက လှိုင်သာယာပြည်သူတွေရဲ့ အသက်သေဆုံးရမှု မှတ်တမ်းဓာတ်ပုံတွေက မေ့မရစရာအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင်လကြီးထဲ ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာက PDF ရဲဘော်တွေ၊ လူမှုကယ် ဆယ်ရေးပရဟိတသမားတွေနဲ့ အရပ်သား ပြည်သူ ၃၀ နီးပါး သတ်ဖြတ်ခံခဲ့ရတာ၊ ဒီဇင်ဘာလကြီးထဲ ကရင်နီ ဒေသ ဖရူဆိုမြို့ထဲ ကလေးလူကြီး အယောက် ၄၀ နီးပါး မီးရှို့သတ်ဖြတ်ခံခဲ့ရတာ (အဲဒီသတ်ဖြတ်ခံခဲ့ရမှုထဲ အခုစစ် ကောင်စီနဲ့ ပူးပေါင်းအလုပ်လုပ်နေတဲ့ Save the Children အဖွဲ့က ဝန်ထမ်း ၂ ဦးတောင်ပါဝင်ခဲ့ပါသေးတယ်။) အဲဒီ ဖြစ်စဉ်မတိုင်မီ ၅ ရက်ခန့်အလို ဒီဇင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီတပ်တွေရဲ့ ရည်ရွယ်ပစ်ခတ် သတ်ဖြတ်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက အရပ်သားတွေ ၁၀ ဦးထက်မနည်းသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်ခံရမှုတွေက ၂၀၂၁ ခုနှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ အ ကြမ်းဖက် ကျူးလွန်မှုတွေဟာ ပိုမိုဆိုးရွားလာခဲ့ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေလည်း ပိုများလာခဲ့ တာဖြစ်ပါတယ်။

လူသိများထင်ရှားတဲ့ ဖြစ်စဉ်တချို့ကို ပြန်ပြောရရင် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင် ကျေးရွာသားတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းက ကလေးငယ် တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတာ၊ ရေဦးမြို့နယ် မုန်တိုင်ပင်ကျေးရွာသားတွေ သတ်ဖြတ်ခံခဲ့ရတာ၊ ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာ ၊ အနန့်ပါ ‌ကျေးရွာတွေ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူတွေအစုလိုက် အပြုံလိုက်သေ ဆုံးခဲ့ရတာ။

ယခုနှစ်ထဲမှာဆိုရင်လည်း ပဇီကြီးသတ်ဖြတ်ခံရမှုဖြစ်စဉ်၊ တာတိုင် ကျေးရွာဖြစ်စဉ်၊ ရှမ်းပြည်နယ် ပင် လောင်း နမ့်နိမ်းကျေးရွာက လူပေါင်း ၃၀ကျော် တစ်ကြိမ်တည်းတစ်ပြိုင်တည်း သတ်ဖြတ်ခံရမှုဖြစ်စဉ်၊ မကြာသေး မီက ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ထဲက မုန်လိုင်ခက်ကျေးရွာဖြစ်စဉ်။ ဒါတွေဟာ တကယ့်ကိုမှ မဝေးသေးတဲ့ အတိတ် သမိုင်း လတ်လတ်ဆတ်ဆတ်တွေပဲဖြစ်ပါတယ်။

ဖေဖေါ်ဝါရီလ ၁ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဟာ အခုလို အကြမ်းဖက်ရက်စက်မှုပေါင်းများစွာကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ အနှေးရစ်ပြကွက်တစ်ခုလို တစ်ရက် ချင်းစီကို နောက်ပြန်ဆုတ်ကြည့်မယ်ဆိုရင် နေ့ရက်တိုင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်ရက်စက်မှုတွေကို မြင်နေရမှာပါပဲ။

အထက်က ဆိုခဲ့တဲ့ ဖြစ်စဉ်တွေ အပါအဝင် စစ်အာဏာသိမ်းပြီးနောက် နှစ်ပတ်ကျော်အကြာ နေပြည်တော်က အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ဦးခေါင်းကိုချည်းပဲ ရည်ရွယ်ချက်ရှိစွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတွေ၊ လူငယ်တွေ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေရဲ့ ဝိညာဉ်ဟာ တိုင်းပြည်အနှံ့မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ဒီသေဆုံးမှုတွေက စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုအဖြစ် ထင်သာမြင်သာရှိနေခဲ့တာဖြစ်ပေမဲ့ စစ်ကောင်စီ တပ်က သေနတ်တစ်ချက်မပစ်ဘဲ သတ်ဖြတ်ပစ်ခဲ့တဲ့ ပြည်သူ့ဘဝတွေလည်း အများကြီးရှိနေခဲ့ပါတယ်။ အဲဒါက အောက်ဆီဂျင် လုံလောက်စွာမရလို့ တစ်ရက်ကို လူပေါင်း ၆၀၀ ကျော်ထိ ကိုဗစ်ရောဂါ ကူးစက်ခံရပြီး မသေဆုံး သင့်ဘဲ သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။

ရန်ကုန်မြို့က သုဿန်လေးခုမှာ မီးရှို့မနိုင်လို့ ပုံထနေတဲ့ အလောင်းတွေ နဲ့ အောက်ဆီဂျင် ရဖို့ နေ့နေ့ညည တန်းစီနေရတဲ့ လူတွေရဲ့ ပုံရိပ်တွေဟာ မေ့ပစ်လိုက်လို့ မရတဲ့ စစ်ကောင်စီတပ်ရဲ့ ကျူးလွန်မှုတွေ ပါပဲ။

ဒီအဖြစ်အပျက်ဟာ တစ်နိုင်ငံလုံးမှာ လွှမ်းခြုံဖြစ်ပျက်ခဲ့တာပါ။ တစ်နေရာ ၊ တကွက်ထဲ၊ အစု တစ်ခုထဲ ၊ မိသားတစ်စုတည်းမှာ ကွက်ကြားဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ခဲ့ပါဘူး။

နေ့စဉ် ပြည်သူတွေဟာ အ ထုပ်အပိုးကိုယ်စီလွယ်ပိုးပြီး စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်မှုကနေ လွတ်အောင် စစ်ဘေးရှောင်တိမ်းပြေးလွှားနေ ကြရဆဲဖြစ်ပါတယ်။ ကပ်ကြီးသုံးပါးဘေးကို ခါးစည်း ခံနေကြရဆဲဖြစ်ပါတယ်။

ဒါဟာ စစ်အာဏာသိမ်းမှုအောက် ရက်ပေါင်း ၁,၀၀၀ အတွင်းမှာ ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ ပြည်သူတွေရဲ့ ဘဝ တွေပါပဲ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကာလကြာရှည်လာတာနဲ့အမျှ လူတွေရဲ့ သဘောသဘာဝအတိုင်း မေ့လျော့ ခြင်းတွေကလည်း ရှိလာနေမြဲဆိုတာ မေ့ထားလို့မရပြန်ပါဘူး။ လူတွေရဲ့ ဒီလိုမေ့လျော့ခြင်းကို စစ်အာဏာရှင်က ဘယ်တုန်းကမှ မမေ့လျော့ခဲ့ပါဘူး။

စစ်အာဏာရှင်တွေဟာ ပြည်သူတွေရဲ့ဘဝတွေကို စီမံခန့်ခွဲတဲ့အခါ တစ်ဖက်မှာ အကြောက် တရားနဲ့ အကျပ်အတည်းဆုံးသော အခြေအနေကို ဖန်တီးထားပြီး တစ်ဖက်မှာလည်း ဘာသာရေး ၊ ပျော်ပွဲရွှင်ပွဲနဲ့ ဒုစရိုက်လောကကို ဖန်တီးပေးထားခဲ့တာပါပဲ။

သဘောကတော့ အကြောက်တရားနဲ့ အကျပ်အတည်းအတွက် ရုန်းကန်ရှင်သန်နေရ ခြင်းနဲ့ ပျော်ပွဲရွှင်ပွဲနဲ့ ဒုစရိုက်တွေကြား တိုင်းပြည်ရဲ့ပကတိအခြေအနေကို မေ့လျော့နေစေခြင်းဆိုတဲ့ အစွန်းနှစ် ဖက်ဆီ တွန်းပို့ထားတဲ့တာပဲဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းရဲ့ စစ်အာဏာသိမ်းမှုအလွန်၊ ၁၉၈၈ ခုနှစ်အလွန် အာဏာရှင်သန်းရွှေရဲ့ တိုင်းပြည်လူ ထုအပေါ် ပုံသွင်းခဲ့ဟန်ကိုကြည့်ရင် ဒီအချက်တွေဟာ ထင်သာမြင်သာ ဖြစ်စေတဲ့ အရာတွေပါပဲ။ သဘောကတော့ နိုင်ငံရေးနဲ့တော်လှန်မှုတွေထဲဆီ လူတွေ အစုလိုက်အပြုံလိုက် ရောက်မလာစေဘဲ သူ့ကို ဆန့်ကျင်အန်တု နေတာ ဟာ အဝန်းအဝိုင်းလေးတစ်ခု ၊ လူအစုအဖွဲ့လေးတစ်ခုသာ ရှိတယ်ဆိုပြီး အမှားကြာတဲ့အခါ အမှန်ဖြစ်စေခြင်းဆိုတဲ့ စိတ်စေတသိုက်ကို အာဏာရှင်က ကိုင်စွဲထားခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီလို နေထိုင်နိုင်အောင်လည်း အာဏာရှင်တွန်းပို့ ဖန်တီးပေးထားတဲ့ အစွန်းနှစ်ဖက် စီးဆောမှာ မေ့လျော့ခြင်း အရွေ့တွေက တစ်ဖန်စီ တက်ရင်းကျရင်းရှိနေခဲ့တာဖြစ်ပါတယ်။

တိန့်ရှောင်ဖင်ကပြောခဲ့ဖူးတယ် ။ ကြောင်ဖြူတာ မဲတာ အရေးမကြီးဘူး၊ ကြွက်ခုတ်ဖို့ပဲ အရေးကြီးတယ်တဲ့။ မြန်မာမှာတော့ ရေဘူးပေါက်တာမလိုချင်ဘူး ၊ ရေပါ တာပဲ လိုချင်တယ်ဆိုတာမျိုးပေါ့။

အာဏာရှင်ဟာ သူ့လိုအင်အတွက် အမြဲပြတ်သားမှုရှိတယ်ဆိုတဲ့ ဥပမေယျသာဓက စကားတွေပေါ့။ ဒါပေမဲ့ ဒီမိုကရေစီလိုချင်သပဆိုသူ အများစုကတော့ ဘုရားသွားကျောင်းတက် ကောင်းမြတ်နေကြတုန်းပါပဲ။ မေ့မေ့ လျော့လျော့ပါပဲ ။ အခု ရက်ပေါင်း ၁,၀၀၀ တိုင်ခဲ့ပြီ။

မာအောင်

The Tanintharyi Times