ကယား (ကရင်နီ)ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင်ပြီး မည်သည့်နိုင်ငံရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ကြေညာ

ကယား (ကရင်နီ)ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကျင်းပခွင့် ပိတ်ပင်ပြီး မည်သည့်နိုင်ငံရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုကြောင်း ကရင်နီတော်လှန်ရေးအင်အားစုတွေ ကြေညာ

ကယား (ကရင်နီ)ပြည်နယ် တစ်ဝှမ်းလုံးမှာ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခွင့်မပေးဘဲ ပိတ်ပင်တားမြစ်ပြီး မည်သည့်နိုင်ငံရေးပါတီမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမှာမဟုတ်ဘူးလို့ ကရင်နီတော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)နဲ့ ဒီမော့ဆို PDFတို့ မနေ့က (ဇန်နဝါရီလ ၂၈ရက်) ပူးတွဲထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲပြင်ဆင်ရေးအတွက် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ခံတာ၊ကြိုတင်မဲကောက်ယူတာ၊ စည်းရုံးဟောပြောတာနဲ့ တာဝန်ပေးအပ်တာတွေကို ငြင်းဆန်ပြီး မပူးပေါင်းကြဖို့ KNDFနဲ့ ဒီမော့ဆို PDFရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ တစ်သီးပုဂ္ဂလနဲ့ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာတွေကိုလည်း လုံးဝ မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။

ကရင်နီပြည်တစ်ဝှမ်းလုံးမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်မှန်သမျှကို ပိတ်ပင်တားမြစ်ထားလို့ ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆောင်ရွက်တာတွေ့ရှိရင် ကျင့်ဝတ်နည်းနာတွေနဲ့အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

၂၀၂၃ခုနှစ်မှာ ပြု့လုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ စစ်အာဏာရှင်သက်ဆိုးရှည်ဖို့ ကြိုးပမ်းတဲ့ အတုအယောင်ဆောင်ရွက်မှုသာဖြစ်တယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့ကြောင့် လူထုဆန္ဒမပါဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြု့လုပ်ခွင့်ပေးမှာမဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်မှန်သမျှကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်တိုက်ဖျက်မယ်လို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

Connect Burma

The Tanintharyi Times