“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
အောက်တိုဘာ ၁၁ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“လိုင်ဇာပစ်ခတ်ခံရမှု AA တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရ”
လိုင်ဇာမြို့ ပစ်ခတ်ခံရမှုမှာ ရက္ခိုင့်တပ်တော် (AA) တစ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ဆယ်ဦးဒဏ်ရာရခဲ့တယ်လို့ AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်ရွာရှိစစ်ဘေးဒုက္ခသည်စခန်းကို ဖျက်အားပြင်းဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့ အခုလ ၉ ရက်နေ့ ညပိုင်းမှာပဲ လိုင်ဇာမှာရှိတဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ တပ်စခန်းတစ်ခုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင်တွေ သေဆုံး၊ ဒဏ်ရာရတာလို့ ထုတ်ပြန်ပါတယ်။ AA၊ TNLA နဲ့ MNDAA တို့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ တရားမျှတမှုရရှိရေး ကချင်ပြည်သူလူထု၊ ကချင်လွတ်လပ်ရေးအဖွဲ့ အပြင် (KIO/KIA) နဲ့အတူပါ ရပ်တည်နေတယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ရဲ့ လက်ချက်ဖြစ်တယ်လို့ ဒေသခံတွေနဲ့ KIA ဘက်ကပြောဆိုပေမဲ့ စစ်ကောင်စီပြောခွင့်ရသူကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး အမိုနီယမ်နိုက်ထရိတ် (ယမ်း) သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်တာလို့ ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
“အာဏာသိမ်းနှစ်နှစ်ခွဲကျော်အတွင်း ချင်းလူမျိုး ငါးရာကျော် သေဆုံးခဲ့”
စစ်တပ်အာဏာသိမ်းချိန်ကနေ အခုလ ၁ ရက်နေ့အထိ နှစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် ချင်းလူမျိုး ၅၂၈ ဦး သေဆုံးခဲ့တယ်လို့ ချင်းရေးရာအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်ပါတယ်။ ဒီစာရင်းဟာ ချင်းပြည်နယ်အပြင် မြန်မာနိုင်ငံအနှံ့မှာ သေဆုံးခဲ့ရသူတွေပါ ပါ၀င်ပါတယ်။ သေဆုံးခဲ့သူတွေထဲမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့၀င် ၃၁၁ ဦးရှိပြီး ခရစ်ယာန်ဓမ္မဆရာတွေနဲ့ ကလေးတွေအပါအ၀င် အရပ်သားစုစုပေါင်းက ၂၁၇ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ မြေမြှုပ်မိုင်းအပြင် ဖမ်းဆီးနှိပ်စက်မှု တွေကြောင့် သေဆုံးခဲ့ရတဲ့အရပ်သား ၂၁၇ ဦးထဲမှာ ခရစ်ယာန် ဘာသာရေးဓမ္မအမှုတော်ဆောင် ငါးဦး၊ ခရစ်ယာန်သင်းထောက်သုံးဦးနဲ့ အသက်မပြည့်တဲ့ကလေး စုစုပေါင်း ၂၄ ဦး ပါ၀င်ပါတယ်။
“ပခုက္ကူမှာ PDF စခန်းတစ်ခုစီးနင်းခံရပြီး သုံးဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေ”
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတစ်ခုကို မနေ့က မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပစ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက RFAကို ပြောပါတယ်။ ပခုက္ကူမြို့နယ်၊ ကိုင်းရွာမှာ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက စစ်ကောင်စီတပ် အင်အားနှစ်ရာခန့် ရောက်နေတာဖြစ်ပြီး အဲဒီကိုင်းရွာနဲ့ မြိုင်မြို့နယ် ကျောက်ဖူးရွာအနီးမှာရှိတဲ့ စခန်းကို တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ စီးနင်းတိုက်ခိုက်ခံရတဲ့အဖွဲ့ဟာ ပခုက္ကူအခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့သလို သေဆုံးမှုပါရှိခဲ့တာလို့ ရေစကြိုမြို့နယ်အခြေစိုက် ပြည်သူကာကွယ်ရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
“ထိုင်းသံအမတ်ဟောင်းကိုသတ်ပြီး ထွက်ပြေးသူကို ကူဖမ်းပေးဖို့ ထိုင်းက မြန်မာရဲကို တောင်းဆို”
ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း အမျိုးသားကို သတ်မှုနဲ့ သံသယရှိခံရတဲ့မြန်မာလူငယ်ဟာ ထိုင်းဘက်ခြမ်းကနေ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ အတွက် ကူညီဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ ဘန်ကောက်ရဲတပ်ဖွဲ့က မြန်မာရဲတပ်ဖွဲ့ကို မနေ့က စာပို့တောင်းဆိုလိုက်တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။ သံသယတရားခံဟာ စိုင်းမြတ်မိုးဆိုတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်ဖြစ်ပြီး သူဟာ အသက် ၆၀ ကျော်အရွယ် သံအမတ်ဟောင်းကို ဘန်ကောက်မြို့၊ ချာတူချပ်အရပ်က နေအိမ်မှာ ဓားထိုးသတ်ခဲ့ပြီးနောက်မှာ ချင်းရိုင်နယ်စပ်ကနေ မြန်မာပြည်ထဲကို ဝင်သွားခဲ့တာလို့ အခုလ ၉ ရက်က သတင်းထုတ်ပြန်ပါတယ်။ စိုင်းမြတ်မိုးဟာ သံအမတ်ဟောင်းရဲ့ငွေစာရင်းအကောင့်ထဲကနေ ထိုင်းဘတ်ငွေ သောင်းချီ ထုတ်ယူသွားပြီး အဝေးပြေးကားစီးကာ ချင်းရိုင်ခရိုင်ကနေတဆင့် တာချီလိတ်မြို့ဘက်ကို တိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်ထားတဲ့အဲဒီလူငယ်ဟာ တာချီလိတ်ကနေ ရန်ကုန်ကို သွားတယ်လို့ သိရတာကြောင့် ကူညီဖမ်းဆီးပေးဖို့ စာပို့ထားတယ်လို့ ရဲတပ်ဖွဲ့စာမှာ ဖော်ပြထားပါတယ်။
“မုန်လိုင်ခတ်စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုအပေါ် ထိုင်းရောက်မြန်မာတွေ ဆန္ဒပြ”
ထိုင်းနိုင်ငံရောက် မြန်မာတွေက လိုင်ဇာဒေသ မုန်လိုင်ခတ်ကျေးရွာစစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ် ဘန်ကောက်မြို့ ကုလသမဂ္ဂ (UN)ရုံးရှေ့မှာ ဒီကနေ့ ညနေပိုင်းကဆန္ဒထုတ်ဖော်ခဲ့တယ်လို့ People Spring ကသတင်းဖော်ပြပါတယ်။ “Save Kachin State in Myanmar” စာသားတွေ ကိုင်ဆောင်ကာမုန်လိုင်ခတ် ကျဆုံးပြည်သူတွေနဲ့ အတူ ရပ်တည်ကြောင်း ပြသခဲ့ပြီး ဖယောင်းတိုင်တွေထွန်းညှိကာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆုတောင်းမေတ္တာပို့သခြင်းကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။
“သူးလေအုပ်ချုပ်နယ်မြေမှာ ကိုးလအတွင်း တိုက်ပွဲကြီး၊ငယ် ၃,၅၀၀ကျော်ဖြစ်ခဲ့လို့ KNU ထုတ်ပြန်”
ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ ယခုနှစ်ကိုးလအတွင်း တိုက်ပွဲပေါင်း ၃,၅၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တွေနဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃,၅၇၀ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိ များအပါအဝင် ၃,၈၆၅ ဦး သေဆုံးပြီး ၂,၂၆၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။
KNLA၊ KNDO တို့ဘက်မှလည်း ၁၁၂ဦး ကျဆုံးကာ ၃၉၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ဖားပါတယ်။ KNU တပ်မဟာနဲ့ ခရိုင် ခုနစ်ခုရှိတဲ့အနက် တပ်မဟာ(၅) ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရို၊ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၁) သထုံခရိုင်တို့၌ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ အဓိကဖြစ်ပွါးခဲ့ပါတယ်။
The Tanintharyi Times
