တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း အရပ်သား ၉ ဦးထက်မနည်း အသတ်ခံရ
တနင်္သာရီတိုင်းမှာ ဇူလိုင်လအတွင်း အရပ်သား ၉ ဦးထက်မနည်း အသတ်ခံရ
တိုက်ပွဲအတွင်းမဟုတ်ဘဲ ပစ်ခတ်ခံရမှုတွေ၊ သတ်ဖြတ်ခံရမှုတွေကြောင့် တနင်္သာရီတိုင်းမှာပြီးခဲ့တဲ့ ဇူလိုင်လအတွင်း သေဆုံးခဲ့တဲ့ အရပ်သား အရေအတွက်ဟာ စုစုပေါင်း ၉ ဦး ရှိခဲ့ပါတယ်။
သေဆုံးခဲ့သူတွေက စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူတွေပဲ ဖြစ်ပါတယ်။
အဲဒီဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းက ထားဝယ်ခရိုင်မြို့နယ် ၄ ခုဖြစ်တဲ့ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနဲ့ ရေဖြူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။
◉ ထားဝယ်မြို့နယ်
ဇူလိုင်လ ပထမပတ်မှာပဲ မြင်းမတ်တပ်ရွာက အသက် ၆၀ အရွယ် ဦးဟန်ဝင်းကို ရွာထဲကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့ပါတယ်။
◉ လောင်းလုံးမြို့နယ်
လောင်းလုံးမြို့နယ်မှာ ဆိုရင် စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးသူ အရပ်သား ၂ ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ ပျူစောထီးတစ်ဦး၊ ပျူစောထီးနဲ့နီးစပ်တယ်ဆိုတဲ့ ဝန်ထမ်းတစ်ဦးနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူတစ်ဦး စုစုပေါင်း ၅ ဦးရှိပါတယ်။
အဲဒီထဲက စစ်ကောင်စီတပ်လက်ချက်နဲ့သေဆုံးသူ အရပ်သားစာရင်းမှာ ခမောင်းတောင်ရွာက အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်ပါဝင်ပါတယ်။ သူက စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာပါ။
◉ သရက်ချောင်းမြို့နယ်
သရက်ချောင်းမြို့နယ်မှာတော့ ကဇိရွာကစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ ပိန်းတောရွာက ပျူစောထီးလို့ အမည်ထွက်နေသူဆိုတဲ့ အမျိုးသားတစ်ဦးတို့ ပစ်သတ်ခံခဲ့ရပါတယ်။
အဲဒီပစ်ခတ်မှုနှစ်ခုစလုံးဟာ ဘယ်အဖွဲ့၊ ဘယ်သူရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အခုအချိန်အထိ မသိရပါဘူး။
◉ ရေဖြူမြို့နယ်
ရေဖြူမြို့နယ်မှာ ကျောက်ကညှာရွာက ပျူစောထီးလို့ နာမည်ထွက်နေသူတစ်ဦး ဇူလိုင်လ တတိယပတ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ အဲဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကိုလည်း မသိရပါဘူး။
ဖော်ပြပါ အချက်အလက်တွေဟာ တနင်္သာရီတိုင်းမ်သတင်းဌာနက အတည်ပြုထားတဲ့အချက်အလက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ မြေပြင်မှာ တခြား ဖြစ်စဉ်တွေ ရှိနေနိုင်တဲ့အတွက် အရပ်သားအသတ်ခံရမှုက ဒီအချက်အလက်ထက် ပိုများနိုင်ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာနဲ့ စခန်းတွေမှာ ဝင်ရောက်ပစ်ခတ်မှုကြောင် သေဆုံးခဲ့တဲ့ လက်နက်ကိုင်ပျူစောထီးအရေအတွက်ကိုတော့ ဒီစာရင်းထဲမှာ ထည့်သွင်းမထားပါဘူး။
ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာလည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကအကြောင်းမဲ့ ပစ်သတ်ခဲ့တဲ့ အရပ်သားတွေ၊ တိုက်ပွဲဖြစ်နေချိန်ဖြတ်သွားလို့ပစ်ခတ်ခံရသူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့တဲ့ ပျူစောထီး၊ စစ်ကောင်စီသတင်းပေးနဲ့ လက်သည်မပေါ်ဘဲ ပစ်သတ်ခံရသူ ၁၆ ဦးထက်မနည်း ရှိခဲ့ပါတယ်။
The Tanintharyi Times
