ထိုင်းသံအမတ်ဟောင်းအသတ်ခံရမှု ဂယက်ရိုက်မှာကို ထိုင်းရောက်မြန်မာတချို့စိုးရိမ်နေ

ထိုင်းသံအမတ်ဟောင်းအသတ်ခံရမှု ဂယက်ရိုက်မှာကို ထိုင်းရောက်မြန်မာတချို့စိုးရိမ်နေ

ပုံစာ - အခင်းဖြစ်ပွားရာ ဘန်ကောက်မြို့ ချာတူချတ်ရှိ သံအမတ်ဟောင်း၏ နေအိမ် ဓာတ်ပုံ - Bangkok Post

မြန်မာလုပ်သားတစ်ဦးက သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားတဲ့ ထိုင်းနိုင်ငံသံအမတ်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ရိုက်ခတ်မှုရှိလာမှာကို ထိုင်းရောက်မြန်မာတချို့က စိုးရိမ်နေကြပါတယ်။

ထိုင်းနိုင်ငံသံအမတ်တစ်ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာလုပ်သားတစ်ဦးကို သံသယတရားခံအဖြစ်ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားပါတယ်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ဟောင်း Vichit Chitvimarn ဟာ ရင်ဘတ်မှာ ထိုးသွင်းဒဏ်ရာသုံးချက်နဲ့ သေဆုံးနေတာဖြစ်ပြီး သူ့ရဲ့အလောင်းကို ဘန်ကောက်မြို့၊ ချာတူချတ်ဒေသမှာရှိတဲ့ နေအိမ်ရဲ့ အိမ်သာထဲမှာ အောက်တိုဘာလ ၈ ရက်နေ့၊ မနက်ပိုင်းကတွေ့ ခဲ့ရတာပါ။

အဲဒီသေဆုံးမှုရဲ့တရားခံဟာ မြန်မာလုပ်သားတစ်ဦးဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားတာနဲ့ပတ်သက်ပြီး မြန်မာလုပ်သားတွေအပေါ်နောက်ဆက်တွဲရိုက်ခတ်မှုရှိလာမှာကို ထိုင်းရောက်မြန်မာတွေက စိုးရိမ်နေကြတာပါ။

“ဟိုးအရင်ကတည်းက ထိုင်းလူမျိုးကို နိုင်ငံခြားသားတွေကနေ လူသတ်မှုဖြစ်ပြီဆိုရင် ဖမ်းဆီးအရေးယူမှုတွေ တိုးမြှင့်လိုက်တာမျိုးရှိပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ချင်းမိုင်မှာ ထိုင်းကျောင်းသူလေး အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဥ်ဖြစ်ပြီးတော့လည်း ချင်းမိုင်က မြန်မာရွှေ့ပြောင်းလုပ်သား ရာချီအဖမ်းခံခဲ့ရတာမျိုး ရှိဖူးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ဒီအချိန်အတောအတွင်းမှာ မလိုအပ်ဘဲအပြင်ထွက်တာမျိုးတွေ မလုပ်စေချင်ပါဘူး၊ တကယ်လို့ထွက်ဖြစ်ရင်လည်း သတိထားသွားလာကြပါ” လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီပေးနေတဲ့ အသက်ကြီးပိုင်းအမျိုးသားတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။

ပုံမှန်အခြေအနေမျိုးမှာတောင်မှ ဖမ်းဆီးမှုတွေရှိနေတဲ့အချိန် အခုလိုမျိုးမှုခင်းဖြစ်လာတဲ့အတွက် စစ်ဆေးဖမ်းဆီးမှုတွေ ပိုပြီးလုပ်ဆောင်လာမှာကို စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။

“ဒီလိုကိစ္စတွေဖြစ်တိုင်း ထိုင်းမှာ နဂိုထက် ဖမ်းဆီးစစ်ဆေးတာတွေ တိုးမြှင့်လေ့ရှိတယ်၊ ကိုယ့်မြန်မာလူမျိုးတွေအတွက် စိုးရိမ်မိတယ်” လို့ ထိုင်းမှာ ဆယ်စုနှစ်တစ်ခုကျော်အကြာ နေထိုင်လာတဲ့ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ‌မောင်စိုင်းမြတ်မိုးဟာ သံအမတ်ဟောင်းအိမ်မှာ အိမ်တွင်းပြင်ဆင်မှုလုပ်ပေးနေတဲ့ ဆေးသုတ်သမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ လွတ်မြောက်နေတဲ့ သံသယတရားခံဟာ ဘန်ကောက်မြို့ မိုချစ်ကားဂိတ်မှတဆင့် ချင်းရိုင်ခရိုင်ကိုသွားပြီး မြန်မာနယ်စပ်ကို ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

The Tanintharyi Times