ထိုင်းနိုင်ငံက အိမ်ရှင်မိသားစုတစ်စု အသတ်ခံရမှု မှာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲစွပ်စွဲ
ထိုင်းနိုင်ငံက အိမ်ရှင်မိသားစုတစ်စု အသတ်ခံရမှု မှာ မြန်မာအလုပ်သမားသုံးဦးကို ထိုင်းရဲစွပ်စွဲ

ထိုင်းနိုင်ငံ တက်ခ် ခရိုင်က စိုက်ပျိုးရေးခြံတစ်ခုမှာ အိမ်ရှင်မိသားစုတစ်စုလုံး အသတ်ခံရမှုအတွက် မြန်မာ အလုပ်သမား သုံးဦးကို ရဲက သံသယ ရှိသူတွေအဖြစ် လိုက်လံဖမ်းဆီးနေတယ်လို့ ဘန်ကောက်ပိုစ့် သတင်းဌာနက ဒီကနေ့မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ဆယ်နှစ်၊ ခုနှစ်နှစ်၊ နဲ့ သုံးလ သားအရွယ် ကလေးငယ် သုံးဦးအပါအဝင် အသက် (၄၆)နှစ်အရွယ် ရှောင်း မန်ပါတနာခမ် နဲ့ သူ့မိန်းမ အသက် (၃၄) နှစ်အရွယ် ဂျား ဆမ်ဆိုးဝမ်း တို့ဖြစ်ကြပြီး တနင်္ဂနွေနေ့က အသတ်လိုက်ရတာ ဖြစ်နိုင်တယ်လို့ ဆွေးမျိုးတော်စပ် သူတွေဆီက သုံးသပ်ကြပါတယ်။
အသတ်ခံရတဲ့ မိသားစုဟာ ချင်းစိုက်ပျိုးရေး လုပ်ကိုင်ကြပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား တွေလည်း ငှားရမ်းထားတယ်လို့ ထိုင်းရဲ တပ်ဖွဲ့ရဲ့ ပြောကြားချက်ကို ဘန်ကောက်ပို့စ် သတင်းဌာန က ကိုးကားထားပါတယ်။
သေဆုံးသူ မိသားစုရဲ့ ရုပ်အလာင်းတွေကို ဗုဒ္ဓဟူးနေ့က နာ့ခီရိ ချောင်း (Nakhiri stream) အနားမှာ သေနတ်ဒဏ်ရာအချို့နဲ့ တွေ့ရှိခဲ့ကြတာပါ။ ဒါ့အပြင် ချင်းအပိုင်းအစတွေ ပါဝင်တဲ့ အနက်ရောင် ပလက်စတစ်အိတ်တွေနဲ့ ထုပ်ပိုးပြီး ပစ်ထားခဲ့တာ ဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က စုံစမ်းမှုတွေ ပြုလုပ်အပြီးမှာတော့ တရားခံတွေဟာ ချင်းစိုက်ပျိုးခင်းတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ ဖြစ်နိုင်တယ်လို့ သံသယရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
ဖမ်းဝရမ်းထုတ်ခဲ့တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမှုအရ သေဆုံးသွားတဲ့ အလုပ်ရှင် ရှောင်းဟာ အလုပ်သမားတွေကို နေ့စဥ်ဆူပူကြိမ်းမောင်းနေသူဖြစ်ပြီး သူပိုင်တဲ့ ပစ္စတိုတစ်လက်နဲ့ သတ်ပစ်မယ်လို့ အမြဲလိုလို ခြိမ်းခြောက်လေ့ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် စိုက်ပျိုးရေးအလုပ်ပါးချိန် သီးနှံသိမ်းတဲ့ ရာသီတွေမှာ အလုပ်သမားတွေကို အိမ်ပြန်ခွင့်ပိတ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ဆိုပါတယ်။
ဒါပေမဲ့ နောက်ထပ်သံသယ ဖြစ်ဖွယ်အနေနဲ့ သေဆုံးသူ အမျိုးသမီး ဂျားနဲ့ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ နှစ်ဦးကြား ပဋိပက္ခတစ်ခု ရှိခဲ့တဲ့အပြင် ရှောင်းဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
Ref: Bangkok Post
The Tanintharyi Times