သရက်ချောင်းက စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတွေ ထွက်ပြေး
သရက်ချောင်းက စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားတွေ ထွက်ပြေး
ထားဝယ်-မြိတ်ကားလမ်းပေါ်က စစ်ကောင်စီဂိတ်ကို လက်နက်ကြီးအများအပြားနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာနဲ့ ပန်းပြင်ရွာကြားက ဥတ္တူတံတားစစ်ဆေးရေးဂိတ်ကို မနေ့က ည ၉ နာရီလောက်မှာ ၆၀ မမလက်လုပ်လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရတယ်။
အဲဒီလိုပစ်ခတ်ချိန် လက်နက်ကြီးကျည် ၇ လုံးထက်မနည်း ဂိတ်စခန်းထဲကိုကျရောက်ပေါက် ကွဲခဲ့လို့ ဆိုပါတယ်။
“လက်နက်ကြီးတွေ သေနတ်တွေနဲ့ပြန်ပစ်သေးတယ်။ စခန်းထဲလက်နက်ကြီးတွေ ကျသွားတော့ လုံးဝပြန်မပစ်တော့ဘူး။ အကုန်ထွက်ပြေးတာပဲ” လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းထဲကထွက်ပြေးသွားပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်တွေကတော့ လူအင်အားနဲ့ တခြားမြေပြင် အခြေအနေတွေကြောင့် စခန်းထဲကို ဝင်ရောက်သိမ်းပိုက်တာမျိုး မလုပ်နိုင်ခဲ့ဘဲ နာရီဝက်ခန့်အကြာမှာပဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ရဲဘော်ကဆက်ပြောပါတယ်။
စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ သူတို့စခန်းအနီးက ပန်းပြင်ရွာ၊ ညောင်ပင်ကြီးတဝိုက်မှာ တစ်ညလုံးလာခိုနေတယ်လို့ ဂိတ်အနီးအနားကဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဂိတ်စခန်းထဲက ၁၂၀ မမလက်နက်ကြီးအထိုင်တစ်ခုပျက်စီးသွားတယ်လို့ သိရပေမယ့် စစ်ကောင်စီတပ်သား ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ခိုက်ခံရတဲ့စခန်းကို စစ်ကောင်စီတပ်သားတွေ ပြည်လည်ရောက်ရှိနေကြတယ်လို့ သိရပါတယ်။
အဲဒီဂိတ်စခန်းဟာ ဘန်ကာတွေအခိုင်အမာနဲ့တည်ဆောက်ထားတဲ့စခန်းဖြစ်ပြီး အင်အား ၁၂ ဦးခန့်ကပုံမှန်တပ်စွဲထားတဲ့နေရာဖြစ်ပါတယ်။ သူတို့ဟာ လမ်းသွားလမ်းလာတွေကိုစစ်ဆေးတာ၊ ငွေကြေးတောင်းခံတာတွေပြုလုပ်နေသလို အရပ်သားတွေကို အကြောင်းမဲ့ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ဖြစ်စဥ်တွေလည်းရှိခဲ့ဖူးပါတယ်။
အခုလ ၂၅ ရက်နေ့ကလည်း သရက်ချောင်းရဲစခန်းနဲ့ ရောင်းမော်ရွာက ပျူစောထီးစခန်းတို့ကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ DDT အဖွဲ့နဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းတို့က ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်ဘက်က ၆ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သရက်ချောင်း ပကဖ ကထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
