ဇွန်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းနီးပါးရှိ
ဇွန်လအတွင်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းနီးပါးရှိ
စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ၊ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် စစ်ရှောင်ရနေရတဲ့ ပြည်သူအရေအတွက်ဟာ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဇွန်လအတွင်း သုံးသောင်းနီးပါးရှိခဲ့တယ်လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒေါနတနင်္သာရီက ရရှိထားတဲ့ အချက်အလက်တွေအရ ထားဝယ်မြို့နယ်မှာ အမြဲတမ်းစစ်ဘေးရှောင် ၃၅၈ ဦး၊ ရေဖြူမြို့နယ်မှာ ၅၀ ခန့်၊ သရက်ချောင်းမြို့နယ်က ဒေသခံပြည်သူ ၂၀၀၀ နီးပါး၊ လောင်းလုံးမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၅၀၀၀ ခန့်၊ ပုလောမြို့နယ်မှာ အမြဲတမ်းစစ်ရှောင် ၂၆၀၀ ကျော်နဲ့ ယာယီစစ်ရှောင် ၁၀၀၀၀ ကျော်၊ တနင်္သာရီမြို့နယ်မှာ ၆၀၀၀ ကျော် ရှိနေပါတယ်။
ထားဝယ်မြို့နယ်မှာဆိုရင် နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ပခပ်ရွာ၊ ရမ္မဇူရွာ၊ သရက်ငုတ်ရွာ၊ လိပ်ကြယ်ပြောင်ရွာ၊ သင်္ကန်းတုံးရွာ၊ ဝကုန်းရွာ စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး တချို့က နေရပ်ပြန်နိုင်ကြပေမဲ့ တချို့ကတော့ စစ်ဘေးရှောင်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
အလားတူ အကြောင်းပြချက်တွေကြောင့် ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာအုပ်စုက ဒေသခံတွေလည်း စစ်ဘေးရှောင်နေရတာပါ။
စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့တာ၊ အရပ်သားတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ စတဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် သရက်ချောင်းမြို့နယ်ထဲက ဥတ္တူရွာ၊ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိရွာ၊ ကတွဲ၊ ဆိပ်ချောင်း၊ ကညင်ချောင်း၊ အောက်သရက်ချောင်း စတဲ့ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ဒေသခံ ၂၀၀၀ နီးပါးကတော့ စစ်ဘေးရှောင်နေရနေဖြစ်တယ်လို့ သိရပါတယ်။
သရက်ချောင်းမြို့နယ်ထဲက ဝောာင်ပျောက်တိုက်နယ်ကိုတော့ စစ်ကောင်စီက ရိက္ခာ၊ ဆက်သွယ်ရေးနဲ့ ကူးသန်းသွားလာတာတွေကို ဖြတ်တောက်တင်းကြပ်ထားဆဲဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လက နေအိမ် ၁၅၀ ကျော်မီးရှို့ ခံခဲ့ရတဲ့ အောက်ကျောက်ဝပ်ကျေးရွာနဲ့ ညောပြင်ကျေးရွာက ဒေသခံ ၅၀၀၀ ခန့်ကတော့ အမြဲတမ်းစစ်ရှောင်အနေနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်မှာလည်း လစဉ်တိုက်ပွဲရှိနေပြီး နေရပ်မပြန်နိုင်တဲ့ ဒေသခံတွေအနေနဲ့ နီးစပ်ရာခြံတွေနဲ့ ရွာတွေမှာ ဆက်လက်စစ်ဘေးရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
တနင်္သာရီကတော့ အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ ညောင်ပင်ကွင်း၊ ပဝ စတဲ့ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ပြေးခဲ့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါမြို့နယ်မှာ ပြီးခဲ့တဲ့လအတွင်း နှစ်ဖက်စစ်ရေးတင်းမာခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း အရပ်သားနေအိမ်တွေရှိတဲ့ နေရာတွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ အကြိမ်ကြိမ်ပစ်ခတ်ခဲ့ပါတယ်။
စစ်ရှောင်တွေရဲ့အခက်ခဲနဲ့ပတ်သက်လို့ ဒေါနတင်္သာရီ-စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ “အမြဲတမ်းစစ်ရှောင်တွေကရေရှည်အတွက် ခက်ခဲတာရှိသလို ယာယီစစ်ရှောင်တွေကလည်း တောထဲတောင်ထဲအကူအညီရဖို့ ခက်ခဲနေကြရပါတယ်။” လို့ ပြောပါတယ်။
တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူအရေအတွက်ဟာ ပုံမှန်အရေအတွက်မရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်တာ၊ တိုက်ပွဲဖြစ်တာ စတဲ့ အခြေနေတွေပေါ်မူတည်းပြီး ပြောင်းလဲ မှုရှိတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလကတော့ တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်ပြည်သူသုံးသောင်းကျော်ရှိခဲ့ပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP မြန်မာရဲ့ထုတ်ပြန်ချက်တွေအရ စစ်အာဏာသိမ်းပြီးနောက် အခုနှစ်ဧပြီလ ၂၀ ရက်နေ့အထိ ပြည်တွင်းစစ်ပြေးဒုက္ခသည်အရေအတွက်ဟာ နှစ်သန်းကျော်ရှိတယ်လို့ ပြီးခဲ့တဲ့ မေလက အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
The Tanintharyi Times
