တော်လှန်ရေးထဲက နေဝန်းနီတို့ သားအဖ (သို့) The Son of the War

တော်လှန်ရေးထဲက နေဝန်းနီတို့ သားအဖ (သို့) The Son of the War

လသာတဲ့ညတစ်ည၊ သေနတ်ကိုယ်စီ ကိုင်ထားတဲ့ စစ်သား ငါးယောက်၊ တောနက်ထဲကနေ ဖြတ်လမ်းအတိုင်း သွားချိန်မှာ အလောင်းတွေ အထပ်လိုက် တွေ့လိုက်ရတယ်။

ပုံနေတဲ့ အလောင်းတွေအနားကနေ ထွက်လာတဲ့အသံတစ်ခု၊ ခပ်သဲ့သဲ့ကြားလိုက်တဲ့အခါမှာတော့ အဖွဲ့ဝင်တစ်ယောက်ဟာ သေနတ်ကိုအသင့်ချိန်ပြီး အသံလာရာဆီ တိုးသွားတယ်။

အလောင်းပုံကြားထဲမှာ ထိုင်နေတဲ့ မိန်းကလေးငယ်လေး၊ သေဆုံးနေပြီဖြစ်တဲ့ မိခင်ရဲ့လက်ကို ကိုင်ရင်း ငိုနေတဲ့ ကလေးငယ်လေး။

ကမ်းပေးလိုက်တဲ့ စစ်သားရဲ့ လက်နှစ်ဖက်လုံးကို ကလေးငယ် ဖမ်းဆုပ်လိုက်တဲ့အချိန်ကစလို့ သူတို့နှစ်ဦးကြားမှာ သားအဖဆက်ဆံရေး စတင်ခဲ့တော့တာပါပဲ။

ဒါက The Daughter of the War ရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်က ၁၉၅၀ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ ကိုးရီးယား စစ်ပွဲအတွင်းက ဖြစ်ရပ်မှန် ဇတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါ။

ကိုးရီးယားစစ်ပွဲကို ကုလသမဂ္ဂ အစီအစဉ်နဲ့ ရောက်လာတဲ့ တူရကီစစ်သား ဆူလီမန်နဲ့ စစ်ပွဲတွေကြောင့် မိဘမဲ့ဖြစ်ခဲ့ရတဲ့ ၅ နှစ်အရွယ် ကိုးရီးယားကလေးငယ် အိုင်လာတို့ အကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်က ဖြစ်ခဲ့တဲ့ ဒီဇာတ်လမ်းမျိုး မြန်မာပြည် နွေဦးတော်လှန်ရေးမှာလည်း တဖန် ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

ပြည်သူ့တော်လှန်ရေးရဲဘော်ကိုနေဝန်းတို့တတွေ မောင်နေဝန်းနီကို စတင်တွေ့ရှိပုံက ရုပ်ရှင်ထဲကလိုအလောင်းတွေကြားထဲမှာတော့ မဟုတ်ပါဘူး။

ပုလောမြို့က ကဒဲရွာတံတားအကွေ့ ချောင်းလေးနဘေးမှာ စတွေ့ခဲ့ကြတာပါ။ လူ့လောကကို ရောက်လာတာ ရက်ပိုင်းလောက်သာရှိဦးမယ့် နီတာရဲကလေးငယ်လေးရဲ့ ငိုသံကို သူတို့တပ်ဖွဲ့ဝင်တွေ စကြားခဲ့ကြတယ်။

“သူတို့ စကားပြောစက်နဲ့ အော်နေတာ ကြားတယ်။ ကျနော်က၊ လမ်းမှာ။ ကလေးတစ်ယောက် လာပစ်ထားတာ တွေ့တယ်တဲ့။ ဘယ်လိုလုပ်ရမလဲဆိုတော့ ဘာမှလုပ်မနေနဲ့ ဒီတိုင်းယူလာခဲ့လိုက်၊ ငါတို့ မွေးစားမယ်၊ မင်းတို့ ယူလာခဲ့လိုက်”လို့ ကလေးငယ်စတွေ့ချိန်က အဖြစ်အပျက်ကို ကိုနေဝန်းက ပြန်ပြောပြပါတယ်။

ကိုနေဝန်းတို့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကွဲမှုအောက်မှာရှိတဲ့ တနင်္သာရီတိုင်း၊ တောင်ပိုင်းစစ်ဌာန၊ မြိတ်ခရိုင် တပ်ရင်း (၁) က တပ်ဖွဲ့ဝင်တွေပါ။

ကလေးလေးကို သူတို့စတွေ့တာက အခုလ ၃ ရက်နေ့ ညနေပိုင်းအချိန်။

လူ့လောကကို‌ ရောက်လာတာ ၄၅ ရက်လောက်တောင် မပြည့်သေးတဲ့အရွယ်၊ ကလေးငယ်လေးမှာ နေလောင်ထားတဲ့ ဒဏ်တွေနဲ့ ပိုးမွှားကိုက်ထားတဲ့ ဒဏ်ရာတွေ ရှိနေတယ်လို့ ကိုနေဝန်းက ပြောပြတယ်။

ကာကွယ်ရေးနဲ့ တော်လှန်‌ရေးတာဝန်တွေ ထမ်း‌ဆောင်နေရတဲ့ လူပျိုလူလွတ်တစ်ယောက်လည်း ဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် ကိုနေဝန်းအတွက် ရက်သားကလေးငယ်လေးကို စောင့်ရှောက်ဖို့က စိတ်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကိုနေဝန်းတို့တတွေဟာ ကလေးကို ပြုစုစောင့်ရှောက်ပေးဖို့ ကဒဲရွာ စစ်ရှောင်စခန်းက အသက် ၃၀ ကျော် အရွယ် အမျိုးသမီးတယောက်ဆီ အပ်ထားလိုက်ကြတယ်။

ကလေးငယ်လေးက မိဘက စွန့်ပစ်လိုက်ပေမဲ့ စစ်ရှောင်အမျိုးသမီးနဲ့ အတူ ရွာခံတွေကလည်း စောင့်ရှောက်ပေးကြ၊ ကလေးနို့တိုက်မိခင်တွေ ကလည်း ဝိုင်းကြည့်ပေးကြနဲ့ ဂရုစိုက်ပေးသူတွေ ဝိုင်းနေလို့ မောင်ကံကောင်းလို့ သူတို့ခေါ်ကြတယ်။

မောင်ကံကောင်းလေးမှာ ဒီနာမည်တစ်ခုတည်း ပိုင်ဆိုင်တာ မဟုတ်ပါဘူး၊ သူ့မှာ နာမည်အများကြီး ရှိသေးတယ်လို့ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ဟိုရဲဘော်က ဟိုနာမည် ပေးလိုက်၊ ဒီရဲဘော်က ဒီနာမည်ပေးလိုက်နဲ့ နာမည်အတည်တကျတော့ မရွေးရသေးဘူး‌ဗျ။ ကျနော်ဆိုလည်း ကျနော့်နာမည်ပါတဲ့ နာမည်လေးတွေ နေဝန်းနီတို့ နေညိုတို့ အဲလိုခေါ်တာပေါ့။ သူတို့လည်း သူတို့နာမည်ပါတာလေး ထည့်ခေါ်တယ်”လို့ ကိုနေဝန်းက ပြောပြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်တဲ့ တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်တဲ့ စစ်သားဖြစ်သွားကြတဲ့ သူတွေတတွေဟာ စစ်ရေးစစ်ရာအကြောင်းကိုသာ အများအားဖြင့် ပြောဆိုကြပေမယ့် မောင်ကံကောင်း ရောက်လာပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်အနာဂတ်နဲ့အတူ မောင်ကံကောင်းရဲ့ အနာဂတ်ကိုပါ သူတို့ ဆွေးနွေးနေရပါပြီ။

ကလေးကို ဘယ်လိုမွေးစားမယ်၊ စောင့်ရှောက်တဲ့အခါမှာ အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ကြမယ်ဆိုတာအပြင် နောင်တချိန်မှာ ဒီကလေး‌လေးကို ဘယ်သူက အပိုင်မွေးရမလဲဆိုတာပါ စဉ်းစား ဆုံးဖြတ်ကြတယ်လို့ ဆိုပါတယ်။

ကလေးရဲ့ မိခင်ရင်းဖခင်ရင်းတွေ ပေါ်လာရင်လည်း ဘယ်လို စီစဉ်ပေးမလဲဆိုတာတွေပါ ထည့်သွင်း စဉ်းစားထားတယ်လို့ ကိုနေဝန်းက ရှင်းပြပါတယ်။

ဒီစဉ်းစားချက်တွေက တပ်ဖွဲ့ဝင်အများစုရဲ့ဆုံးဖြတ်ချက်ဖြစ်ပေမယ့် သူတစ်ယောက်တည်း အနေနဲ့ဆိုရင် တော့ မောင်ကံကောင်းကို သူ့ရဲ့အိမ်ပြန်ခရီးမှာ အတူ ခေါ်သွားပြီး အကောင်းဆုံး ပြုစုစောင့်ရှောက် ပေးချင်တာလို့ ဆိုပါတယ်။

“ကလေးလေးက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ အရွယ်ရောက်ရင်တော့ သူ့သဘော သူ့ဆုံးဖြတ်ချက်အတိုင်းပဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေးမှာပေါ့။”လို့ ရယ်ရင်းနဲ့ သူက ဆက်ပြောပါတယ်။

နိုင်ငံတစ်ခုလုံး မငြိမ်မသက်ကာလ၊ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ရှုပ်ထွေးနေတဲ့ အခုလို စစ်ပွဲတွေ အတွင်းမှာ စွန့်ပစ်ခံကလေးငယ်တစ်ယောက်ကို မွေးစားဖို့ တော်လှန်ရေးရဲဘော်တွေ ဆုံးဖြတ်ရတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

မြိတ်ခရိုင် တပ်ရင်း (၁) က ကိုနေဝန်းတို့ရဲ့အဖြစ်အပျက်ကို သတင်းတွေမှာဖော်ပြတဲ့အခါ ထောက်ခံကြသူတွေ ရှိသလို တခြားနည်းလမ်းရွေးဖို့ အကြံပြုသူတွေ လည်း ရှိလာကြပါတယ်။

ထားဝယ်အခြေစိုက်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုက အမျိုးသမီးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ကလေးအတွက် နောက်ပိုင်းကနေ လိုအပ်တာ ပံ့ပိုးပေးတာမျိုးပဲ လုပ်စေချင်ပြီး ကလေးနဲ့ သင့်တော်တဲ့ ပတ်ဝန်းကျင်ကောင်း တစ်ခုမှာ ရှင်သန်စေချင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

အစစအရာအရာမှာ အစိုးမရတဲ့တော်လှန်ရေးရဲဘော် ဖြစ်နေတာအပြင်၊ ကလေးကို သေချာပြုစု ဂရုစိုက်ပျိုးထောင်ပေးဖို့အတွက် မပြည့်စုံမှုတွေ၊ လုံခြုံမှုတွေ အားနည်းနေတာတွေကြောင့် စခန်းမှာမွေးထားမယ့်အစား ကလေးအတွက် ဘေးကင်းပြီး ပိုသင့်တော်မယ့်နေရာတစ်ခုကို ပို့တာ၊ အပ်နှံ့တာမျိုးလုပ်စေချင်တယ်လို့ အဲဒီအမျိုးသမီးတပ်ဖွဲ့ဝင်က ထောက်ပြပါတယ်။

နိုင်ငံ့အာဏာကိုလုယူခဲ့တဲ့စစ်တပ်ကို လက်နက်ကိုင်ပြီး တော်လှန်နေကြတဲ့ နှစ်နှစ်တာကာလအတွင်းမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ပွဲအတွင်းကောက်ရတဲ့ ခွေးလေးတွေမွေးမြူပြီး သံယောဇဉ်တွယ်ကြတဲ့ ဇတ်လမ်းတွေ အများအပြားတွေ့ဖူးခဲ့ပေမယ့် ကလေးကောက်ယူမွေးစားတဲ့ အဖြစ်အပျက်မျိုးကတော့ မကြားဖူးသလောက်ပါပဲ။

သာမန်အချိန်မှာတောင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒီလိုကာလမှာ ကလေးတစ်ယောက်ကို မွေးစားဖို့ဆုံးဖြတ်ကြတဲ့ ကိုနေဝန်းတို့တတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကတော့ အသင့်ရှိနေမှာ အသေအချာပါပဲ။

အခုလည်း မောင်ကံကောင်း ခေါ် မောင်နေဝန်းနီလေးမှာ မွေးရာပါ နှုတ်ခမ်းကွဲတာမျိုးလေး ပါလာပါတယ်။

တော်လှန်ရေး တပ်ဖွဲ့ဝင် ဆေးမှူးဆရာမက ကလေးရဲ့ကျန်းမာရေး စစ်ဆေးပေးတဲ့အခါမှာတော့ နှုတ်ခမ်းကွဲ လက္ခဏာပြပေမယ့် လျှာတိုနေတာ အာခေါင်ကွဲနေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

အာခေါင်ကွဲတာ မဟုတ်ရင်တော့ က‌လေးငယ်လေးရဲ့ နှုတ်ခမ်းကွဲကို ၆ လလောက်ဆို ကုသလို့ရပြီ လို့လည်း ဆရာဝန်က ပြောထားပါတယ်။

ကိုနေဝန်းကတော့ ဒီအတွက်အတွက် အကောင်းဆုံးဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားပုံပါပဲ။

“ကလေးလေးက နေ့နဲ့ညနဲ့ မှားနေတယ်တဲ့။ နေ့ဆို အိပ်ပြီးတော့ ညဆို ငိုတယ်။”လို့ ပြောရင်း အပင်ပန်းခံ စောက်ရှောက်ပေးနေတဲ့ စစ်ရှောင်အမျိုးသမီးကို သူကကျေးဇူးတင်နေပါတယ်။

နေဝန်းနီ (သို့) နေညိုလို့ သူ့နာမည် ထည့်မှည့်ထားတဲ့ ဒီကလေးရဲ့ ကျန်းမာရေး ကောင်း ကောင်းမွန်ရှိနေတာနဲ့ ကလေးငယ်ရဲ့အကြောင်းကို ပြောချိန်မှာတော့ ကိုနေဝန်းတစ်ယောက် စိတ်အားထက်သန်နေသလို ပျော်ရွှင်ရယ်‌မောနေခဲ့ပါတယ်။

နေဝန်းနီရဲ့ အဖေဖြစ်ဖို့ ဆုံးဖြတ်ထားသူ ကိုနေဝန်းဟာ တူရကီ စစ်သား ဆူလီမန်နဲ့ ကိုးရီးယားကလေးငယ် အိုင်လာတို့ရဲ့ The Daughter of the War ရုပ်ရှင်ကို မကြာသေးမီကမှ ကြည့်ထားတာပါ။

တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်နေရင်း ဒီလိုအတွေ့အကြုံမျိုး ကြုံလာရလိမ့်မယ်လို့ သူတခါမှ မမျှော်လင့်ထားခဲ့ပါဘူး။

“တိုက်ဆိုင်တာ ရုပ်ရှင်ထဲမှာလည်း ရှိသလို အပြင်မှာလည်း တကယ်ကြုံရတာပဲ။” လို့ သူက ပြောပါတယ်။

ကလေးကို တွေ့ရှိခဲ့တဲ့ ပုလောမြို့နယ်၊ ကဒဲရွာမှာ ဒီလို ကလေးစွန့်ပစ်တဲ့အဖြစ်အပျက်မျိုး အရင်က မရှိခဲ့ဖူးပါဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံရွာသားတွေကတော့ စစ်ဘေးစစ်ဒဏ်ကြောင့် ကလေးကို စွန့်ပစ်တာ မဟုတ်ဘူးလို့ ထင်ကြေးပေးခန့်မှန်းကြပါတယ်။

စစ်ရှောင်နေရတဲ့ အခြေအနေကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေပေမယ့် ကလေးစွန့် ပစ်သူတွေဟာ စစ်ရှောင်ပြည်သူတွေမဟုတ်သလို မည်သူမည်ဝါဆိုတာလည်း သိတယ်လို့ ကိုနေဝန်းက ပြောပါတယ်။ ဒါပေမဲ့ မပတ်သက်ချင်တာကြောင့် တစုံတရာ ထုတ်ဖော်ပြောဆိုတာတွေ မလုပ်တော့ဘူးလို့ သူက ဆက်ပြောခဲ့တယ်။

မြိတ်တပ်ရင်း (၁) လှုပ်ရှားနယ်မြေထဲမှာပါတဲ့ ပုလောမြို့နယ်က စစ်ရေးအတင်းမာဆုံး ဒေသတစ်ခုပါ။ စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီလမှာ တနင်္သာရီတိုင်းထဲက မြို့နယ်နှစ်ခုကို စစ်အုပ်ချုပ်ရေး သတ်မှတ်ခဲ့ပါတယ်။ အဲဒီမြို့နယ်နှစ်ခုထဲမှာ မောင်ကံကောင်း (ခေါ်) မောင်နေဝန်းနီလေးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ပုလောမြို့နယ်ပါပါတယ်။

ပုလောမြို့နယ်ထဲမှာ ပလ၊ ပုလောနဲ့ ပလောက်ဆိုပြီး မြို့သုံးမြို့ရှိတဲ့ အထဲက ပလောက်က လွဲရင် ကျန်နှစ်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ကျည်ဖောက်သံ မကြားရတဲ့လဆိုတာ မရှိသလောက်ပါပဲ။

အရပ်သားဖမ်းဆီးခံရမှုတွေ၊ သတ်ဖြတ်ခံရမှု၊ နေအိမ်မီးရှို့ခံရတာနဲ့ မိုင်းနင်းမိပြီး အရပ်သားသေဆုံးတာ၊ လက်နက်ကြီးကျည်ထိမှန်သေဆုံး၊ ဒဏ်ရာရတာ စတဲ့ အဖြစ်အပျက်တွေကလည်း လစဉ် ရှိနေခဲ့တာပါ။

ပြည်သူ့ကာကွယ်‌ရေးတပ်တွေကတော့ မြို့ပေါ်နေရာတွေကလွဲရင် ပုလောမြို့နယ်မှာ နေရာအများစုကို ထိန်းချုပ်နိုင်ပြီလို့ အခုနှစ် မေလမှာပဲ မြိတ်ခရိုင် တပ်ရင်း(၁) ရဲ့ တပ်ရင်းမှူး ဦးကျော်က တနင်္သာရီတိုင်းမ်ကို ပြောထားပါတယ်။

အခုလပိုင်းအစမှာတော့ ပု‌လောမြို့ကို စစ်ကောင်စီတပ်က အင်အား ၄၀၀ လောက်နဲ့ ဖြန့်ကျက်ထားသလို ကျေးရွာတွေမှာလည်း စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပါတယ်။ ပင်လယ်ကမ်းစပ်မြို့ဖြစ်တဲ့အတွက် ရေလမ်းကိုလည်း သွားလာခွင့် ဖြတ်တောက်တာတွေ လုပ်ခဲ့ပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေဘယ်လောက် ဖိစီးဖိစီး ကိုနေဝန်းကတော့ မောင်ကံကောင်းလေးကို မွေးစားဖို့ စိတ်ဆုံးဖြတ်ထားသလို ကလေးလေးကို စတွေ့ခဲ့တဲ့ ထောက်ပို့တပ်သားတွေကလည်း မွေးစားဖို့ စိတ်ဆန္ဒရှိနေကြပါတယ်။

“သူလည်း ရှင်သန်ဖို့ အခွင့်အရေးရှိတယ်” လို့ ကိုနေဝန်းက ပြတ်ပြတ်သားသား ပြောပါတယ်။

အာဏာမသိမ်းခင်အချိန်ကဆိုရင် ကိုနေဝန်းဟာ ပုလောမြို့နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်း၊ အလူမီနီယံ မျက်နှာကျက် အလှဆင်တဲ့ အလုပ်တွေကို လုပ်တဲ့သူ၊ ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကူးရေးတွေကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

အာဏာရှင်တော်လှန်ရေးကို စတင်ချိန်မှာတော့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးလို့ သူ့ဘဝနဲ့ ဝင်ငွေရလမ်းတွေကို အကုန် စွန့်ခဲ့တယ်။

အာဏာရှင်တော်လှန်ရေး နှစ်နှစ်ကျော်ကာလရောက်ချိန်မှာပဲ သွေးသားမတော်စပ်တဲ့ ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ကြီးထွားဖို့ ပြုစုစောင့်ရှောက်လိုတဲ့ ဆုံးဖြတ်ချက် တစ်ခုပါ ကိုနေဝန်းမှာ ရှိနေပါပြီ။

၁၉၅၀ အောက်တိုဘာက ကိုးရီးယားနိုင်ငံ ဘူဆန်မှာ ဆူလီမန်က အိုင်ယာရဲ့ အဖေ ဖြစ်ခဲ့သလို ၂၀၂၃ ခုနှစ် အောက်တိုဘာမှာတော့ ကိုနေဝန်းနဲ့ ရဲဘော်တသိုက်က နေဝန်းနီ (မောင်ကံကောင်း) ရဲ့ အဖေတွေ ဖြစ်လာခဲ့ပါပြီ။

The Daughter of the War မှာ အနှစ် ၆၀ ကြာဝေးကွာသွားခဲ့ရတဲ့ သားအဖနှစ်ဦး ၂၀၁၀ ခုနှစ်မှာ ပြန်ဆုံရတဲ့ မြင်ကွင်းကို ပုံဖော်ခဲ့သလို ကိုနေဝန်းနဲ့ နေဝန်းနီတို့ သားအဖလည်း အာဏာရှင်စနစ် ပပျောက်သွားတဲ့ ဖက်ဒရယ်တိုင်းပြည်သစ်မှာ အလူမီနီယံ မျက်နှာကျက်တွေ အလှဆင်ရင်း၊ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေ ရိုက်ကူးရင်း နေထိုင်သွားမယ့် ဘဝဖြတ်သန်းမှုတစ်ခု ဘယ်နှစ်၊ ဘယ်ကာလမှာ ရောက်ရှိလာမလဲဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေဆဲ မောင်နေဝန်းနီရဲ့ အဖေ ကိုနေဝန်းကတော့ “ဘဝဆိုတာ လူလူချင်း ကူညီရိုင်းပင်းဖို့ပဲလေ၊ အဲဒီအတိုင်းပဲ ဖြစ်စေချင်တယ်ဗျ” လို့ ဆိုပါတယ်။

ကွန်းဟဒေ့

The Tanintharyi Times