“တနေ့တာ မြန်မာ”
“တနေ့တာ မြန်မာ”
အောက်တိုဘာ ၂၃ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
“မြန်မာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု ထိပ်ဆုံးမှာ ဆက်ရှိနေ”
မြန်မာမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မြန်မာပြည်တွင်းကနေ ထွက်ခွာနေပေမဲ့ တရုတ်ဟာ မြန်မာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နေတယ်လို့ အာဆီယံဒေသတွင်းက ရင်းနှီးမြှုပ်နှံမှုတွေ အကြောင်းဖော်ပြတဲ့ Asean Briefing က ဖော်ထုတ်ထားတယ်လို့ဘီဘီစီသတင်းအရ သိရပါတယ်။ ကန်ဒေါ်လာ ၂၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၆၀၀ နီးပါးမှာ တရုတ်က ရင်းနှီးမြှုပ်နှံတာဖြစ်ပြီး အများစုဟာ လျှပ်စစ်ကဏ္ဍမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒီပမာဏဟာ မြန်မာမှာပြည်ပရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ပမာဏရဲ့ ၂၃ ရာခိုင်နှုန်းအထိရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ဆိုရင် စစ်ကောင်စီဟာ ပြည်ပရင်းနှီးမြှုပ်နှံမှု ၅.၇ ဘီလျံအထိ အတည်ပြုပေးခဲ့ပြီး အဲဒီထဲက ၃ ဘီလျံဟာ တရုတ်ကဖြစ်တယ်လို့ ISP Myanmar ရဲ့ အချက်အလက်ကိုလည်း ကိုးကားဖော်ပြပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်း(CMEC) အောက်က အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ဆိပ်ကမ်းနဲ့ မီးရထားလမ်းပိုင်းဆိုင်ရာတွေကို လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
“ပြည်ထဲရေးဝန်ကြီးဟောင်း ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် ပြန်လည်စစ်ဆေးခံနေရ”
ရာထူးက အနားပေးခံထားရတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းကို နေအိမ်အကျယ်ချုပ်နဲ့ ပြန်လည်စစ်ဆေးနေပြီး ဆက်စပ်ရဲမှူးကြီးတချို့လည်း စစ်ဆေးခံနေရတယ်လို့ မြန်မာနောင်းကဖော်ပြပါတယ်။ စစ်ခေါင်းဆောင် ရဲ့လူယုံတစ်ဦးဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဟောင်းဟာ ပြီးခဲ့တဲ့လကုန်ပိုင်းက ရာထူးမှ အနားပေးခံရပြီး မူလစစ်ဘက်တာဝန် ပြန်လည်ထမ်းဆောင်စေခဲ့ပါတယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့ဝင်ထမ်းတွေရဲ့ ယူနီဖောင်းကစပြီး ဝန်ကြီးဌာနတစ်ခုရဲ့ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အလွဲသုံးစားပြုလုပ်တာ၊ ကျပ်သိန်းဆယ်ဂဏန်းယူပြီး နိုင်ငံကူးလက်မှတ်လုပ်ပေးတာ၊ စီးပွါးရေးလုပ်ငန်းရှင်တွေထံမှ သိန်းထောင်ချီရယူတာတွေကြောင့် ပြည်ထဲရေးဝန်ကြီးဟောင်းကို ပြန်လည်စစ်ဆေးတယ်လို့ ဆိုပါတယ်။
“မှော်ဘီလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ အပစ်ခံရ”
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မှော်ဘီလေတပ်စခန်းကို မနေ့ ည ၉ နာရီ ဝန်းကျင်မှာ ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Urban Special Operation (U.S.O) အဖွဲ့က ထုတ်ပြန်ပါတယ်။ ပေါက်ကွဲသံ သုံးချက်ကြားခဲ့ရပြီး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု ဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဘက်က အနီးပတ်ဝန်းကျင်ကို စစ်ဆေးမှုတွေ ရှိတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ တိုင်းရင်းသားဒေသတွေနဲ့ ပြည်သူတွေကို လေကြောင်းသုံးတိုက်ခိုက်နေတာကြောင့် အခုလိုတိုက်ခိုက်ရတာလို့လည်း U.S.O က ပြောထားပြီး စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေအပြင် ပတ်သက်ဆက်နွယ်တာတွေကို စစ်ရေးပစ်မှတ်အဖြစ် စစ်ဆင်ရေးဖော်ဆောင်မယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။
“ရေးမြို့နယ်မှာ KNLA/PDF ပူးပေါင်းတပ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် လေးဦးသေ”
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အပြင်စခန်းကြီးကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု PDF တောင်ပိုင်းတိုင်း စစ်ဒေသခွဲ(၃)ဒုစစ်ဒေသခွဲမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။ မနေ့က၂၂ ရက် နေ့လည်ပိုင်းမှာ စစ်ကောင်စီတပ်က အင်အား ၂၀ခန့်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာပါ။ တိုက်ပွဲမှာ ၁၀မိနစ်ခန့်သာ ကြာမြင့်သော်လည်း စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
“တိုင်းရင်းဆေးပညာလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ စစ်ကောင်စီကို အိန္ဒိယတိုက်တွန်း”
မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား တိုင်းရင်းဆေးပညာဆိုင်ရာ သင်ကြားရေးနဲ့ သုတေသနလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ပူးတွဲလုပ်ငန်းအဖွဲ့ဖွဲ့စည်းဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vinay Kumar က စစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်လို့ RFA က ဖော်ပြပါတယ်။ မန္တလေး တိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်ကို အိန္ဒိယနိုင်ငံက တိုင်းရင်းဆေးဘက်ဝင် အပင်စာအုပ်တွေ အခုလ ၂၂ ရက်နေ့က သွားရောက်လှူဒါန်းရာမှာ သံအမတ်ကြီး Vinay Kumar က တိုက်တွန်းလိုက်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းကလည်း တိုင်းရင်းဆေးပညာ အဆင့်အတန်းမြင့်မားလာဖို့အတွက် မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
“အာဆီယံမှာ ရင်းနှီးမြှပ်နှံရာမှာ ဆုံးရှုံးနိုင်ခြေအများဆုံးနိုင်ငံအဖြစ်မြန်မာရပ်တည်”
စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော် အတွင်း မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေ အနက် ရင်းနှီးမြှပ်နှံရာမှာ ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာကြောင်း ကမ္ဘာတလွှားစီးပွါးဆိုင်ရာအချက်အလက်တွေ ထုတ်ပြန်နေတဲ့ Visual Capitalistအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ ရင်းနှီးမြှပ်နှံမှူမှာ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံက ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံမှာ လာအိုနိုင်ငံနဲ့အတူ ထိပ်ဆုံးမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံက ရင်းနှီးမြှပ်နှံရာမှာ စွန့်စားရမှု ၁၅ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး စင်ကာပူနိုင်ငံက စွန့်စားရမှု သုည ရာခိုင်နှုန်းဖြစ်ပါတယ်။ ထိုကြောင့် စင်ကာပူနိုင်ငံက ရင်းနှီးမြှပ်နှံဖို့ အလွယ်ကူဆုံးနှင့် ဆုံးရှုံးနိုင်ချေမရှိတဲ့ နိုင်ငံဖြစ်တယ်လို့ အဆိုပါအဖွဲ့က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
