အပြုံးရှားသည့် ပွဲတော်
အပြုံးရှားသည့် ပွဲတော်
ညနေ ၅ နာရီခွဲသည်နှင့် ပွဲတော်လမ်းပြမီးတိုင်တို့ စလင်းလာလေသည်။
ပွဲတော်သို့ဝင်ရာ လမ်းဘေးဝဲယာတွင် ရောင်စုံဘားတန်းမီးတိုင်ရှည်များ အစီအရီထွန်းကာ ပွဲတော်ကို လမ်းပြနေသည်။ ယင်းသည် ထိုင်းနိုင်ငံ၏ ထုံးစံတစ်ခု ဖြစ်နေပြီဖြစ်သည်။
ကာတွန်းပုံများပါသည့် အလှပြ မီးဆိုင်းတိုင်ရှည်များကိုမူ ပွဲတော်မရောက်မီ အဝေးမှပင် လှမ်းမြင်နေရသည်။
ထိုင်းဘာသာ ကြေညာအသံတစ်ခုကလည်း အသံချဲ့ စက်မှ အဆက်မပြတ်ထွက်ပေါ်နေသည်။ ပွဲတော်နှင့် နီးလေလေ အသံက ပိုကျယ်လေလေဖြစ်သည်။
ပွဲတော်အနီး ကပ်လိုက်သည်နှင့် အကင်ရနံ့၊ အကြော်ရနံ့စူးစူးတို့နှင့် အအေးရနံ့ မွှေးမြမြက ပွဲတော်လာသူတို့၏ နှာခေါင်းထဲ တိုးဝင်ဆီးကြိုသည်။
ပွဲတော်အဝင်ဝတွင် ဘယ်နေ့တွင် ဘယ်အဆိုတော်လာမည်ကို ကြေညာထားသည့် မုခ်ဦးတစ်ခုရှိနေသည်။
မုခ်ဦးအနီးတွင် ခဲပန်းချီ ပုံတူဆွဲသည့် အသက် ၂၅ နှစ်ခန့်အရွယ် လူငယ်ပန်းချီဆရာတစ်ဦးက ကလေးတစ်ဦး၏ ပုံတူကို ခဲတံအမျိုးမျိုးဖြင့် အနုစိတ် စိတ်ရှည်လက်ရှည် ဆွဲနေသည်။ ဆွဲပြီးသားပုံတို့ကိုလည်း ချိတ်ဆွဲပြသထားသည်။
ပန်းချီဆရာအနီးတွင် အသက် ၅၀ ဝန်းကျင် အမျိုးသားက ခွက်တစ်လုံးရှေ့ချကာ ထိုင်၍ ငွေတောင်းနေသည်။ သူသည် ထိုပွဲတော်၏ တစ်ဦးတည်းသော သူတောင်းစားဖြစ်သည်။
အစားအသောက်၊ အဝတ်အထည်ရောင်းသည့် ဆိုင်ခန်းတန်းရှည်ကြီးကို ပွဲတော်အဝင်ဝမှအစ တစ်မျှော်တစ်ခေါ် တွေ့ရသည်။
အလယ်တွင် လူလျှောက်လမ်းထားကာ မျက်နှာချင်းဆိုင် ဖွင့်ထားသည့် ဆိုင်ခန်းတွဲထဲတွင်လည်း စားသောက်ဖွယ်ပေါင်းစုံ ရောင်းချနေသည်။
ထိုင်းနိုင်ငံ၏ အထင်ကရ သစ်သီးဝလံဈေးကြီးဖြစ်သည့် လတ်ချ်ဘူရီမြို့ စီမီယာဈေးကြီးတွင် ကျင်းပနေသည့် ပွဲတော်ဖြစ်သည်။
ထိုဈေးတွင် ပွဲတော်မကျင်းပသည်မှာ ၂၀၁၉ ခုနှစ်ကတည်းကဟု ဆိုသည်။ ကိုဗစ်ကပ်ရောဂါကာလတစ်လျှောက်လုံး ပွဲတော်မကျင်းပဖြစ်ဘဲ ယခုနှစ်မှ ကျင်းပသဖြင့် ပွဲကြိုက်ခင်မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ကို အများဆုံးတွေ့ရသည်။
ထိုင်းထက် မြန်မာများသည့် ထိုင်းပွဲတော်ဖြစ်သည်။
ပွဲတော်သို့ လာရောက်သည့် ပရိသတ်၏ ၇၅ ရာခိုင်နှုန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း ယင်းဈေးတွင်လုပ်နေသည့် လုပ်သက် ၁၀ နှစ်ကျော်ရှိ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်သူ မမီးကန်းက ပြောသည်။
“မြန်မာတွေပဲ အလာများတယ်၊ အနီးတစ်ဝိုက်က မြန်မာအလုပ်သမားတွေပေါ့” ဟု မမီးကန်းက ပြောသည်။
ပွဲတော်၏ နေရာအနှံ့တွင် ဗမာ၊ မွန်၊ တနင်္သာရီတိုင်းမှ တိုင်းရင်းသားအသံတို့ကို ကြားနေရသည်။
ကလေးများအတွက် ပွဲတော်၏ စပါယ်ရှယ်မီနူး(အထူးပျော်စရာ)မှာ ခုန်ဆွခုန်ဆွလုပ်ရင်း ဘောလုံးကန်နိုင်သည့် စပရိန်ဘောလုံးကွင်း၊ နိမ့်လိုက်မြင့်လိုက်နှင့် လှည့်နေသည့် မြင်း/ကျားဝိုင်းပတ်၊ လေအိမ်ကြီး၊ ရထားတွဲ၊ ရမုထိန်းပြိုင်ကားကွင်း၊ လျှပ်စစ်ဆိုင်ကယ်ကွင်းတို့ ဖြစ်သည်။
ပန်းချီဆွဲတတ်သောကလေးငယ်တို့ အတွက်လည်း ပန်းချီဆွဲပစ္စည်းရောင်းချပေးကာ ခုံပုလေးများတွင် မိသားစုလိုက်အေးအေးလူလူထိုင်ဆွဲနိုင်ရန် စီစဉ်ပေးထားသည်။
နဘေးတွင် လူကြီးလူငယ်စီး ချားရဟတ်၊ ပင်လယ်ဓါးပြလှေ၊ သရဲအိမ်တို့ ရှိနေသည်။ ချားရဟတ်မှာ မြန်မာပြည်က ပွဲတော်များတွင် တွေ့ရလေ့ရှိသည့် လူအားဖြင့် တက်/ဆင်း/ခုန်ဆွဲ/တွန်းတင်ရသည့် ချားရဟတ်မျိုးမဟုတ်ဘဲ လျှပ်စစ်မော်တာဖြင့် လှည့်သည့် ချားရဟတ်မျိုးဖြစ်သည်။
ထိုနေရာတွင် ယုန်ကလေးများ၊ ပူးကလေးများ၊ Skinny Pig (အမြည်းမပါသည့်ဝက်ကလေး)များ၊ သိုးငယ်လေးများ၊ Dwarf Pig(ဝက်ပု)လေးများကို အစာကျွေး၊ နို့တိုက်နိုင်သည်။
လူကြီးများအတွက် ပွဲတော်၏ စပါယ်ရှယ်မီနူးမှာ သေနတ်ပစ်၊ မျှားပစ်ဂိမ်းများ ဖြစ်သည်။
သေနတ်များမှာ သေနတ်အစစ်နှင့် အလွန်ပင်တူကြသည်။
ဂိမ်းဆိုင်ဝန်ထမ်း အမျိုးသားအမျိုးသမီးတို့က ပစ်မှတ်ကို မည်မျှထိပါက မည်သည့်အရုပ်ကို ရရှိမည်ဟု အော်ခေါ်နေကြ၊ မိမိဖြတ်သွားသူတို့လက်ထဲသို့ ပစ်ပေါက်မျှား၊ ဘောလုံးတို့ အတင်းထိုးပေးကြသည်။
“၃၀၀(ဘတ်)ဖိုး မျှားပစ်တာ တစ်ခုမှ မရဘူး၊ ဆိုင်ရှင်က အားနာလို့ အရုပ်တစ်ခု ပေးလိုက်တယ်” ထားဝယ်သူမတစ်ယောက်က ပြောနေသည်။
စားစရာများမှာ မရမ်းသီး၊ သရက်သီးကအစ အသီးပေါင်းစုံကို သုပ်၊ လှော်၊ ကြော်၊ ဖျော် ပေါင်းစုံလုပ်ရောင်းနေကြသည်။ အသီးတို့ကို ပွဲတော်တွင်ပင် ယိုထိုးရောင်းနေသည်ကိုလည်း တွေ့ရသည်။
ပင်လယ်စာ၊ ကြက်၊ ဝက်တို့ကိုလည်း ကင်၊ ကြော်၊ ချက်ပြုတ် မျိုးစုံလုပ်ရောင်းကြသည်။ ပေါင်မုန့်၊ ရေခဲမုန့်ဆိုင်၊ အအေးဆိုင်၊ ရေခဲချောင်းဆိုင်၊ မုန့်တီဆိုင်တို့ကလည်း ပေါမှပေါ။ ကမာကျည်တောက်၊ ပရစ်ကြော်၊ ပိုးကောင်မျိုးစုံကြော်ဆိုင်တို့လည်း တွေ့ရသည်။
ကင်းမွန်အရှင်များကို ကန်ဖြင့်လှောင်ထားပြီး လာဝယ်လျှင် အချည်ရည်ခွက်ထဲ ထည့်နှစ်ပေးသည့်ဆိုင်လည်းတွေ့ရသည်။ ကင်းမွန်ကလေးများမှာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ရေနောက်ပြန်ကူးနေကြသည်။
အလှမွေးငါးနှင့် ငါးကန်အလှဆင်သည့် ကျောက်စရစ်တုံးလေးများ၊ ခရုလေးများရောင်းသည့်ဆိုင်လည်း ရှိသည်။
သစ်ခွပန်း၊ ဘွန်ဇိုင်းပင်တို့နှင့် အခြားပျိုးပင်တို့ရောင်းသည့်ဆိုင်လည်း ရှိသည်။ သစ်သားပရိဘောဂဆိုင်တန်းတွင်မူ ခုံတန်းရှည်အစုံလိုက်၊ ကုလားထိုင်ပေါင်းစုံ၊ ဗီဒို၊ ကုတင်ကြီးစသည့် သစ်သားပရိဘောဂပေါင်းစုံတွေ့ရသည်။
လက်သည်းအလှဆေးဆိုးပုံဖော်ဆိုင်တွင်လည်း အမျိုးသမီးတို့ မပြတ်။
ဆေးခြောက်၊ ဆေးခြောက်ထည့်ပြီးသားဆေးလိပ်၊ ဆေးခြောက်ရှူသည့်ပြောင်းရောင်းသည့်ဆိုင်လည်း တွေ့ရသည်။
“ပိုက်ဆံပဲလို၊ လိုတာ အကုန်ရှိတယ်” ဟု မွန်အမျိုးသမီးတစ်ဦးက ပြောသည်။
ပွဲတော်မှာ စက်တင်ဘာ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိဖြစ်သည်။
ပွဲတော်ကျင်းပနေသည့် စီမီယာ သစ်သီးဈေးဝင်းတွင် မြန်မာ ၈၅ ရာခိုင်နှုန်း၊ အခြားနိုင်ငံသား ၅ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံသား ၁၀ ရာခိုင်နှုန်းခန့် လုပ်ကိုင်ကြကြောင်း မြန်မာအလုပ်သမားတို့က ပြောသည်။
ည ၈ နာရီခန့်တွင် ပွဲတော်၏အသက် စင်တင်တေးဂီတရုံဘက်မှ ဆိုသံ၊ တီးသံမှုတ်သံများ စကြားရပြီဖြစ်သည်။
ပွဲတော်အစရက်များတွင် ဒေသခံတေးဂီတအဖွဲ့များဖျော်ဖြေကြရာ အခကြေးငွေမယူပါ။
ရုံထဲတွင် စားပွဲ၊ ကုလားထိုင်များခင်းထားသည်။ စားပွဲထိုးများထံမှ ခြင်္သေ့တံဆိပ် Leo ဘီယာ မှာသောက်နိုင်သည်။
နာမည်ကြီးအဆိုတော်လာသည့်နေ့များတွင် ဝင်ကြေး ဘတ် ၁၀၀ ကျပ်၊ ၆၀ ကျပ် ကောက်ခံသည်။
ရုံထဲတွင် ထုံးစံအတိုင်း မြန်မာတို့က ပိုများသည်။ အခမဲ့နေ့များဆိုလျှင် ပို၍ပင် များသေးကြောင်း လူငယ်တစ်ဦးက ပြောသည်။
“ကြည့်ရခဲတာကိုးဗျ..၊ ကျတော်တို့မှာ ပျော်ရတာဆိုလို့ ဒီအချိန်လေးပဲ ရှိတာလေ” ဟု ထိုလူငယ်က ပြောဆိုကာ ရုံထဲ ကခုန်ဝင်သွားသည်။
ထိုင်းသီချင်းမြူးမြူးအောက်တွင် ကခုန်လိုက်ကြသည်မှာ လူကြီးလူငယ် ကျားမအရွယ်စုံ။
ညနက်လေလေ ပိုကဲလေလေ။
တစ်ချို့က စားပွဲခုံပေါ်တက်ကကြသည်။ အင်္ကျီချွတ်ကနေသည့် မြန်မာလူငယ်တစ်စုကိုလည်း တွေ့ရသည်။
ည ၁၂ နာရီတိတိတွင် စတိတ်ရှိုးကို လုံးဝ ရပ်ချလိုက်သည်။
“ဝမ်းစမိုး.. ဝမ်းစမိုး”
မည်မျှအော်အော် ထိုင်းအနုပညာရှင်တို့က ပစ္စည်းသိမ်းလိုက်ကြသည်။
လူအုပ်ကြီး ရုံထဲမှ တဖြည်းဖြည်း ထွက်သွားကြသည်။
စားပွဲထိုးများ ပစ္စည်းလိုက်သိမ်းကြသည်။
အပြင်တွင်လည်း ဆိုင်တို့ ကာလကာချ ပိတ်ကုန်ကြပြီဖြစ်သည်။
ပွဲတော် ပြီးလေပြီ။
ပွဲတော်ပြန်လူငယ်တစ်စုက ခြေလှမ်းလေးလေးဖြစ် ပွဲတော်က ထွက်ခွာသွားကြသည်။
“မနက်စောစော အလုပ်သွားရဦးမယ်ကွာ..” ဟု လူငယ်တစ်ဦးက ညည်းညည်ငြူငြူ ပြောဆိုသွားလေသည်။
ပွဲတော်တွင် ရောင်းကုန် အတော်စုံသည်။
သို့သော် အပြုံး၊ လွတ်လပ်ပေါ့ပါးသော ရယ်မောသံတို့ကိုမူ မတွေ့ခဲ့ရပေ။
လင်းခ
The Tanintharyi Times
