လက်ဖက်ရည်ဆိုင်
လက်ဖက်ရည်ဆိုင်

ရွာနေတဲ့ မိုးရေတွေ စီးဆင်းသွားတာကို ငေးကြည့်နေမိတယ်။ စီးဆင်းသွားတဲ့ မိုးရေတွေ ဘယ်ဒေသ ဘယ်နေရာမှာ အဆုံးသတ်ရောက်ရှိနေမှာလဲဆိုတာ မသိနိုင်ပေမယ့် တသွင်သွင်စီးဆင်းနေတဲ့မိုးရေတွေလို အတွေးတွေ စီးမျောနေတော့တယ်။
အသုံးမပြုဖြစ်တာ ကြာခဲ့ပြီဖြစ်တဲ့ ကက်ဆက်ဟောင်းလေးကို သန့်ရှင်းရေးပြုလုပ်ပြီး နားထောင်ချင်တဲ့ သီချင်းကက်ဆက်ခွေကိုရွေးနေရင်း ရောက်ရှိနေတဲ့ နေရာဒေသ အခြေအနေကို ခဏမေ့ထားပြီးလက်ဖက်ရည်ကို တစိမ့်စိမ့်သောက်လို့ မိုးအေးအေးနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော် (ကို) ထူးအိမ်သင် ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်သီဆိုထားတဲ့ “ရာဇဝင်များရဲ့ သတို့သမီး” သီချင်းကို ကြားနိုင်ရုံ တိုးတိုးဖွင့်ရင်း နားထောင်ခံစားနေမိတယ်။
“ကွယ်လွန်ပြီးသော အိပ်မက်များ…ထာဝစဉ်လဲလျောင်းအိပ်စက်ရာ…
ဣန္ဒြေကြီးမားလွန်းတဲ့သည်မြေမှာ တို့ရဲ့သွေးတွေ…ဖြတ်သန်းရင်းနဲ့ စီးဆင်း…သူဟာ ရာဇဝင်များရဲ့ လျှို့ဝှက်ချက်တို့ သိမ်းဆည်းထား…ဧရာဝတီ…ရွှေအတိပြီးသော မြို့ပြများ…အစဉ်အလာကြီးမားခဲ့ကြရာ…ရာဇဝင်ဟောင်းရဲ့ အမှတ်တရ…သည်မြေဟာ တို့ရဲ့ အမိမြေ…
ယဉ်ကျေးမှုရဲ့ နှလုံးသား…ရှင်သန်စေသူ တန်ခိုးရှင်…အခမ်းနားဆုံးသော သက်ရှိကဗျာ…ဧရာဝတီ…ရာဇဝင်များရဲ့ သတို့သမီး…ငါတို့ရဲ့ မိခင်…ဧရာဝတီ…ရာဇဝင်များရဲ့သတို့သမီး…ငါတို့ရဲ့ဝိညာဉ်…ဧရာဝတီ…ရာဇဝင်များရဲ့သတို့သမီး…ဧရာဝတီ…။
ပိုင်ဆိုင်မှုအတွက် စစ်မက်များ…ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရာ…ဂန္တဝင်မြောက်တဲ့ အချစ်နဲ့…ကာကွယ်သူတို့ရဲ့ ဓါးတွေ…သူရဲကောင်းတို့ မွေးဖွား…ဒါဟာ ငါတို့သမိုင်းရဲ့…ခမ်းနားခဲ့တဲ့ နေ့ရက်များ…ဧရာဝတီ…
ရာဇဝင်ဟောင်းရဲ့ သင်္ချိုင်းရာ…ရာဇဝင်သစ်တို့ မွေးဖွားရာ…ရွှေရောင်နေ့သစ်များအတွက် ရင်ခုန်သူတို့ရဲ့ သီချင်းတွေ…ပျိုမျစ်စိမ်းလန်းရေးအတွက်…ယုံကြည်သူတွေ အသက်နဲ့…ထုဆစ်ခဲ့တဲ့ အိပ်မက်များ…ဧရာဝတီ…ရာဇဝင်များရဲ့ သတို့သမီး…ငါတို့ရဲ မိခင် ဧရာဝတီ…
ရာဇဝင်များရဲ့ သတို့သမီး…ငါတို့ရဲ့ ဝိညာဉ် ဧရာဝတီ…ရာဇဝင်များရဲ့ သတို့သမီး…ဧရာဝတီ…..”။
ရာဇဝင်များရဲ့ သတို့သမီးသီချင်းက နားထောင်ခံစားလိုက်တိုင်း ရိုးအီမသွားပဲ ဦးနှောက်မှတ်ဉာဏ်ထဲအထိတိုင် သီချင်းစာသားတွေကို အလွတ်ရနေမိတော့တယ်။
ကိုယ့်ဇာတိမြို့လေးမှာ တခေတ်တခါကတော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုတွေ ခေတ်စားခဲ့ဖူးတယ်။ ရပ်ကွက်ထဲက အကြောင်းအရာတွေအပါအဝင် မြို့လေးထဲက သာရေး၊ နာရေးတွေကို လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ကြားရတတ်တယ်။ ကြက်ဆူပင်စိုက်ပျိုးရေးကစလို့ စနေနေ့တိုင်း လုပ်အားပေးရတာအဆုံး နိုင်ငံရေးအကြောင်းအရာအစုံအလျှင် သတင်းခေါင်းစဉ်အကုန်လုံး လက်ဖက်ရည်ဆိုင်မှာ ကြားရတတ်ပါတယ်။
အထက်ပါအကြောင်းအရာတွေကလည်း လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုရဲ့ တစိတ်တဒေသပါပဲ။ လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့လူတွေထဲမှာ ကိုယ်တစ်ယောက်အပါအဝင် ရပ်ကွက်ထဲက ကဗျာရူး စာရူး လူငယ်လက်တက်လေးတွေ စမူဆာထဲ အသားမပါတော့တဲ့အကြောင်း ငြင်းခုံကြရင်းက ခေတ်ရေစီးကြောင်းကို မျက်ခြည်ပြတ်မခံပဲနဲ့ ဆန်တက်ဖို့ ကြိုးစားခဲ့ကြတယ်။
ဖန်ချို လက်ဖက်ရည်ကို စွဲစွဲမြဲမြဲသောက်တတ်တဲ့ ကိုယ့်အနေနဲ့ဖန်တန်တန် ခေတ်ကြီးကို ဂျစ်ကန်ကန် ဖြတ်သန်းခဲ့ပါတယ်။ လူငယ်ပီပီ မဟုတ်မခံစိတ်နဲ့ ဂျစ်ကန်ကန်နဲ့ ပြင်းထန်လွန်းတော့ ပတ်ဝန်းကျင်ဆိုတာကြီးက အမြင်မကြည်လင်တာနဲ့ ကြုံခဲ့ရတယ်။
လူကြီးသားသမီးမှန်သမျှ လူစွာလုပ်နေကြတဲ့ နေ့ရက်တွေနဲ့လည်း ထိမိ ခိုက်မိ တိုးမိ တိုက်မိတာတွေ ရှိခဲ့တယ်။ လက်ဖက်ရည်ဆိုင်ဆိုတာ ကိုယ်တို့လူငယ်လက်တက်လေးတွေရဲ့ အရာရာကို စူးစမ်းရင်း အမြင်မတော်ရင် တော်လှန်ဖို့တာစူနေတဲ့ ဘူမိနက်သန်ဆိုရင်လည်း မမှားခဲ့ပါဘူး။ လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့နေ့တွေမှာ ကိုယ်တို့သူငယ်ချင်း အပေါင်းအသင်းတွေအနေနဲ့ တယောက်ရေးထားတဲ့ ကဗျာလေးတွေကို တယောက်ကဖတ်ရင်း မှတ်ချက်တွေ ပေးကြရင်း ဒီကနေ့အဖို့ အားလုံးကောင်းပါတယ်ပေါ့လေ။ မကောင်းတာက လက်ဖက်ရည်ဖိုး မတတ်နိုင်တဲ့နေ့တွေဆို လက်ဖက်ရည်တခွက်ကို ဝေမျှသောက်ကြရင်းက အလကားရတဲ့ရေနွေးကြမ်းကိုဖိသောက်ရင်း နောက်ဆုံးတော့လည်း ခေတ်ကြီးကိုပဲ စိတ်နာပစ်လိုက်ကြတော့တာပါပဲ။
လက်ဖက်ရည်ဆိုင်က SONY အမှတ်တံဆိပ် ကက်ဆက်ကြီးကို ကိုယ်ပိုင်ပစ္စည်းလိုသဘောထားရင်းက အလှည့်ကျဖွင့်ပေးတဲ့ သီချင်းတွေကို နားဆင်ခံစားရင်း ဆိုင်ရှင်အမြင်ကတ်မိတဲ့အထိ နေကုန်နေခန်း ထိုင်နေမိတဲ့ နေ့ရက်တွေလည်း ရှိခဲ့ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ရဲ့ သီချင်းခွေကိုယူသွားပြီး ဆိုင်ရှင်ကိုဖွင့်ခိုင်းတတ်ပါတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ကြတဲ့လူတွေထဲမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်ရဲ့သီချင်းကိုနားထောင်ဖို့ သီချင်းခွေယူလာကြတဲ့ လူငယ်အချင်းချင်း နားလည်မှုရှိကြပြီး ယူလာကြတဲ့သီချင်းခွေတွေကို ဒီမိုကရေစီကျကျ အလှည့်ကျနဲ့ ဆိုင်ရှင်ကလည်း ဖွင့်ထားပေးတတ်ပါတယ်။
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေမှာ ကြယ်နီအမှတ်တံဆိပ်ဆေးပေါ့လိပ်ကို လက်ကြားညှပ် ရှိုက်ဖွားလို့ ဘယ်သူမှမခိုင်းရပါပဲနဲ့ နိုင်ငံတော်ကြီးကို မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့ပါတယ်။
ကိုယ်တို့ သူငယ်ချင်း အပေါင်းအသင်း ကဗျာရူး စာရူးလေးတွေအနေနဲ့ ရဲဘော်ချေ (ချေဂွေဗားရား) ကို လေးစားအားကျခဲ့ကြတယ်။ ကိုယ့်စိတ်ရဲ့ အမှတ်တံဆိပ်က ချေဂွေဗားရားမှချေဂွေဗားရား ဖြစ်ခဲ့ပါတယ်။
ကိုယ်တို့ သူငယ်ချင်းတစု ကိုယ်စီရေးသားထားတဲ့ ကဗျာတွေကို တယောက်ကိုတယောက် ပေးဖတ်ကြရင်းက ကဗျာစာအုပ်ထုတ်ဖို့ တိုင်ပင်ခဲ့ကြတယ်။ အဓိကအနေနဲ့ကတော့ ကဗျာစာအုပ်ထုတ်ဖို့ ပိုက်ဆံက လုံလောက်တဲ့အထိ မရှိဖူး ဖြစ်နေတယ်။ လာမယ့်တနင်္ဂနွေနေ့တရက်မှာ ထိုင်နေကြ လက်ဖက်ရည်ဆိုင်လေးထဲမှာ ခုနှစ်နာရီလောက်ဆုံကြဖို့ ချိန်းဆိုခဲ့ကြတယ်။ ကိုယ်တို့ထဲက လက်ရေးလှတဲ့လူကို ကဗျာတွေကူးရေးခိုင်းပြီး ပိုက်ဆံမကုန်တဲ့ နည်းဟောင်းအတိုင်း ဖယောင်းဖောက်ပြီး လိုချင်တဲ့ကဗျာစာရွက် အရေအတွက်အတိုင်း ဖန်ချောင်းတွေ၊ ဒလိမ့်တုံးတွေနဲ့ လှိမ့်ကူးပြီး ကဗျာစာအုပ်ထုတ်ကြဖို့ပါပဲ။
မှောင်စပျိုးချိန်မှာ ချိန်းဆိုထားတဲ့အတိုင်း လက်ဖက်ရည်ဆိုင်လေးမှာ လူစုံကြပြီ။ လက်ဖက်ရည်ဆိုင်ရဲ့ ထောင့်ကျကျစားပွဲမှာ ထိုင်ရင်းက ကဗျာစာရွက်တွေကို တယောက်ကိုတယောက် လက်ဆင့်ကမ်းပေးဖတ်နေတဲ့အခိုက် ဆိုင်ရှေ့မှာ စစ်စိမ်းရောင်ကားတစ်စီး ရောက်ချလာတယ်။ လက်ဖက်ရည်ဆိုင်ထဲက ဟိုတစု ဒီတစုနဲ့ လူတွေ ပြေးမိပြေးရာ ဝရုန်းသုန်းကားနဲ့ ပြေးကြတော့တာပါပဲ။
ကိုယ်တို့ သူငယ်ချင်းတစုလည်း ထိုင်နေတဲ့ ချောင်ကျကျ လက်ဖက်ရည်စားပွဲကနေ အိမ်သာဘက်ထွက်ရာ နောက်ဖေးလမ်းကြားထဲ ပြေးဝင်ရင်း လွတ်ရာ ကျွတ်ရာ ပြေးကြရတော့တာပေါ့။ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတဲ့လက်ထဲမှာလည်း ကဗျာစာရွက်တပိုင်းတစက လုံးကြေလို့။
ပေါ်တာဆွဲတဲ့အထဲ ကိုယ်နဲ့ သိတဲ့ လူတချို့ပါသွားတာ နောက်ရက်ကျမှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်ပြောပြလို့ သိလိုက်ရတယ်။လက်ဖက်ရည်ဆိုင်ထဲအထိ ပေါ်တာဝင်ဆွဲတာမဟုတ်ပေမယ့် ကြောက်လန့်ပြီး ထွက်ပြေးကြတော့ ဆိုင်ရှေ့လမ်းပေါ်ကနေ တွေ့သမျှလူတွေကို လိုက်ဖမ်းပြီး ကားပေါ်တင်ခေါ်သွားကြတယ်လို့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ပြောပြပါတယ်။
ကိုယ်တို့ ကဗျာရူး စာရူးတွေရဲ့ အဲဒီအချိန်က ကဗျာစာအုပ်ထုတ်ကြမယ့် အစီအစဉ်လည်း နိဌိတံ သွားခဲ့ရပါတယ်။ နောက်တရက် မနက်ခင်း လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေပြန်ဆုံကြတော့ ကိုယ့်တို့ထဲက သူငယ်ချင်းတယောက်ကို မတွေ့တော့ ပေါ်တာဆွဲတဲ့အထဲများ ပါသွားပြီလားဆိုတဲ့ ပူပန်စိတ်ဖြစ်နေမိကြတယ်။
ကိုယ့်လူက နောက်ကျမှ လက်ဖက်ရည်ဆိုင်ထဲရောက်ချလာပြီး “သူငယ်ချင်းရယ်…ဒီဇာတ်လမ်းမှာ လူဆိုးတွေတယောက်မှ မသေသေးဘူးလား၊ လူကောင်းတွေမှာ ဒုက္ခများလှပါပြီ…” ဆိုပြီး ကဗျာဆရာ(ကို) လှသန်းရဲ့ ကဗျာစာသားတွေကို ရွတ်လို့ မထီလေးစားဟန်နဲ့ လက်ဖက်ရည်တခွက်ကို လှမ်းမှာနေလိုက်သေးတယ်။
ကိုယ်တို့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေက ပြန်တွေးလိုက်တိုင်း ဒဏ်ရာဆိုတာ မနာကျင်တော့ပေမယ့် အမာရွတ်တော့လည်း ကျန်နေတာပါပဲ။
မှတ်မှတ်ရရ မိုးတွေဆွေနေတဲ့တရက်က လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတယောက် “သိမ်းစွန်ငှက် အပြန်လမ်း” ကဗျာရှည် ရွတ်ပြတော့ နားထောင်နေကြတဲ့ ကိုယ်တို့သူငယ်ချင်းအပေါင်းအသင်းတွေ မျက်ရည်ကျမိတဲ့အထိစိတ်ထဲ ထိထိခိုက်ခိုက်ကြီးဖြစ်ခဲ့ရတယ်။ ကိုယ့်အနေနဲ့ ဂါရဝပြု လေးစား ဦးညွှတ်မိတဲ့ ကဗျာဆရာကြီး ပိုင်စိုးဝေရေးထားတဲ့ “သိမ်းစွန်ငှက် အပြန်လမ်း”ကဗျာရှည်ပါပဲ။ ကိုယ်ရူးသွပ်ခဲ့တာကလည်း အနုပညာစာတွေ ကဗျာတွေပါပဲလေ။
“ဘဝမှာ လေးငါးခြောက်ခု မလိုပါဘူး။ နှစ်ခုပဲ၊ ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ် ဒီနှစ်ခုပဲ” လို့ဆိုတဲ့ ကဗျာဆရာကြီးမောင်ချောနွယ် ရေးထားတဲ့ ကဗျာတွေကို ခဏခဏ ရွတ်ပြတတ်တဲ့ ကိုယ့်သူငယ်ချင်းတယောက်လည်း မိုးတွေသည်းသည်းမည်းမည်းရွာတဲ့နေ့က လက်ဖက်ရည်ဆိုင်လေးထဲမှာ သူငယ်ချင်းအပေါင်းအသင်းတွေကို နှုတ်ဆက်လက်ပြပြီး မြို့လေးထဲက ထွက်သွားခဲ့တာ အခုထိ သေသလား ရှင်သလားဆိုတာ
မသိရတော့ပါဘူး။
လက်ဖက်ရည်ဆိုင်လေးနဲ့အတူ သတိရစရာတွေကစိတ်ထဲ အလျင်မပြတ် စီးဆင်းလို့နေတော့တယ်။
မြို့လေးထဲမှာ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုတွေ ကုန်ခန်းသွားပုံရတယ်။ ရပ်ကွက်ထဲက ထိုင်ခဲ့ဖူးတဲ့ လက်ဖက်ရည်ဆိုင်လေးလည်း မရှိတော့။ နေရာတကာ ဘီယာဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို မြင်တွေ့နေရတယ်။
ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်များပြားလာတာနဲ့အမျှ ရီဝေယစ်မူးစရာတွေ ပိုများလာနေပုံရတယ်။ ပြောင်းလဲလာတဲ့ အခြေအနေတွေမှာ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာမှာကို စိုးရိမ်မိတယ်။
ကိုယ်တို့ ကြုံခဲ့ရတဲ့ လူငယ်ဘဝကလည်း ခေတ်ကြီးက မောင်းနင်းခဲ့တာလား၊ ခေတ်ကြီးကို ကိုယ်တို့က မောင်းနင်းခဲ့တာလားဆိုတာ ခွဲခြားပြီး သေသေချာချာ မသိခဲ့ရပါဘူး။ သေချာတာတခုကတော့ ဒဏ်ရာကိုယ်စီနဲ့ ရထားသံလမ်းလို ခရီးရှည်ကြီးကို ဖြတ်သန်းခဲ့ကြရတာပါပဲ။
ခေတ်စနစ်အပြောင်းအလဲထဲ အလဲလဲအကွဲကွဲနဲ့ ခံခဲ့ရတဲ့လူတွေထဲ ကိုယ်လည်း ပါဝင်ခဲ့ရတယ်။ ကိုယ်မလိုချင်တဲ့ ခေတ်စနစ်ရေစီးကြောင်းရဲ့ ရိုက်ခံမှုဒဏ်တွေနဲ့ ကိုယ်တို့အပေါင်းအသင်း သူငယ်ချင်းတွေ တကွဲတပြားနဲ့ ဖြစ်ကုန်တယ်။
နဖူးစည်းစာတန်းနဲ့ လက်သီးလက်မောင်းတန်းခဲ့တဲ့ ကိုယ့်သူငယ်ချင်းတွေထဲက အရင်းနီးဆုံးလူတချို့ အရေးတော်ပုံထဲ ရောက်ကုန်တယ်။
ကိုယ့်အနေနဲ့ လွမ်းတာတောင် လွတ်လွတ်ကျွတ်ကျွတ် လွမ်းခွင့်မရတဲ့ အကျဉ်းထဲအကျပ်ထဲ ဖြတ်သန်းခဲ့ရသူပါကွယ်။
လမ်းမပေါ် ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တဖက်ရဲ့ ဈာပနကို လွမ်းတယ်။ မြန်မာပြည် အရှေ့မြောက်ဖျား ငှက်ဖျားတောထဲ အသက်ဓါတ်လေးကို ကုပ်ကပ်ဖက်တွယ်ထားရတဲ့ နေ့ရက်တွေကို လွမ်းခဲ့ပါတယ်။
လွမ်းသူ ပန်းခွေလေးရဲ့ ညှိုးရော်ခြောက်သွေ့နေမှုနဲ့ ကိုယ့် လူငယ်ဘဝက ပုရစ်ဖူးလေးတွေလို သိမ်ငယ်ခဲ့ရတဲ့ နေ့ရက်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်။အစိုးမရတဲ့ နေ့ရက်တွေအတွက် ခေတ်ဆိုးစနစ်ဆိုးကြီးတခုလုံးကို တထောင့်တနေရာက ပြောင်းလဲပစ်မယ်ဆိုတဲ့စိတ်နဲ့ ယုံကြည်ချက်တွေကို ထမ်းပိုးပြီး တလူလူလွင့်နေပါတယ်။
နေချိုသွေး
The Tanintharyi Times