ဖူဂျီတောင်မှာ နှင်းပျောက်ချိန် အကြာရှည်ဆုံးနှစ်အဖြစ်စံချိန်တင်

ဖူဂျီတောင်မှာ နှင်းပျောက်ချိန် အကြာရှည်ဆုံးနှစ်အဖြစ်စံချိန်တင်

ဒီနှစ်ဂျပန်နိုင်ငံမှာ ရာသီဥတုအပူလွန်ကဲတာကြောင့် အထင်ကရ ဖူဂျီတောင်မှာ နှင်းပျောက်ချိန် အကြာရှည်ဆုံး နှစ်အဖြစ် စံချိန်တင်သွားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်အထိ ဖူဂျီတောင်မှာ နှင်းမတွေ့ခဲ့ရတာကြောင့် ဒီနှစ်ဟာ ဖူဂျီတောင်မှာနှင်းကင်းမဲ့မှုဖြစ်စဥ် နှစ်ပေါင်း ၁၃၀ အတွင်း ၂၀၂၄ ခုနှစ်က စံချိန်တင် အကြာရှည်ဆုံး ကြုံတွေ့ရတဲ့ နှစ် ဖြစ်တယ်လို့ နိုင်ငံပိုင် မိုးလေဝသ အေဂျင်စီက ဆိုပါတယ်။

ပုံမှန်ဆိုရင် အဆိုပါ အထင်ကရ မီးတောင်မှာ နှစ်စဥ်အောက်တိုဘာ ၂ ရက်နေ့က စပြီး ဆီးနှင်းတွေ ဖုံးလွှမ်းပါတယ်။ မနှစ်က အောက်တိုဘာလ ၅ ရက်နေ့မှာ ဆီးနှင်းတွေ စတင်ရောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ‌အောက်တိုဘာ ၂၉ ရက်နေ့အထိ ဆီးနှင်းတွေမတွေ့ရသေးပါဘူး။

ကိုဖူဒေသ မိုးလေဝသရုံး (Kofu Local Meteorological Office) ရဲ့ မိုးလေဝသကြိုတင်ခန့်မှန်းသူ Yutaka Katsuta ကတော့ ဒီနှစ်ဟာ ရာသီဥတု အပူရှိန်လွန်ကဲတာကြောင့် အခုလို ဆီးနှင်းမကျသေးတာလို့ သုံးသပ်ပါတယ်။

ဂျပန်နိုင်ငံမှာ ဖူဂျီတောင် ဆီးနှင်းစတင် ရောက်ရှိချိန်ကို ၁၈၉၄ ခုနှစ်ကတည်းက မှတ်တမ်းတင်ခဲ့ကြရာ ၁၉၅၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် နှစ်နှစ်မှာသာ နှင်းရောက်ရှိချိန် အနောက်ကျဆုံး အဖြစ် အောက်တိုဘာလ ၂၆ ရက်နေ့ ကို စံချိန်တင်သတ်မှတ်ထားတဲ့အတွက် ဒီနှစ်မှာ အောက်တိုဘာ ၂၉ ရက်နေ့အထိ နှင်းမပွင့်သေးတာကြောင့် နှစ်‌ပေါင်း ၁၃၀ အတွင်း နှင်းပျောက်ချိန်အကြာချိန်ဆုံးနှစ် အဖြစ် စံချိန်ဝင်သွားတယ်လို့ သိရပါတယ်။

“ဒီနှစ်နွေရာသီမှာ အပူချိန်က တော်တော်ကို မြင့်မားခဲ့တယ်။ ဒီအပူချိန်က စက်တင်ဘာလအထိကို ရှိနေတာကြောင့် ဆီးနှင်းကျရောက်မယ့် အအေးဓာတ်ကို တားဆီးနေတာ” လို့ Katsuta က AFP သတင်းဌာနကို ပြောပါတယ်။

ဆက်လက်ပြီး ရာသီဥတုပြောင်းလဲမှုဒဏ်တွေဟာလည်း ဆီးနှင်းဖြစ်ပေါ်မှုကို နှောင့်နှေးစေတဲ့ အကြောင်းတရားတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာတစ်ဝှမ်း အပူလှိုင်းတွေ ပြင်းပြင်ထန်ထန် ပေါ်ပေါ်ခဲ့ရာ ဂျပန်နိုင်ငံရဲ့ နွေရာသီကလည်း ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တို့မှာ စံချိန်တင် အပူဆုံး နွေဥတုကို ကြုံခဲ့ရတာပါ။

ဖူဂျီတောင်ဟာ တစ်နှစ်တာလုံး ဆီးနှင်းတွေ ဖုံးလွှမ်းထားတဲ့ တောင်တစ်တောင်ဖြစ်ပါတယ်။ ဒါပေမဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာတော့ တောင်တက်ရာသီအဖြစ် သတ်မှတ်ထားပြီး ခရီးသည် နှစ်သိန်းနှစ်သောင်း ကျော်ဟာ ဖူဂျီရဲ့ မတ်စောက်တဲ့ ကျောက်ဆောင်တောင်စောင်းတွေကို တက်ဖို့အတွက် နှစ်စဥ် လာရောက်ကြတယ်လို့ သိရပါတယ်။

တောင်တက်သမား အများစုက (၃၇၇၆) မီတာမြင့်တဲ့ တောင်ထွတ်မှာ နေထွက်ချိန်ကို ကြည့်နိုင်ဖို့ တောင်ထိပ်ကို ညနေကတည်းက တက်ရောက်လေ့ရှိကြပါတယ်။

ဒီနှစ်ကနေစပြီး အလွန်အကျွံ ခရီးသွားလာမှုကို ကန့်သတ်ဖို့အတွက် ဂျပန်အာဏာပိုင်တွေက တောင်တက်သမားတွေကို ဝင်ကြေးစတင် ကောက်ခံပြီး တောင်တက်သူဦးရေကိုလည်း သတ်မှတ်ပမာဏသာ ခွင့်ပြုခဲ့ပါတယ်။

ဖူဂျီမီးတောင်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ က နောက်ဆုံးအကြိမ်ပေါက်ကွဲခဲ့တာပါ။

Ref: The Guardian ၊AFP

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times