ဒေသခံတွေကို ခြိမ်းခြောက်နေတဲ့ ဒေါင်းနက်အဖွဲ့နဲ့ပတ်သက်မှုမရှိဘူးလို့ ကျွန်းစုပကဖ ထုတ်ပြန်
ဒေသခံတွေကို ခြိမ်းခြောက်နေတဲ့ ဒေါင်းနက်အဖွဲ့နဲ့ပတ်သက်မှုမရှိဘူးလို့ ကျွန်းစုပကဖ ထုတ်ပြန်
ကျွန်းစုမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတချို့ကို အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ ဒေါင်းနက်အဖွဲ့နဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ဒေါင်းနက်အဖွဲ့ဟာကျွန်းစုမြို့နယ်ထဲက ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ဒေသခံ ပြည်သူအချို့ကိုသတ်ဖြတ်မယ်လို့ ခြိမ်းခြောက်စာတွေပေးပို့နေတဲ့ အပြင်အသေးစားစီးပွားရေးလုပ်ငန်းရှင် တွေဆီကလည်း ငွေတောင်းခံတာတွေလုပ်ဆောင်နေတယ်လို့ ကျွန်းစုပကဖဆိုပါတယ်။
ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့) လို့ အမည်ရှိတဲ့ အင်အား ၁၀ ဦးဝန်းကျင် ရှိတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုဟာ ပြီးခဲ့တဲ့ဩဂုတ်လကစပြီး အခုလို ခြိမ်းခြောက်စာပို့တာ၊ ရွာအနီးသေနတ်ပစ်ဖောက်တာတွေကို လုပ်ဆောင်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အဲ့ဒီဒေါင်းနက်အဖွဲ့ဟာ ကျွန်းစုပကဖနဲ့လည်း မပတ်သက်သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်အောက်ကနေ ဖွဲ့စည်းထားတာမျိုးလည်းမဟုတ်ဘဲ သီးသန့်ပေါ်လာတဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒေါင်းနက်အဖွဲ့ဟာ ကော်ဇယာ၊ မဲတောနဲ့ ဘန္ဒနဲကျေးရွာအုပ်စုထဲက ရပ်ရွာထဲက ရပ်မိရပ်ဖတွေ နဲ့ စစ်ကောင်စီနဲ့ ရင်းနှီးသူအချို့ကို သွားလာလှုပ်ရှားမှုတွေအားလုံးကို စောင့်ကြည့်နေမှာဖြစ်ကြောင်းနဲ့ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ စာတွေကို ပေးပို့ခဲ့တယ်လို့ ကျွန်းစုပကဖ ပြန်ကြားရေးက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီကျေးရွာအုပ်စုတွေထဲက တနိုင်တပိုင် မီးသွေးဖောင်းပိုင်ရှင်တွေနဲ့ ထိုင်းနိုင်ငံကို ဂဏန်း၊ ပုဇွန်၊ မီးသွေးစတဲ့ တနိုင်တပိုင်ကုန်တွေ ရောင်းဝယ်တဲ့ ကုန်လှေတွေကိုလည်း ခြိမ်းခြောက်စာပေးပြီး ငွေညှစ်တောင်းခံတာတွေရှိတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
တနင်္သာရီတိုင်းက ရရှိထားတဲ့ ဒေါင်းနက်အဖွဲ့တံဆိပ်နဲ့ စာရွက်ထဲမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လကနေ ဒီဇင်ဘာလအထိ ခြောက်လစာအတွက် ထိုင်းဘတ်ငွေ ၅၀၀၀ ကို ပေးပို့စာရပြီး တစ်ပါတ်အတွင်း ပေးဖို့အတွက် အကူအညီတောင်းခံပါတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
“ ရွာရဲ့ လူကြီးပိုင်းတွေပေါ့။ တချိန်တုန်းက ရပ်ရွာမှာ ဦးဆောင်သူတွေဖြစ်ခဲ့တယ်။ အခုချိန် ငြိမ်ပြီးနေနေ ကြတယ်။ အဲ့လိုလူတွေကို တော်လှန်ရေးမလုပ်ဘူးဆိုပြီး ခြိမ်းခြောက်စာတွေပို့တယ်။ ပြီးတော့ မီးသွေးဖောင်း တွေဆီက ပိုက်ဆံတောင်းထားတဲ့ စာရွက်တွေကလည်း ခြိမ်းခြောက်စာဆန်ဆန် ရေးထားတာပဲ” လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ဒေါင်းနက်အဖွဲ့ဟာ သူတို့လှုပ်ရှားခဲ့တဲ့ နှစ်လတာကာလအတွင်း ရွာအနီးဝန်းကျင်မှာ သေနတ်ပစ်ဖောက်တာမျိုးတွေလည်း မကြာခဏလုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကျွန်းစုပကဖအဖွဲ့ဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က ကော်ဇယာကျေးရွာအုပ်စု၊ ကျောက်ပိတ်ရွာက အသုဘအိမ်ကိုလာတဲ့ ကျောက်ကုန်းရွာ အုပ်ချုပ်ရေးမှူးနဲ့ ရွှေဂဲညိုရွာသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပြီး အဲ့ဒီဖြစ်စဥ်ကလည်း ဒေါင်းနက်အဖွဲ့နဲ့ ပတ်သက်မှုရှိနိုင်တယ်လို့ ကျွန်းစုပကဖရဲ့ ပြန်ကြားရေးတာဝန်ခံနဲ့ ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိမှာ ဒေါင်းနက် Black Peacock (စစ်ခွေးလက်ပါးစေသုတ်သင်ရေးအဖွဲ့)ရဲ့ ဒေသခံပြည်သူတွေကို သေနတ်ပစ်ဖောက်ခြိမ်းခြောက်တာ၊ စာပို့ခြိမ်းခြောက်တာနဲ့ ငွေတောင်းခံတာ စတဲ့လုပ်ဆောင်မှုတွေကို ဖြေရှင်းဖို့အတွက် တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို တိုင်ကြားဖို့ စီစဥ်နေတယ်လို့ ကျွန်းစုပကဖ ပြန်ကြားရေးက ဆိုပါတယ်။
The Tanintharyi Times
