လူပြက် (သို့မဟုတ်) ကျွန်ုပ်
လူပြက် (သို့မဟုတ်) ကျွန်ုပ်
လွဲတဲ့ရထားလည်း လွဲပြီးပါပြီ
အံဝင်ဂွင်ကျမဖြစ်တဲ့
လူ့အသိုက်အဝန်းမှာ
ကျွန်တော်ဟာ လူပြက်ပါ
နိဗ္ဗာန်ရောက်ကြောင်းတရားတွေနဲ့
ကြီးပြင်းခဲ့တဲ့ နိုင်ငံမှာနေပါတယ်
တရားကို စောင့်တဲ့သူကတော့
အပွင့်အခက်နဲ့လည်း ဖြစ်နိုင်သလို
စက္ကူစာရွက်လည်း ဖြစ်နိုင်တယ်
အိပ်မက်အကြောင်းပြောရရင်
လပေါ်မှာ ဆန်ဖွတ်နေတဲ့
အဘိုးအိုဆီက ရွှေလင်ပန်းနဲ့
ဆီထမင်းတောင်းစားရသလို
လွယ်လွယ်ရတာဆိုလို့
ရေမရောအတ္တတွေ၊ လောဘတွေ
စစ်ဖိနပ်အောက်က ဒဏ်ရာတွေက
လူငယ်တွေကိုပဲ
သက်ရောက်ခဲ့တာမဟုတ်ဘူး
လူကြီးတွေကပါ မတွေးခေါ်နိုင်တော့တာ
ပန်းတွေဝေလွန်းတဲ့ နိုင်ငံ
ရနံ့တော့မပြယ်ရှာဘူး
ဂုဏ်ယူစရာဆိုလို့
ထောင်ကျတာပဲရှိမယ်
ဝစီပိတ်တရားနဲ့ ကြီးပြင်းခဲ့ရတဲ့
လူပြက်တစ်ယောက်က
အတွေးသူပုန်ထနေလေရဲ့
အစွန်းရောက်ဝါဒအရ
ကျွန်တော်ဟာ
လူပြက်တစ်ယောက်ထက် မပိုခဲ့ပါ
ကျွန်တော့်ရဲ့ ဟာသတွေက
ရယ်စရာတော့ ကောင်းလောက်မှာပါ
ဟုတ်တယ်…
သိပ်ရယ်စရာကောင်းတယ်။
မှိုင်း
The Tanintharyi Times
