မင်းအောင်လှိုင်အာဏာဦးခေါင်းနဲ့ တရုတ်ကျောရိုးမ

မင်းအောင်လှိုင်အာဏာဦးခေါင်းနဲ့ တရုတ်ကျောရိုးမ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာလထဲ တရုတ်နိုင်ငံကို သွားရောက်ဖို့ ရှိနေတယ်ဆိုတဲ့ အကြောင်းဟာ အခုရက်တွေထဲ အတိုးအလျှော့၊ အတက်အကျ မြန်နေတဲ့ မြန်မာ့စစ်ရေးအခြေအနေမှာ ပိုလို့ စိတ်ဝင် စားစရာ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်ကိုလာ‌ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆက်တွဲ တရုတ်ရဲ့ မြန်မာ့အရေးချဉ်းကပ်ပုံ အပြောင်းအလဲမှာ တိုင်းပြည်ကနေ (အာဏာသိမ်းပြီးနောက်ပိုင်း အင်ဒိုနီးရှားနဲ့၊ ရုရှားလွဲပြီး) ဘယ်မှ ခွာခွင့်မရဘဲရှိနေခဲ့တဲ့ မင်းအောင်လှိုင်ဟာ တရုတ်မြေကိုနင်းဖို့ အကြောင်း ဖန် ဖြစ်တည်လာတာပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ် အကြောင်းမပြောခင် မြန်မာ့နိုင်ငံရေး ပဋိပက္ခနဲ့ပတ်သက်လို့ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုအခင်းအကျင်းကို သေသေချာချာ အကဲဖြတ်ကြည့်မယ်ဆိုရင် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းကာလမတိုင်မီနဲ့ အဲဒီကာလအလွန်ကနေ စပြီး တွက်ဆရမှာပဲ
ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပါတယ်။ အဲဒီ မတိုင်ခင် တရုတ်ရဲ့ မြန်မာ့နိုင်ငံရေးချဉ်းကပ်မှုဟာ ဘေဂျင်းမျက်နှာကို အိုးမဲသုတ်နေတဲ့ မြန်မာနိုင်ငံထဲက ကျားဖြန့် ဂိုဏ်းလို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေကို ချေမှုန်းဖို့အတွက်မှာပဲ ဦးတည်ထားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်း အာဏာသိမ်းမှု အဆက်ဆက်နဲ့ အဲဒီရဲ့ အကျိုးဆက်ရလဒ်တွေကို အတွေ့အကြုံရှိထားပြီးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီတောင်းဆိုချက်ဟာ သူစိတ်ဝင်စားတဲ့ အကြောင်းချင်းရပ်မဟုတ်ဘဲ သူ့အကျိုးစီးပွားအတွက် စစ်ခေါင်းဆောင်တွေနဲ့ ဘယ်လို ဆွေးမျိုးပေါက်ဖော် ညီအစ်ကိုမောင်နှမ လုပ် ဆောင်ရမလဲဆိုတာကိုသာ ချိန်ခွင်လျှာညှိထားခဲ့တာပဲဖြစ်ပါတယ်။

ဘေဂျင်းမျက်နှာကို ဆိုးဆိုးရွားရွားပျက်စေအောင် ဖြစ်နေခဲ့တဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တရုတ်ဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်မီ နေပြည်တော်ကို ချောင်းပေါက်အောင် လာရောက်ပြီး စစ်ခေါင်းဆောင်တွေကို ဖိအားပေးခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။  

ဒီအတွက် တရုတ်ဟာ သူ့ဩဇာညောင်းခပြီးသားဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကို မသိဟန်ဆောင်ထားခဲ့ပြီး သူ့မူလ ရည်ရွယ်ရင်းဖြစ်တဲ့ ကျားဖြန့်ဂိုဏ်းနှိမ်နင်းဖြိုခွင်းရေးကို အကောင်အထည်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအစ မြောက်ပိုင်းညီနောင်သုံးဖွဲ့ အထူးသဖြင့် TNLA နဲ့ MNDAA တို့ရဲ့ ပြောဆိုထားချက်တွေကို ပြန်ကြည့်ရင်လည်း ဒီအကျိုးအကြောင်းကို မြင်နိုင်မှာ ဖြစ်ပါတယ်။

သူလိုအပ်တဲ့ ကျားဖြန့်နှိမ်နင်းရေးအကြောင်းအရာလည်း ပြည့်ဝ၊ မြောက်ပိုင်းညီနောင်အဖွဲ့တွေလည်း သူ့ဌာနေဌာနကို ပြန်ရ ဆိုတဲ့ အခြေအနေရောက်တဲ့အခါ တရုတ်ဟာ ဟိုင်ဂင်သဘောတူညီချက်ဆိုတာကို ကမကထလုပ်ခဲ့ပါတယ်။  

ဒါကလည်း ဗမာပြည်ကွန်မြူနစ်ပါတီကစလို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စစ်တပ်ကြား သမိုင်းအဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းမှာ သူ့အကျိုးစီးပွားဦးတည်ချက်မပျက်ယွင်းဖို့ မီးစာတစ်ဖက် ရေမုတ်တစ်ဖက် ပါဝင်ပတ်သက်မှုနည်းနာအတိုင်း ပါဝင်ပတ်သက်ခဲ့ခြင်းပါပဲ။

သမိုင်းအဆက်ဆက် တရုတ်ပါဝင်ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ အပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဟာ အောင်မြင်ပြီးမြောက်မှုမရှိဘဲ ပျက်ပြားမြဲ ထုံးစံအတိုင်း ဟိုင်ဂင်သဘောတူညီချက်ဟာလည်း စစ်ကောင်စီရဲ့ရှမ်းမြောက်ဧရိယာကိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေမှာ အဆုံးသတ်ပြီးပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လ ၂၅ ရက်မှာ ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယဒီရေလှိုင်းတွေဟာ တရိပ်ရိပ်မြင့် တက်လာခဲ့ပြီး စစ်ကောင်စီဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင် စခန်းပေါင်းများစွာကို လက်လွှတ်ဆုံး ရှုံးလာခဲ့ရပါတယ်။ တဆက်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းနဲ့ မန္တလေးဒေသမြောက်ပိုင်း အပါအဝင် ရခိုင်ပြည်နယ်ထဲက တရုတ်ရဲ့ အ ကျိုးစီးပွားလုပ်ငန်းတွေလည်း ထိခိုက်ဆုံးရှုံးမှု ကြုံလာခဲ့ရတာဖြစ်ပါတယ်။

ဒီနေရာမှာ မဖြစ်မနေပြောချင်မိတဲ့ အကြောင်းက တရုတ်ဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ရင် သူ့အကျိုးစီးပွားက လွဲပြီး ကျန်တဲ့ ဘယ်ကိစ္စကိုမှ ဂရုမထားဘူးဆိုတဲ့ အချက်ပါပဲ။

ဟိုင်ဂင်သဘောတူညီချက်ကို စစ်ကောင်စီက ချိုးဖောက်ပြီးနောက် စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး တားမြစ်တောင်းဆိုပေးဖို့ မြောက်ပိုင်းညီနောင် အဖွဲ့က တရုတ်ကို ဩဂုတ်လ ၆ ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

ဒါက မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်တပ်တို့ ဟိုင်ဂင်သဘောတူညီချက်အတွက် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ သတင်းထွက်ထားတဲ့ ဩဂုတ်လ ၈ ရက်မတိုင်မီ နှစ်ရက်အလိုမှာဖြစ်ပါတယ်။ အဲဒီရက်မတိုင်မီ ဩဂုတ်လ ၃ ရက်မှာ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်ခဲ့တာပါ။

လားရှိုးအခြေစိုက် စစ်ဌာနချုပ် အသိမ်းခံရတဲ့ စစ်ကောင်စီဟာ ဩဂုတ်လ ၈ ရက် ဟိုင်ဂင်ဆွေးနွေးပွဲကို မတက်ရောက်ဘဲနေခဲ့တဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့ပေမဲ့ တစ်ဖက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာ တိန့်ရှီးကျွင်းဟာ အဲဒီဩဂုတ်လ ၈ ရက်မှာပဲ နေပြည်တော်ကိုရောက်လာပြီး စစ်ခေါင်းဆောင်မင်း အောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါက အရပ်သားဧရိယာတွေကို ရက်ရက်စက်စက် ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ကာ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို ပြုကျင့်နေတဲ့ စစ်ကောင်စီကို တားမြစ်ဟန့်တားဖို့ မဟုတ်ခဲ့ဘူးဆိုတာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်အသစ်ကို ခန့်အပ်တာရယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိကိုယ်တိုင် စစ်ခေါင်းဆောင်ကိုလာရောက်တွေ့ဆုံခဲ့တာရယ်၊ စစ်ကောင်စီရဲ့ အရပ်သားဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုရပ်တန့် မသွားဘဲ ပိုမိုဆိုးရွားလာတာက သက်သေပြနေခဲ့တာပါပဲ။

ဩဂုတ်လအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးနောက်ပိုင်း မြောက်ပိုင်း ညီနောင်အဖွဲ့တွေအနေနဲ့ စစ်အုပ်စုကို ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရပ်တန့်သွားအောင် အဓ မ္မဖိအားပေးမှုတွေ ပြုလုပ်လာခဲ့တာအပြင် ခြိမ်းခြောက်မှုတွေပါ ရှိလာခဲ့တာဖြစ်ပါတယ်။

မှတ်မိကြဦးမယ်ဆိုရင် စစ်ကောင်စီကို ထိုးစစ်ဆင်တာတွေ ချက်ချင်းရပ်တန့်ဖို့နဲ့ မလိုက်နာရင် ကြောက်ရွံ့ကျိုးနွံအောင်ဆုံးမသွန်သင်မယ်လို့ ဩဂုတ်လ ၃၀ ရက်က ရွှေလီမြို့နိုင်ငံတော်လုံခြုံရေးကော်မတီကနေ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို အသိပေးခြိမ်းခြောက်စာ ထုတ်ပြန်ခဲ့တဲ့ အရာပါပဲ။

တဆက်တည်းမှာပဲ ‘ဝ’ နဲ့ ကိုးကန့်အဖွဲ့တွေကို လက်နက်ခဲယမ်းတွေ ထောက်ပံ့ရောင်းချတာမလုပ်ဖို့ ဖိအားပေးခဲ့တာပဲဖြစ်ပါတယ်။
ဒီထုတ်ပြန်ဖိအား‌ပေးခြိမ်းခြောက်ချက်ကို ကြည့်ရင် တရုတ်ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ မြန်မာပြည်သူတွေနဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးထက် ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး မြန်မာ့မြေပေါ်က ရနိုင်သမျှရယူထားတဲ့ အကျိုးစီးပွားတွေ မဆုံးရှုံးရေးကသာ အဓိက ဆိုတာကို မြင်နေရတာပဲ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက်ပိုင်း မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ နယ်စပ်ဂိတ်တွေရဲ့ ကုန်သွယ်မှုကို ပိတ်ပင်ခဲ့တာရယ်၊ နယ်စပ်အခြေစိုက် တော်လှန်ရေးတပ်တွေရဲ့ အဓိက ကုန်စည် စီးဆင်းရာ နယ်စပ်မျဉ်းပေါ်က ဂိတ်တွေကို ပိတ်ပင်ခဲ့တာ ကြည့်ရင်လည်း တရုတ်ဟာ သူ့အကျိုးစီးပွား မထိခိုက်ရေး အားစိုက်နေခဲ့တယ်ဆိုတာ ငြင်းမရတဲ့အချက်ပါပဲ။

ဒီနေရာမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ရှမ်းမြောက်၊ မန်းမြောက် ဧရိယာတိုက်ပွဲတွေကို မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ စီမံကိုင်တွယ်နေတဲ့ ဒုချုပ်စိုးဝင်းနဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကိုလည်းချန်လှပ်ထားလို့ မရပါဘူး။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းစတင်ပြီးနောက် ၁၀ ရက်အကြာ ဇူလိုင်လ ၆ ရက်မှာ တရုတ်ဟာ ဒုချုပ်စိုးဝင်းကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်စေခဲ့ပြီး နှစ်နိုင်ငံနယ်စပ်အရေး ဆွေးနွေးခဲ့သလို အခုစစ် ခေါင်းဆောင်မင်းအောင်လှိုင် တရုတ်ကို သွားရောက်ဖို့ ရက်ပိုင်းအလို အောက်တိုဘာလ ၂၅ ရက်မှာ ဒုချုပ်စိုးဝင်းဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စမာကျားနဲ့ တွေ့ဆုံခဲ့တာပါပဲ။

ဒီတွေ့ဆုံမှုမှာ တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ် စစ်ရေးနဲ့ နည်းပညာသတင်းအချက်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ဖက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ တစ်ဖက်မှာ စစ်ခေါင်းဆောင်ကို နည်းလမ်းတသွယ်နဲ့တရားဝင်(legiti macy) ဖြစ်မှုကို ဖော်ဆောင်ပြီး တခြားတစ်ဖက်မှာ စစ်ရေးအရ ပံ့ပိုးကူညီမှုကို ဦးတည်ဖို့ ရည်ရွယ်ထားတဲ့ သဘော ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားနဲ့ ဗမာလို့ အယူဝါဒစွဲမှတ်စေအောင် သင်းခွဲပြီး ပြည်နယ်နဲ့ ပြည်မဟာ တသားတည်းဖြစ်တယ်ဆိုတာကို မေ့ပျောက်အောင် သပ်လျှိုဝါဒဖြန့် မှိုင်းတိုက်ရာမှာ အတော်ဆုံးဖြစ်ခဲ့တဲ့ ထောက်လှန်ရေး ဗိုလ်ချုပ် ဟောင်း ခင်ညွှန့်ရဲ့ လက်အောက်ခံ ဗိုလ်ချုပ်ဟောင်းတွေကို မင်းအောင်လှိုင်ခရီးစဉ်မတိုင်မီ တရုတ်က ခေါ်ယူ တွေ့ ဆုံခဲ့တာကလည်း တရုတ်ဟာ သူ့အကျိုးစီးပွားအတွက် ဘယ်လိုနည်းနာ အကြောင်းအရာကိုမဆို လုပ်ဆောင်မှာပဲ ဆိုတာ သိသာစေတာပဲဖြစ်ပါတယ်။

တကယ်တမ်းမှာတော့ စစ်ခေါင်း‌ဆောင်မင်းအောင်လှိုင်သွားရောက်ဖို့ရှိနေတယ်ဆိုတဲ့တရုတ်နိုင်ငံကူမင်းမြို့၌ကျင်းပမယ့် (၈) ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များ GMS(Greater Mekong Subregion)ထိပ်သီးညီလာခံဟာ ထူးခြားကြီးမားတဲ့ ညီလာခံတစ်ခုတော့ မဟုတ်ပါဘူး။ နိုင်ငံကိုယ်စားပြု ထိပ်သီးခေါင်းဆောင်ကြီးတွေ လာရောက် လေ့ရှိတဲ့ ညီလာခံမျိုးလည်း မဟုတ်ပါဘူး။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် မြန်မာနိုင်ငံ ပုဂံဒေသမှာ ပြုလုပ်ခဲ့ချိန်က မင်းအောင်လှိုင်ကို မဖက်မလုပ် မတွေ့ဆုံခဲ့တဲ့ တရုတ်ဟာ မြန်မာနိုင်ငံတွင်းက သူ့အကျိုးစီးပွားတွေ ထိခိုက်ဆုံးရှုံးမှုမှာ အားလုံးနီးပါး ပစ်ပယ်ထားတဲ့ စစ်ခေါင်းဆောင် ကို ဒေသတွင်းနဲ့ နိုင်ငံတကာနိုင်ငံရေး စင်မြင့်ဆီ ပြန်လည်ခေါ်ယူဖို့ လုပ်ဆောင်နေပြီး စစ်အာဏာရှင်တွေ တည်မြဲ ရေးအတွက် ပတ်သက်သူတွေအားလုံးနဲ့ ထိတွေ့နေခဲ့တာပဲဖြစ်ပါတယ်။

ဒါက နိုင်ငံတကာအဝန်းအဝိုင်းအပြင် ကမ္ဘာကြီးက သဘောကျတဲ့ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲ၊ လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ်တွေအောက်ကနေ လူမျိုးတုန်းသတ်ဖြတ်နေတဲ့၊ လူသားမျိုးနွယ်အပေါ် ကျူး လွန်ပြုမူနေတဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို ဖယ်ထုတ်ပြီး အကျိုးစီးပွားအရ ပြည်သူရဲ့ မျက်နှာကို မထောက်ထားတဲ့ အရာလည်းဖြစ်ပါတယ်။

ပြီးတော့ ဒါက ချိန်ကိုက်စီစဉ်မှုလို့လည်း ဆိုရမှာပါပဲ။ အကြောင်းက လာမယ့် ဒီဇင်ဘာလထဲမှာ ထိုင်းနိုင်ငံက ဦးဆောင်ပြီး ပြုလုပ်မယ့် မြန်မာ့အရေးဆွေးနွေးပွဲဟာ ရှိနေသလို ၂၀၂၅ ခုနှစ် နှစ်စပိုင်းဟာ စစ်ကောင်စီ ကာလုံ သက် တမ်း ကုန်းဆုံးမယ့် ကာလဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၅ ဟာ စစ်ခေါင်းဆောင်မင်း‌အောင်လှိုင် ရည်ရွယ်ထားတဲ့ ရွေး ကောက်ပွဲမျှော်မှန်းချက်ကာလလည်း ဖြစ်ပါတယ်။

အာဆီယံမှာ ဩဇာညောင်းတဲ့၊ ကုလသဂ္ဂမှာ ဗီတိုအာဏာနဲ့ ငြင်းပယ်ခွင့်အာဏာရှိထားတဲ့ တရုတ်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရည်မှန်းထားတဲ့ ၂၀၂၅ ရွေးကောက်ပွဲကာလနှစ်မတိုင်မီ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး မင်း အောင်လှိုင်ကို တရုတ်စင်မြင့်ကနေ အသိအမှတ်ပြုဖို့ လုပ်ဆောင်နေတာဟာ နိုင်မြင်းကိုလောင်းတယ်ဆိုတာထက် သူ့အကျိုးစီးပွား အလောင်းအစားပေါ်ရှိနေတဲ့ စစ်ကောင်စီမြင်း နိုင်ရာနိုင်ကြောင်းအတွက်လုပ်ဆောင်နေတယ်ဆိုတာပါပဲ။

ဒါကို မယုံကြည်ဘူးဆိုရင်တော့ သေချာတာက မင်းအောင်လှိုင်ဟာ သူ့အာဏာဦးခေါင်း တည့်မတ်နေဖို့ အထောက်အပံ့ တရုတ်ကျောရိုးမကြီးရဲ့ အကူအညီမှာ တိုင်းပြည်ကို ချောက်ထဲမက ဆွဲချနေဦးမယ်ဆိုတာပါပဲ။

The Tanintharyi Times