မြန်မာက ထိခိုက်နစ်နာသူနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက် လေးရာကျော်ရရှိထားပြီလို့ IIMM ဆို
မြန်မာက ထိခိုက်နစ်နာသူနဲ့ မျက်မြင်သက်သေ ထွက်ဆိုချက် လေးရာကျော်ရရှိထားပြီလို့ IIMM ဆို
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီကနေ စုဆောင်းရရှိထားတဲ့ ထွက်ဆိုချက်ပေါင်း ၄၅၀ ကျော် ရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။
မနေ့ အောက်တိုဘာ ၂၉ ရက်က ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးအတွင်း IIMM ယန္တရားရဲ့ လုပ်ငန်းဆိုင်ရာတိုးတက်မှုတွေအကြောင်း တင်ပြရာမှာ IIMM အဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ မစ္စတာ နီကိုလတ်စ်ခွန်ဂျန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေဆီကနေ ရရှိထားတဲ့ ထွက်ဆိုချက် ၄၅၀ ကျော်နဲ့ ရင်းမြစ် ၁၀၀၀ ကျော်ဆီကနေ ရထားတဲ့ အထောက်အထားတွေကို တိုက်ဆိုင်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
IIMM အနေနဲ့ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ခွင့်မရတာကြောင့် နိုင်ငံတွင်းရင်းမြစ်တွေနဲ့ လုံခြုံစွာ ဆက်သွယ်ဖို့ ပိုခက်ခဲလာပြီး သက်သေတွေနဲ့ တွေ့ဆုံဖို့၊ အချက်အလက်ရရှိဖို့ နိုင်ငံအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ပိုပြင်းထန်လာပြီး အရပ်သား ရာနဲ့ချီ သေဆုံးခဲ့ရသလို ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်း တစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းက မင်္ဂလာဧည့်ခံပွဲတစ်ပွဲ၊ ရခိုင်က ကျေးရွာတချို့ကို လေကြောင်းတိုက်ခိုက်ထားမှု အထောက်အထားတွေ IIMM က စုဆောင်းထားတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ သူတို့ကို ဆန့်ကျင်တယ်လို့ ထင်မြင်သူတွေကို ဖမ်းဆီးမှုတွေ တိုးလာပြီး အုပ်စုလိုက်မုဒိမ်းကျင့်မှု၊ အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှု အပါအဝင် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ခဲ့တဲ့အချက်တွေကိုလည်း စုဆောင်းထားတယ်လို့ မစ္စတာ နီကိုလတ်စ်ခွန်ဂျန်က ကုလညီလာခံမှာ တင်ပြခဲ့ပါတယ်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေကို အထူးပြုတဲ့စုံစမ်းစစ်ဆေးမှု အသစ်တွေ IIMM က စတင်လုပ်ဆောင်နေပြီး ရခိုင်မှာ အာရက္ခတပ်တော်နဲ့ စစ်တပ်အကြား တိုက်ပွဲကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံနေရတဲ့ ကြောက်မက်ဖွယ်ရာဇဝတ်မှုတွေအကြောင်း သတင်းပေးပို့ချက်ကိုလည်း IIMM က လက်ခံရရှိထားတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ရခိုင်က ရိုဟင်ဂျာတွေဟာ နှစ်ဖက်တိုက်ခိုက်မှုရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားနေရသလို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလည်း ကြုံတွေ့ခဲ့ရတာကြောကင့် ရိုဟင်ဂျာ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
“မြန်မာပြည်သူတွေဟာ တရားမျှတမှု တစုံတရာ ရရှိဖို့ ဆန္ဒပြင်းပြနေကြပါတယ်၊ ဒါပေမယ့် ကျနော်တို့အလုပ်က မြန်မာနိုင်ငံအတွက်ပဲ အရေးပါတာ မဟုတ်ပါဘူး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စစ်ရာဇဝတ်မှုနဲ့ လူမျိုးပြုန်းစေမှုများအတွက် တာဝန်ရှိသူတွေကို တရားစွဲအရေးယူရာမှာ အောင်မြင်မှု တစုံတရာ ရရှိပါက မြန်မာထက်ကျော်လွန်တဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်” လို့ IIMM အကြီးအကဲ မစ္စတာ နီကိုလတ်စ်က ကုလအဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့ပါတယ်။
IIMM ဟာ ဖမ်းဆီးဖို့ တရားစွဲဖို့ အခွင့်အာဏာမရှိပေမယ့် တရားရေးအာဏာပိုင်တွေကို ကူညီဖို့ လုပ်ပိုင်ခွင့်ရှိတာကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံတွင်းတရားရုံး၊ နိုင်ငံတကာတရားရုံးတွေမှာ အမှုတည်ဆောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့ ယန္တရားက အသင့်ရှိနေကြောင်းကိုလည်း မစ္စတာ နီကိုလတ်စ်က ထပ်မံအသိပေးခဲ့ပါတယ်။
လက်ရှိမှာ IIMM က နိုင်ငံတကာရာဇဝတ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနဲ့ နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်တွေဆီ အချက်အလက်နဲ့ စိစစ်သုံးသပ်မှုတွေ ပိုမိုပေးပို့နေတယ်လို့လည်း IIMM အဖွဲ့ရဲ့ အကြီးအကဲက ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားဆိုတာ ၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာမှာ ကျူးလွန်တဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တည်ထောင်ပေးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။
The Tanintharyi Times