တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ABSDF ထုတ်ပြန်
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ ABSDF ထုတ်ပြန်
တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တိုက်ပွဲဝင်သွား မယ်လို ကျောင်းသားတပ်မတော် ABSDFထူထောင်ခြင်း ၃၆ နှစ်ပြည်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
“ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်စနစ်ကို ပုံဖော်မယ့် ပြည်ထောင်စုသစ်တခု တည်ဆောက်ရေးဆိုတဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရောက်ဖို့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုတွေကြားမှာ ဘုံသဘောထားတွေချမှတ်ရင်း လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မကဒတ ( ကျောင်းသားတပ်မတော်) ဥက္ကဌ ရဲဘော်သံခဲ က ပြေကြားခဲ့ပါတယ်။
လူမျိုးပေါင်းစုံ တိုင်းရင်းသား ပြည်သူ လူထုကြီးနဲ့ အတူ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် ပေါ်ထွန်းရေးအတွက် ကျရာ အခန်းကဏ္ဍတွေမှာ တက်ကြွစွာ လက်တွဲဆောင်ရွက် သွားမယ်လို့ ဒီနေ့ကျရောက်တဲ့ ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မိမိတို့ မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ ဦးတည်ချက် ၄ ရပ် ဖြစ်တဲ့ အဖိနှိပ်ခံတိုင်းရင်းသား ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး - နိုင်ငံရေးဦးတည်ချက်တို့အတွက် ဘဝများစွာ စွန့်လွှတ် ပေးဆပ်ခဲ့တာကိုလည်း သမိုင်းမှတ်တမ်းအဖြစ် ဂုဏ်ယူတန်ဖိုးထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးခရီးစဉ် အတွင်း ကျောင်းသားတပ်မတော် ABSDF တပ်ဖွဲ့ဝင် ရဲဘော် ၈၂၆ ဦး ကျဆုံးခဲ့ပြီး ၄၃၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ကျောင်းသားတပ်မတော် ABSDF ထူထောင်ခြင်း ၃၆ နှစ်ပြည့်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တို့ အပြင် နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေ ကလည်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မကဒတ ( ကျောင်းသားတပ်မတော်)ကို ရှစ်လေးလုံး အရေးတော်ပုံကြီးနဲ့အတူ ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာစတင်တည်ထောင်ခဲ့ တာဖြစ်ပါတယ်။
The Tanintharyi Times
