တတိယလူ

တတိယလူ

မျက်လုံးမှိတ်ကြည့်တော့ အတွေးပေါင်းစုံဟာ ရုပ်ပြကွက်တွေလို တဖျတ်ဖျတ်လင်းလက်သွား​ကြတယ်။ ကျနော်တို့ရောက်ရှိနေတဲ့ခေတ်ကြီးကို ကျနော်တို့မေ့ပြီးပေါ့။ မျက်လုံးဖွင့်လိုက်တော့လည်း ဒီမသတီစရာကမ္ဘာကြီးထဲ ပြန်နစ်ကြရပြန်ရော။

ဘာအတွက်လဲလို့ မေးတော့ ဘာအတွက်မှ ဟုတ်မနေပြန်ဘူး။ လူတစ်ယောက်မွေးဖွားလာတယ်။ တဖက်မှာ လူတစ်ယောက်သေဆုံးသွားတယ်။ အဲ့ဒီလူနှစ်ယောက်ဟာ တစ်ဘဝစီမှာရှင်သန်သွားကြရင်း မတွေ့မဆုံလိုက်ကြရတော့ဘူး။ ကျနော်တို့က အဲ့ဒီလူနှစ်ယောက်ကို ကြည့်နေရတဲ့ တတိယလူတွေပါ။

ဟိုးမှာကြည့်လိုက် ကိုယ့်လူ။ သစ်ပင်တစ်ပင်ရဲ့ သစ်ကိုင်းလေးတစ်ခုမှာ ငှက်နှစ်ကောင်နားနေကြတယ်။ အဲ့ဒီသစ်ပင်ကို ကျော်လွန်ပြီးကြည့်လိုက်တဲ့အခါမှာတော့ ပူပြင်းနေတဲ့နေရောင်အောက်မှာ အားနဲ့မာန်နဲ့ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရှိနေပြန်တယ်။ ဒါဟာ ကျနော်ပြောပြမယ့် ဇာတ်လမ်းတော့လည်း မဟုတ်ပါဘူး။

ခံစားတတ်မယ်ဆိုရင် ကျနော့်မှာပြောပြစရာ ဇာတ်လမ်းမရှိတာကိုလည်း ကိုယ့်လူနားလည်မှာပါ။ သဘာဝအလျောက်မဟုတ်တဲ့ တစ်ခုခုကိုကြိုးစားရတိုင်း ပင်ပန်းပါတယ်။
အခြေအနေမှန်တခုခုကို လက်ခံရတာခက်ခဲတယ်၊ လက်မခံနိုင်သရွေ့ ပင်ပန်းမှုမဆုံးဘူးလို့ တွေးတဲ့လူတစ်ယောက်လည်းရှိတယ်။ ကျန်တာတော့ ခင်ဗျားဆက်တွေးလိုက်ပါ၊ ဒီဇာတ်လမ်းမှာ ခင်ဗျားဟာ တတိယလူပဲ ကိုယ့်လူ။

အရက်ဆိုင်တစ်ဆိုင်ထဲမှာ လူသုံးယောက်ရှိနေတယ်။ ကောင်တာမှာ ဝီစကီတွေငှဲ့ပေးနေတဲ့ဆိုင်ရှင်ရယ်၊ အဲ့ဒီဆိုင်ရှင်နဲ့ စကားပြောရင်း ငြင်းခုန်နေသူရယ်၊ ပြီးတော့ အဲ့ဒီလူနှစ်​ယောက်ကို ခပ်လှမ်းလှမ်းက စိတ်ပျက်လက်ပျက်ငေးကြည့်ပြီး အရက်သောက်နေသူတစ်ယောက်ရယ်။ ဒီမယ်ကိုယ့်လူ သူတို့ပြောနေတဲ့အကြောင်းအရာတွေကို ကိုယ့်လူကို ကျနော်ပြန်ပြောပြမယ်။

ဆိုင်ရှင်က ဒီမယ်ကိုယ့်လူ ခင်ဗျားအတော်မူးနေပြီ´လို့ပြောပေမဲ့ တဖက်လူက လက်ခံပုံမရဘူး။ သူမမူးသေးတဲ့ကြောင်း ဆိုင်ရှင်ကို ပြန်ပြောနေတယ်။ ဒီတော့ဆိုင်ရှင်က စိတ်ပျက်သွားတဲ့ပုံစံနဲ့ဒီမယ်ကိုယ့်လူ ဒါဘယ်နှစ်ချောင်းလဲ´ဆိုပြီး လက်သုံးချောင်းထောင်ပြလိုက်တယ်။

တဖက်လူကလည်း မျက်လုံးတွေမှေးစင်းပြီး လက်ကိုသေချာကြည့်တယ်။ ပြီးတော့သူ့စိတ်ထဲမှာ လက်ချောင်းတွေကိုရေတွက်နေတယ်။ ငါးချောင်း မဟုတ်ဘူး ခြောက်ချောင်းလို့ ပါးစပ်ကလည်း တီးတိုး ရေရွတ်နေတယ်။ နောက်ဆုံးတော့ ဟုတ်တယ်ဆိုပြီး `ခြောက်ချောင်း´ဆိုတဲ့ အောင်မြင်တဲ့အသံတစ်ခုကို ကြားလိုက်ရတော့တယ်။

ဆိုင်ရှင်ကတော့ အလွန်တရာစိတ်ညစ်သွားတဲ့ပုံစံနဲ့ နေပါဗျာ ခင်ဗျားအတော်မူးနေပြီ´ဆိုပြီး အရက်ထပ်မရောင်းတော့ဖို့ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ တတိယလူရဲ့ခင်ဗျားတို့နှစ်ယောက်လုံးမှားတယ်´ဆိုတဲ့ အသံကိုကြားလိုက်ကြရတော့တယ်။ ပြီးတော့ ပထမလူနှစ်ယောက်နားကို တတိယလူချဥ်းကပ်လာတယ်။

ဒီမယ် ခင်ဗျားလက်သုံးချောင်းထောင်ထားပေမဲ့ ခင်ဗျားမေးတာ ဒါဘယ်နှစ်ချောင်းလဲလို့ပဲမေးတယ်။ လက်ဖဝါးမှာ နှစ်ချောင်းကပ်ထားတယ်။ ဒီတော့ ကပ်ထားတဲ့နှစ်ချောင်းလည်း ဖြေလို့ရတယ်။ ဒီတော့ခင်ဗျားမှားတယ်´ မူးနေတဲ့လူကလည်း ဟုတ်တယ်ခင်ဗျားလည်းမမှန်ဘူး ´လို့ ဆိုင်ရှင်ကိုပြန်ပြောလိုက်တယ်။ ဒီတော့ တတိယလူက `ဒီမယ်ကိုယ့်လူ ခင်ဗျားလည်းမှားတယ်´ဆိုပြီး မူးနေတဲ့လူဘက်ကို လှည့်လာတယ်။

`လက်တစ်ဖက်မှာ လက်ချောင်းခြောက်ချောင်းမရှိဘူး´

နောက်တော့ ဆိုင်ရှင်ဟာ တတိယလူကိုစိတ်ဝင်စားသွားတယ်။ ဒါကြောင့်ပဲ တတိယလူကိုစီးကရက်ထုတ်ပြီး ဧည့်ခံလိုက်တယ်။ ပြီးတော့ မူးနေတဲ့လူကိုလည်း အရက်နည်းနည်းလောက် ထပ်ရောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ သူတို့နှစ်ယောက် နောက်ထပ်အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ မူးနေတဲ့လူကို ဘေးမှာအဖော်အဖြစ်၊ တတိယလူအဖြစ် ဆက်ရှိနေအောင်ပေါ့။

ခင်ဗျားစိတ်မဝင်စားရင်တော့ နောက်ထပ်ဆွေးနွေးတဲ့အကြောင်းအရာတွေကို ကျနော်ဆက်မပြောဘဲ ရပ်ထားပေးပါ့မယ်ကိုယ့်လူ။ ခင်ဗျားစိတ်ဝင်စားရင်တော့လည်း ခေါင်းတချက်သာငြိမ့်လိုက်ပါ ကျနော်ဆက်ပြီးပြောပြပေးပါ့မယ်။

ဟုတ်ပြီ။ ဒီလိုနဲ့ တတိယလူဟာ အရက်ဘားရဲ့ ကောင်တာမှာပဲ ပြောင်းထိုင်လိုက်တယ်။ ဆိုင်ရှင်ဧည့်ခံတဲ့ စီးကရက်ကို နှုတ်ခမ်းမှာတေ့ရင်း လက်နှစ်ဖက်က သူ့အိတ်ကပ်တွေကိုစမ်းပြီး မီးခြစ်ကိုရှာနေတယ်။ အဲ့ဒီအချိန်မှာပဲ ဆိုင်ရှင်ကမီးခြစ်ကိုမြှောက်ပေးလိုက်ပြီး ` သေချာကိုင်နော် Limited Edition´လို့ပြောရင်း သူ့မီးခြစ်လေးကို အလွန်တရာတန်ဖိုးထားကြောင်းပြလိုက်တယ်။

`limited editionဆိုတာ ဘာအဓိပ္ပါယ်လည်းဗျာ့။ များများထုတ်လို့မရဘူးလား´မူးနေတဲ့လူဆီက ဗလုံးဗထွေးနဲ့ အသံထွက်လာတယ်။ လူကတော့ မျက်လုံးတွေမှေးစင်းနေပြီ၊ ငိုက်မြည်းနေတဲ့ပုံစံနဲ့ ခေါင်းကမထောင်နိုင်တော့ဘူး။

ဆိုင်ရှင်ကလည်း ဒီတခါတော့ အလွန်တရာစိတ်လိုလက်ရရှိတဲ့ပုံစံနဲ့ မူးနေတဲ့လူကိုကြည့်လာတယ်။ ပြီးတော့ `ကုန်ကြမ်းရှားပါးလို့ ၊ ဒါမှမဟုတ် နည်းပညာအရ ကန့်သတ်ပဲရှိလို့ဖြစ်မှာပေါ့ဗျာ´ဆိုပြီး ပြန်ဖြေလိုက်တယ်။

ဒီတော့ တတိယလူက စီးကရက်ကိုဟန်ပါပါ ဖွာရှိုက်လိုက်ရင်း `မဟုတ်ဘူးဗျ။ ဒါဟာအရင်းရှင်ရဲ့ စီးပွားရေးစနစ်တစ်ခုပဲ´ ဆိုပြီး စကားဝိုင်းထဲပြန်ပါလာတယ်။

နောက်ထပ် ဝီစကီတကျိုက်ကို သူမော့တယ်။ စီးကရက်ဖွာတယ်။ သူ့နှုတ်ခမ်းက စကားလုံးတွေထွက်လာဖို့ ဆိုင်ရှင်ဟာ မျှော်လင့်တကြီးစောင့်ဆိုင်းနေတယ်။ ပြီးတော့။

`ဒီမယ်ကိုယ့်လူတို့ ဘောဂဗေဒသဘောတရားအရ ရောင်းလိုအားနည်းရင် ဝယ်လိုအားများမယ်ဗျာ။ ဒီလိုပဲ ရောင်းလိုအားများနေရင် ဝယ်လိုအားနည်းသွားမှာပဲ။ ဆိုတော့ ဒီမီးခြစ်တွေအများကြီးထုတ်ပြီး စျေးပေါပေါနဲ့ရောင်းမယ့်အစား ကန့်သတ်နဲ့ပဲ ထုတ်ပြီး စျေးကြီးကြီးနဲ့ ရောင်းလာတော့တာပေါ့။ ကန့်သတ်နဲ့ဆိုတော့ လူတွေဟာသူ့ထက်ငါအလုအယက်ဝယ်လာကြတယ်။ အဲ့ဒီအချိန်မှာပဲ စျေးတွေထောင်တက်သွားတာပေါ့။ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်နည်းနည်းနဲ့ အမြတ်များများရအောင်လုပ်တဲ့စနစ်တစ်ခုပါပဲ။ ဒီတော့ ဇိမ်ခံပစ္စည်းဆိုတာတွေဟာ အောက်ခြေလူတန်းစားတွေနဲ့ လားလားမှမသက်ဆိုင်တော့ဘူးပေါ့ ´

မူးနေတဲ့လူကတော့ ဘာကိုမှကြားနိုင်ဟန်ရှိပုံမပေါ်တော့ဘူး။ ခေါင်းတစ်ခုလုံး အရက်ကောင်တာပေါ် ပုံကျနေပြီး တခေါခေါနဲ့အိပ်ပျော်နေပြီ။ ဆိုင်ရှင်ကတော့ တတိယလူပြောသမျှကို စိတ်ဝင်တစားငေးစိုက် နားထောင်နေတာပါပဲ။ ပြီးတော့ စဥ်းစားနေဟန်လည်းရှိတယ်။

` လူတွေရဲ့လောဘစိတ်ပေါ့ဗျာ´ဆိုပြီး ဆိုင်ရှင်ဆီကအသံထွက်လာတော့ တတိယလူက ဆိုင်ရှင်ရဲ့မီးခြစ်ကို ပြန်လွှင့်ပေးလိုက်တယ်။ ဆက်လက်ပြီးတော့ လူတွေဟာကြောက်စရာကောင်းတဲ့အကြောင်း သူတို့ဆက်ပြောကြတယ်။

ဆက်ပြီးတော့ နားထောင်ချင်သေးရဲ့လား ကိုယ့်လူ။

ဟုတ်​ပြီ။ ဒီတော့ တတိယလူက လူတွေဟာကြောက်စရာကောင်းတဲ့အကြောင်း ဆက်ပြောတယ်။ သူတို့နှစ်ယောက်ရဲ့ စကားဝိုင်းထဲမှာ မူးနေတဲ့လူကတော့ ပါမလာနိုင်တော့ဘူး။ အိပ်မက်ကမ္ဘာမှာ တဖက်ကိုနတ်သမီးငါးရာနဲ့ ပျော်ပါးနေပြီပေါ့။

` အကျိုးစီးပွားအတွက်ဆိုရင် သတ်ကြဖြတ်ကြဖို့အဆင်သင့်ဖြစ်နေတဲ့ သတ္တဝါဟာ လူပဲဗျ။ လက်နက်ပစ္စည်းတွေရောင်းရဖို့ စစ်ပွဲတစ်ပွဲဖန်တီးဖို့ ဝန်မလေးတဲ့လူတွေနဲ့ ပြည့်နေတဲ့ကမ္ဘာပဲ။ ပြီးတော့ စစ်ပွဲကိုအရှည်ကြာဆုံးဆွဲဆန့်ထားကြလိမ့်မယ်။ လူသေအလောင်းတွေပေါ်မှာ သူတို့ရဲ့အကျိုးအမြတ်ကိုထိုင်တွက်နေဖို့ မရှက်ကြတဲ့လူ့အဖွဲ့အစည်းတွေမှ အများကြီးပဲ´လို့ တတိယလူက တခုခုကို နား​ကြည်း​နေသလိုပြောတယ်။

တစ်နေရာမှာ စစ်မက်တွေဖြစ်ပွားနေပြီး တစ်နေရာမှာပျော်ပွဲရွှင်ပွဲတွေ ဝှီးချဲကျင်းပနေတဲ့ ကမ္ဘာကြီးဖြစ်တဲ့အကြောင်း တတိယလူက ဆိုင်ရှင်ကိုရှင်းပြနေတယ်။ ပြီးတော့ မတူညီတဲ့ ဘဝတွေကိုထိုင်ပြီး ကြည့်နေရတဲ့ ကျနော်တို့လိုတတိယလူတွေအကြောင်းရောပေါ့။ တကယ်တော့ ကျနော်ဒီအကြောင်းတွေပြောချင်ခဲ့တာ မဟုတ်ဘူးဆိုတာ ကိုယ့်လူနားလည်မှာပါ။ ဒီတော့ ဒါကိုကျနော်ရပ်လိုက်တော့မယ်။ ကျနော်ပြောချင်ခဲ့တာ ခင်ဗျားတို့ကျနော်တို့လိုလူ​တွေဖြစ်နေတဲ့ တတိယလူတွေအကြောင်းပါ။

တခုခုပေါ့လေ။ ကျနော့်ရဲ့အကြောင်း​ဖြစ်ဖြစ်၊ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်နေရာရာမှာ ကျနော်တို့ဟာ တတိယလူတွေဖြစ်နေတတ်တဲ့အကြောင်း၊ တစ်ခုခုပေါ့ဗျာ။

ဂါစီယာနီ

The Tanintharyi Times