အမေရိကန်သမ္မတ ရွေးကောက်ပွဲက ဘယ်လိုပုံစံလဲ
အမေရိကန်သမ္မတ ရွေးကောက်ပွဲက ဘယ်လိုပုံစံလဲ
လာမယ့် နိုဝင်ဘာလ ၅ ရက်(အင်္ဂါနေ့)ဆိုရင် အမေရိကန်နိုင်ငံမှာ ၄၇ ယောက်မြောက် သမ္မတကို ရွေးကောက်တင်မြှောက်မယ့် သမ္မတရွေးကောက်ပွဲပြုလုပ်တော့မှာ ဖြစ်ပါတယ်။
အဲ့ဒီ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ၂၀၂၀ ခုနှစ် အမေရိကန်နိုင်ငံ သန်းခေါင်းစာရင်းအရ အသက် ၁၈ နှစ်အထက် မဲပေးခွင့်ရှိသူ ၂၄၀ သန်း ရှိပါတယ်။ သမ္မတအဖြစ်အရွေးခံရသူဟာ လာမယ့် ၂၀၂၅ ခု ဇန်နဝါရီလကစတင်ပြီး လေးနှစ်သက်တမ်း တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတွေဟာ လေးနှစ်သက်တမ်း နှစ်ကြိမ်ထက် ပိုပြီး တာဝန်ထမ်းဆောင်ခွင့်မရှိပါဘူး။
အမှန်တကယ်တော့ အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲတခုတည်း ပြုလုပ်မှာ မဟုတ်ပါဘူး။ ဆီးနိတ်အမတ်၊ အောက်လွှတ်တော်အမတ်နဲ့ အခြားအဆင့်ဆင့်သော နေရာတွေအတွက် ရွေးကောက်ပွဲတွေပါ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။
သမ္မတအဖြစ်အရွေးချယ်ခံရသူဟာ ဥပဒေအချို့ကို ပြဌာန်းခွင့်ရှိပေမယ့် ဥပဒေအများစုကိုတော့ လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြဌာန်းရမှာ ဖြစ်ပါတယ်။
- ၂၀၂၄ခု အမေရိကန်သမ္မတလောင်းတွေ
သမ္မတရွေးကောက်ပွဲမှာ အဓိကပါတီကြီး နှစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း Kamala Harris၊ ရီဘတ်ပလင်ကန်ပါတီရဲ့ သမ္မတလောင်း Donald Trump နဲ့ အခြား တသီးပုဂ္ဂလ သမ္မတလောင်းအချို့ ပါဝင် ယှဉ်ပြိုင်ကြမှာပါ။
ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း Kamala Harris ဟာ လက်ရှိ အမေရိကန်နိုင်ငံရဲ့ ဒုတိယသမ္မတ ဖြစ်ပါတယ်။
Kamala Harris ဟာ အစပထမတော့ သမ္မတလောင်းမဟုတ်ခဲ့ပါဘူး။ လက်ရှိသမ္မတ Joe Biden ကပဲ နောက်သက်တမ်းအတွက် သမ္မတလောင်းအဖြစ် အရွေးချယ်ခံခဲ့တာပါ။ ဒါပေမယ့် ပြိုင်ဘက် သမ္မတလောင်း Donald Trump နဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲအပြီးမှာတော့ Joe Biden နှုတ်ထွက်သွားပြီး Kamala Harrisက သမ္မတလောင်း ဖြစ်လာတာပါ။
ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယသမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရသူကတော့ Minnesota ပြည်နယ်အုပ်ချုပ်ရေးမှုး Tim Walz ဖြစ်ပါတယ်။
ရီဘတ်ပလင်ကန်ပါတီရဲ့ သမ္မတလောင်း Donald Trump ကတော့ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် တာဝန်ယူခဲ့သူပါ။ ၄၆ ယောက်မြောက် သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Joe Biden ကို ရှုံးနိမ်ခဲ့ကာ လေးနှစ်သက်တမ်း တကြိမ်သာ သမ္မတတာဝန်ယူခဲ့ ရတာပါ။ ယခုအကြိမ်ဟာ သူ့ရဲ့ သုံးကြိမ်မြောက် သမ္မတရွေးကောက်ပွဲ ဝင်ယောက်ယှဉ်ပြိုင်ခြင်း ဖြစ်ပါတယ်။
- ပါတီကြီးနှစ်ခုရဲ့ မူဝါဒ
ဒီမိုကရက်တစ်ပါတီဟာ လစ်ဘရယ်နိုင်ငံရေးပါတီဖြစ်ပြီး အနိုင်ရခဲ့ရင် နိုင်ငံသားအခွင့်အရေး၊ လူမှုအန္တရာယ်ကင်းရှင်းရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာတွေကို အလေးထားကိုင်တွယ်ဆောင်ရွက်ဖို့ ရှိပါတယ်။
ရီဘတ်ပလင်ကန်ပါတီကတော့ ကွန်ဆာဗေးတစ်နိုင်ငံရေးပါတီဖြစ်ပြီး အမေရိကန်နိုင်ငံမှာ (GOD) Grand Old Party လို့လည်း ခေါ်ကြပါတယ်။ အနိုင်ရခဲ့ရင် အခွန်လျှော့ချခြင်း၊ သေနတ်ကိုင်ဆောင်ခွင့်အခွင့်အရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ အခွင့်အရေးတွေကို တင်းကြပ်စွာ ကိုင်တွယ်တဲ့ မူဝါဒတွေကို ဦးစားပေးဆောင်ရွက်နိုင်ပါတယ်။
၂၀၂၄ ခု အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးတဲ့ပွဲတွေ မဲဆွယ်စည်းရုံးတဲ့ပွဲတွေမှာ အဓိကရေပန်းစားနေတဲ့အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဖျက်ချခွင့်အခွင့်အရေး၊ လူဝန်မှုကြီးကြပ်ရေး၊ အခွန်၊ နိုင်ငံခြားရေးမူဝါဒ၊ ကုန်သွယ်မှု၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သေနတ်ကိုင်ဆောင်ခွင့်အခွင့်အရေးနဲ့ မူခင်းဖြစ်ပွားမှု အကြောင်းအရာ တွေပဲဖြစ်ပါတယ်။
၂၀၂၄ ခု အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲ နှစ်ကြိမ်ပြုလုပ်ထားပါတယ်။
ပထမအကြိမ်မှာ ရီဘတ်ပလင်ကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်တစ်သမ္မတလောင်း Joe Biden တို့ စကားစစ်ထိုးခဲ့ပြီး Donald Trump က အသာစီးရခဲ့တဲ့ အခြေအနေပါ။ ပထမအကြိမ်စကားစစ်ထိုးပွဲ ပြီးနောက် ဒီမိုကရက်တစ်သမ္မတလောင်း Joe Biden သမ္မတလောင်းအဖြစ်ကနေ နှုတ်ထွက်ခဲ့ပြီး လက်ရှိဒုတိယသမ္မတ Kamala Harris က ဒီမိုကရက်တစ်သမ္မတလောင်း ဖြစ်လာပါတယ်။
ဒုတိယအကြိမ်မှာတော့ ရီဘတ်ပလင်ကန် သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်
တစ်သမ္မတလောင်း Kamala Harris တို့ စကားစစ်ထိုးခဲ့ပြီး Kamala Harris က အသာစီးရခဲ့ပါတယ်။
တတိအကြိမ် စကားစစ်ထိုးပွဲပြုလုပ်ဖို့ Kamala Harris ကရော ပွဲစီစဉ်သူတွေဘက်ကရော ကမ်းလှမ်းခဲ့ပေမယ့် Donald Trump ဘက်က ငြင်းဆန်ထားပါတယ်။
- မဲပေးစနစ်
သမ္မတရွေးကောက်ပွဲတွေကို Electoral College နည်းနဲ့ မဲပေးရွေးချယ်ကြတာပါ။ မဲအများဆုံးရသူက အနိုင်ရသူမဟုတ်ပါဘူး။
အမေရိကန်ပြည်သူတွေဟာ သူတို့ရဲ့ သမ္မတကို တိုက်ရိုက်ရွေးချယ်ခွင့် မရကြပါဘူး။ အမေရိကန်နိုင်ငံဟာ ပြည်နယ် ၅၀ နဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်နယ်တခုချင်းစီရဲ့ လူဦးရေအချိုးအစားပေါ်မူတည်ပြီး Electoral College မဲအရေအတွက် ကွာခြားကြပါတယ်။ လူဦးရေးများတဲ့ ပြည်နယ်တွေဟာ Electoral College မဲအရေအတွက် ပိုများပြီး လူဦးရေနည်းတဲ့ ပြည်နယ်တွေမှာတော့ Electoral College မဲအရေအတွက် နည်းပါတယ်။
နမူနာအနေနဲ့ California ပြည်နယ်မှာ Electoral College မဲ ၅၄ မဲ ရှိပြီး Alaska ပြည်နယ်မှာ Electoral College မဲ ၃ မဲ ပဲ ရှိပါတယ်။
အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၅၀ မှာ Electoral College မဲပေါင်း ၅၃၈ မဲ ရှိပြီး မဲစုစုပေါင်း ၂၇၀ ရရှိသူဟာ သမ္မတအဖြစ်အရွေးချယ်ခံရမှာ ဖြစ်ပါတယ်။ အရွေးချယ်ခံရတဲ့ သမ္မတရဲ့ ဒုတိယသမ္မတလောင်းဟာလည်း အလိုအလျောက် ဒုတိယသမ္မတ ဖြစ်လာမှာပါ။
- ပါတီအမာခံပြည်နယ်တွေ
အမေရိကန်နိုင်ငံရဲ့ ပြည်နယ် ၅၀ မှာ ဒီမိုကရက်တစ်အမာခံပြည်နယ်နဲ့ ရီဘက်ပလစ်ကန်အမာခံပြည်နယ်ဆိုပြီး ရှိပါတယ်။ ဆိုလိုတာက အဲ့ဒီပြည်နယ်တွေမှာ ဘယ်ပါတီက သမ္မတလောင်းအနိုင်ရမယ်ဆိုတာ ရာနှုန်းပြည့်နီးပါး ကြိုတင်ခန့်မှန်းနိုင်ပါတယ်။
ရီဘက်ပလစ်ကန်အမာခံပြည်နယ်တွေကို အနီရောင်နဲ့ သတ်မှတ်ပြီး အနီရောင်ပြည်နယ်တွေလို့ ခေါ်ကြပါတယ်။ ဒီမိုကရက်တစ်အမာခံပြည်နယ်ကို အပြာရောင်နဲ့သတ်မှတ်ပြီး အပြာရောင် ပြည်နယ်တွေလို့ ခေါ်ပါတယ်။
ပြည်နယ် ၅၀ မှာ ဘယ်ပါတီဘက်ကို ထောက်ခံတယ်လို့ တိတိကျကျခန့်မှန်းလို့ မရတဲ့ Swing States တွေလည်း ရှိပါတယ်။ ခရမ်းရောင်
ပြည်နယ်တွေလို့ ခေါ်ပါတယ်။ အမေရိကန်မှာ မဲပေးခွင့်ရှိသူ ၂၄၀ သန်းရှိပေမယ့် သမ္မတဘယ်သူဖြစ်မယ်ဆိုတာကို Swing States ရှိ လူသန်းအနည်းငယ်ကပဲ အဆုံးဖြတ်ပေးတယ်လို့ ဆိုကြပါတယ်။
၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် Swing States တွေကတော့ ၇ ပြည်နယ်ရှိပါတယ်။ Arizona, Georgia, Michigan, Nevada, North Carolina, Pennsylvania နဲ့ Wisconsin တို့ပဲ ဖြစ်ပါတယ်။၂၀၂၀ခု သမ္မတရွေးကောက်ပွဲတုန်းက North Carolina တပြည်နယ်ပဲ ရီဘက်ပလစ်ကန်ပါတီက Donald Trump အနိုင်ရခဲ့ပြီး ကျန် ၆ ပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီက Joe Bidden က အနိုင်ရခဲ့တာပါ။
လက်ရှိအချိန်ထိ သုတေသနစစ်တမ်းတွေအရ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Kamala Harris ဟာ ရီဘတ်ပလင်ကန်ပါတီရဲ့ သမ္မတလောင်း Donald Trump ထက် ရွေးချယ်ခံရမှုနှုန်း အနည်းငယ် အသာစီးရရှိနေပါတယ်။
The Tanintharyi Times