အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သား ၃ ဦးသေဆုံး
အောက်တိုဘာလအတွင်း တနင်္သာရီတိုင်းမှာ လက်နက်ကြီးနဲ့ ဒရုန်းကြောင့် အရပ်သား ၃ ဦးသေဆုံး
တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ထိခိုက်သေဆုံးသူတွေထဲကတစ်ဦးကတော့ ရေဖြူမြို့နယ်ကဖြစ်ပြီး ကျန်သူတွေကတော့ တနင်္သာရီမြို့နယ်က ဖြစ်ပါတယ်။
တနင်္သာရီမြို့နယ်ထဲ ဒရုန်းဗုံးသီးချတိုက်ခိုက်ခံရတာကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရတဲ့ ဖြစ်စဥ်ကတော့ ၄ ခု အထိရှိခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်က တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာက စာသင်ကျောင်းကို စစ်ကောင်စီအမြောက်တပ် အမတ (၃၀၆) က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီဒရုန်းဗုံးသီးချတိုက်ခိုက်မှုမှာ စာသင်ကျောင်းဘေးက နေအိမ်မှာရှိနေတဲ့ အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ အနောက်မော်တုန်းရွာခံတွေဆီကသိရပါတယ်။
“ အခုလတွေမှာ လက်နက်ကြီးထက် ဒရုန်းရန်ကို ပိုကြောက်နေရတယ်။ လက်နက်ကြီးက အသံစကြားပြီဆိုတာနဲ့ ရှောင်လို့မှီသေးတယ်။ ဒရုန်းကအသံတိတ်လာချတာဆိုတော့ ကျနော်တို့ရွာသားတွေ ဘာအလုပ်မှ လုပ်လို့မဖြောင့်ဘူးဗျ” လို့ အနောက်မော်တုန်းရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက်၊ ၁၀ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း တနင်္သာရီမြို့နယ်၊ အနောက်ဘန်လောရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
ဗုံးသီးချတိုက်ခိုက်မှုတွေကြောင့် ဘန်လောရွာက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦး၊ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးတို့ ထိခိုက်ဒဏ်ရာတွေ အသီးသီးရရှိခဲ့ကြတယ်လို့ ဘန်လောရွာဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးခဲ့တဲ့ဖြစ်စဥ်ကတော့ ၂ ခုရှိခဲ့ပြီး တနင်္သာရီမြို့နယ်နဲ့ ရေဖြူမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့က တနင်္သာရီမြို့နယ်အခြေစိုက် အမြောက်တပ် အမတ (၃၀၆) တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာကားလမ်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
တမုတ်ချုံရွာကားလမ်းမ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်မှာ ခရီးသွားပြည်သူတွေထဲက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး အမေဖြစ်သူနဲ့ တခြား ခရီးသွားအမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ ညင်းထွေးရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ ဝန်းကျင်အရွယ် ဒေသခံအမျိုးသား ၁ ဦး သေဆုံးခဲ့ပါတယ်။
အောက်တိုဘာလအတွင်း တိုင်းအတွင်း မြေမြုပ်မိုင်းနင်းမိတာကြောင့်အရပ်သားတစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အောက်တိုဘာလ ၁၇ ရက်နေ့က ပုလောမြို့နယ်၊ ကြဲရွာတိုက်ပွဲတွေကြောင့် ကားလမ်းပိတ်နေချိန် အပေါ့သွားတဲ့ ကားသမား ၁ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တာပါ။
အောက်တိုဘာလထဲမှာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုကြောင့် အရပ်သားအပြင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေထိခိုက်သေဆုံးတာလည်းရှိခဲ့ပါတယ်။
အောက်တိုဘာ ၂၅ ရက်နေ့က ဗောဓိကမ်းရွာနဲ့ ဘန်လောရွာကြားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘန်လောရွာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။
“ ဘန်လောတဝိုက်ကို ဒီတလလုံး တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဆက်တိုက်ချနေတာဗျ” လို့ မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။
ဘန်လောရွာဟာ ပြီးခဲ့တဲ့ စက်တင်ဘာအတွင်း တနင်္သာရီမြို့နယ်က နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ရွာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်ကကောက်ယူထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၄ ခုနှစ် ၁၀ လတာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ မြေမြုပ်မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေကြောင့် အရပ်သား ၄၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၅၂ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
The Tanintharyi Times
