တနင်္သာရီမှာ ဩဂုတ်လအတွင်း လက်နက်ကြီးနဲ့ မိုင်းကြောင့် အရပ်သား ၃ ဦးထက်မနည်းသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

တနင်္သာရီမှာ ဩဂုတ်လအတွင်း လက်နက်ကြီးနဲ့ မိုင်းကြောင့် အရပ်သား ၃ ဦးထက်မနည်းသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

ပုံစာ - ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်က ထားဝယ်၊ အရှေ့တောဒေသမှာ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ကလေးငယ် (ပုံဟောင်း)

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီထဲကမှ လက်နက်ကြီးကြောင့် သေဆုံးတာ ၃ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရတာက ၉ ဦးထက်မနည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်လလုံးမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးပစ်ခတ်တာတွေအပြင် ကျေးရွာတွေဘက်ကို ခြေလျင်စစ်ကြောင်းထိုးရာမှာလည်း လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းထိုးတာတွေ တောက်လျှောက်ပြုလုပ်ခဲ့တယ်လို့ တိုင်းအတွင်း ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ ဝင်တွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်လို့ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့တဲ့ မြို့နယ်တွေကတော့ ရေဖြူ၊ ထားဝယ်၊ လောင်းလုံးနဲ့ ပုလောမြို့နယ်တွေပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ ရက်က ပုလောမြို့နယ်၊ ပလရဲစခန်းက ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ကြောင့် တိုကျေးရွာအုပ်စု၊ တန်းရှင်းရွာက အသက်လေးနှစ်အရွယ် ယောင်္ကျားလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဩဂုတ် ၁၇ ရက်နေ့မှာလည်း စစ်ကောင်စီခြေလျင်စစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်စ ထိမှန်တာကြောင့် ဆေးကုသမှုခံယူနေရတဲ့ ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာက အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး ဟာ ဩဂုတ် ၈ ရက်နေ့မှာလက်နက်ကြီးထိမှန်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လင်မယားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဩဂုတ် ၂၂ ရက်မှာလည်း ထားဝယ်မြို့ပေါ်၊ ဆင်ဆိပ်ရပ်ကွက်၊ ထားဝယ်မြစ်ကမ်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ထားဝယ်မြို့ ထိန်တွင်းရပ်ကွက်က အသက် ၈၀ ကျော်အရွယ် အဖွားတစ်ဦး သေဆုံးခဲ့ပါတယ်။

“ လက်ရှိတိုင်းအတွင်းမှာ လက်နက်ကြီးရန်နဲ့ လေကြောင်းရန်က တကယ်စိုးရိမ်စရာဖြစ်တယ်။ စစ်ကောင်စီက စစ်ကြောင်းထိုးရင်ဖြစ်ဖြစ် သူတို့အတိုက်ခံရရင်ဖြစ်ဖြစ် ပြည်သူတွေရှိလောက်မဲ့နေရာတွေကိုပဲ ဦးတည်ပြီး လက်နက်ကြီးပစ်တာများတယ်” လို့ ပုလောမြို့နယ် ဒေသတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်က ရေဖြူမြို့နယ်၊ ညင်းထွေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးကြီး တစ်ဦးနဲ့ အသက် ၂၀ ဝန်းကျင်အရွယ် သမီးဖြစ်သူတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်က မောင်းမကန်ရဲစခန်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးက မောင်းမကန်-ပန်းတင်အင်းသွားလမ်းပေါ်က နေအိမ်အပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းက မိခင်နဲ့ ကလေးနှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဩဂုတ် ၂၀ ရက်နဲ့ ၂၉ ရက်တွေမှာတော့ စစ်ကောင်စီခြေလျင်စစ်ကြောင်းက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် လောင်းလုံး မောင်းမကန်ရွာနဲ့ ပြင်ကြီးရွာက ဒေသခံ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မြေမြုပ်မိုင်းကြောင့် တိုင်းအတွင်း ထိခိုက်ဒဏ်ရာရရှိသူကတော့ ၄ ဦးထက်မနည်း ရှိခဲ့ပြီး မိုင်းနင်းမိတဲ့ဖြစ်စဥ်တွေကတော့ ထားဝယ်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်က ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး နေအိမ်ကို ပစ္စည်းတွေပြန်ယူချိန်မှာ မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ခြေထောက်ဖြတ်တောက်ရတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၁၆ ရက်မှာလည်း ပုလောမြို့နယ် ၊ မီးလောင်ချောင်းရွာက အသက် ၂၀ ဝန်းကျင်အရွယ်လူငယ်တစ်ဦး ခြေနင်းမိုင်းထိပြီး ခြေထောက်တဖက်ပြတ်တောာက်ခဲ့ရပါတယ်။

ဩဂုတ် ၂၁ ရက်မှာတော့ တနင်္သာရီမြို့နယ်၊ အော်ကြီးရွာမှာ မိုင်းနင်းမိသူအမျိုးသမီးကို သွားရောက်သယ်ယူတဲ့ ဒေသခံအမျိုးသားပါ မိုင်းထပ်နင်းမိတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့ပါတယ်။ မိုင်းထိသူနှစ်ဦးစလုံး ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပြီး ခြေထောက်တဖက်စီဖြတ်တောက်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ တနင်္သာရီဘက်မှာရှိတဲ့ စစ်တပ် တပ်ရင်းတွေမှန်သမျှ သူတို့အနီးတဝိုက်မှာ မိုင်းထောင်ထားတာတွေ ဖြစ်ကုန်ပြီဗျ။ အရမ်းကို သတိထားပြီးသွားလာရတယ်။ အော်ကြီးမှာဖြစ်သွားတာကတော့ တော်တော်လေးကို ဆိုးဝါးပါတယ်” တနင်္သာရီမြို့နယ်၊ အနောက်မော်တုန်းရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေရဲ့ အနီးတဝိုက်သာမက အရပ်သားပြည်သူတွေ သွားလာတဲ့ လမ်းတွေနဲ့ ကျေးရွာအနီးနားတွေမှာပါ မြေမြုပ်မိုင်းထောင်ထားတာတွေကို ပြုလုပ်လာတာကြောင့် ဒေသခံပြည်သူတွေ အခက်တွေ့ရတယ်လို့ တနင်္သာရီမြို့နယ်ရဲ့ ကျေးလက်နေပြည်သူတွေက ဆိုပါတယ်။

တနင်္သာရီတိုင်းမ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်၊ ရှစ်လတာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ မြေမြုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းတွေကြောင့် အရပ်သား ၂၉ ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀ ထက်မနည်း ရှိနေပြီဖြစ်ပါတယ်။

The Tanintharyi Times