တိုင်းပြည်အနာဂတ်ကို သင်းသတ်နေတဲ့ ပညာရေးစနစ်
တိုင်းပြည်အနာဂတ်ကို သင်းသတ်နေတဲ့ ပညာရေးစနစ်
အာဏာရှင်စနစ်ရဲ့ စိမ့်ဝင်ပျံ့နှံ့နိုင်စွမ်းဟာ ကျွန်မတို့ နိုင်ငံရဲ့ ဘယ်ကဏ္ဍမှာမဆို တွေ့မြင်နိုင်ပါတယ်။ ဒီစနစ်ဆိုးကြီး လည်ပတ်နေတာကလည်း နှစ်ကာလကြာမြင့်နေပြီမို့ အမြစ်တွယ်မှုကလည်း နက်ရှိုင်းလွန်းလှတယ်။ နိုင်လိုမင်းထက် ပြုကျင့်မှုတွေ၊ အကြောက်တရားနဲ့ ခြောက်လှန့်အုပ်စိုးမှုတွေဟာ နေရာတိုင်းလိုလိုမှာ တွေ့နေရတယ်။
“ပေဖြစ်လျှင်ခံ၊ တူဖြစ်လျှင်နှံ” ဆိုတဲ့ ကြီးနိုင်ငယ်ညှဉ်းဝါဒဟာ အာဏာရှင်စနစ်ဆိုး မီးတောက်ကြီးကို အလျှံတညီးညီး တောက်လောင်နေအောင် မီးစာဖြည့်ပေးကြတယ်။ စနစ်ဆိုးကြီးကို အမြစ်ဖြတ်ဖို့ ကြိုးစားတဲ့အခါ အကြမ်းဖက်စစ်တပ်ကို ဖြိုဖျက်နိုင်ရုံနဲ့ လုံလောက်တယ် မထင်ပါဘူး။ ကိုယ်စီရင်ထဲမှာ ကြွင်းကျန်နေတဲ့ လက်ခံကျင့်သုံးမှု အမှားတွေ၊ အတွေးအခေါ် အယူအဆမှားတွေကိုလည်း သတိကြီးကြီးထားပြီး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် စနစ်ဆိုးကြီး အဓွန့်ရှည်တည်တံ့နေအောင် တစ်နည်းတစ်ဖုံ ရေလောင်းပေါင်းသင်ပေးနေတဲ့ ယန္တရားတွေကိုလည်း သတ္တိရှိရှိ အမြော်အမြင်ကြီးကြီးနဲ့ ပြုပြင်ပြောင်းလဲဖို့ အရေးကြီးပါတယ်။ အာဏာရှင် အကျင့်စရိုက် လွှမ်းမိုးခံထားရတဲ့ နေရာတွေထဲမှာ ပညာရေးကဏ္ဍဖြစ်တဲ့ စာသင်ကျောင်းဟာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ကလေးတွေရဲ့ ပညာရေးအတွက် အရေးကြီးဆုံးနေရာဟာ ကလေးတွေရဲ့ အနာဂတ်ကို သတ်ပစ်နေတဲ့နေရာ ဖြစ်မှန်းမသိ ဖြစ်နေခဲ့တယ်။
စာသင်ကျောင်း အိပ်မက်ဆိုးဟာ ကျွန်မကို အခုအချိန်ထိ ခြောက်လှန့်နေဆဲပါ။ စာသင်ကျောင်းဆိုတာ ကျွန်မအတွက်တော့ အားငယ်စိတ်၊ ကြောက်ရွံ့စိတ် စတဲ့ စိတ်ဒဏ်ရာတွေ ရခဲ့တဲ့နေရာ။ ကလေးတစ်အုပ်ကို အခန်းတွေထဲ သွတ်သွင်းပြီး တစ်သွေးတစ်သံတစ်မိန့်နဲ့ လိုချင်တဲ့ ပုံစံခွက်တစ်ခုထဲရောက်အောင် ပုံသွင်းခံထားရတဲ့ သက်ရှိအရုပ်လေးတွေ စုပုံထားတဲ့နေရာ။
စာသင်ကျောင်းဆိုတာ ကလေးတွေရဲ့ ပညာသင်ကြားရေးအတွက် အဓိကကျတဲ့ နေရာတစ်ခုပါ။ အသိဉာဏ်ထက်မြက်ဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့အပြင် စဉ်းစားဆင်ခြင်နိုင်စွမ်း၊ ဝေဖန်သုံးသပ်နိုင်စွမ်း၊ အမှန်အမှား ခွဲခြားသိမြင်စွမ်း စတဲ့ အရည်အသွေးကောင်းတွေကို မွေးထုတ်ပေးရာနေရာလို့ သတ်မှတ်ထားကြတယ်။
ဒါပေမယ့် အာဏာရှင်အုပ်စိုးရာ တိုင်းပြည်မှာတော့ စာသင်ကျောင်းဟာ အာဏာရှင်တို့ သက်ဆိုးရှည်ဖို့အတွက် အသုံးချစရာနေရာ၊ ပြည်သူတွေ အသိဉာဏ်နုံနဲ့ဖို့ ဦးနှောက်မှိုင်းတိုက်ရာနေရာ၊ ကလေးတွေရဲ့ အနာဂတ်ကို သင်းသတ်ရာ နေရာတစ်ခု ဖြစ်သွားခဲ့ရတယ်။
ဒီနေရာမှာ စာသင်ပေးတဲ့ ဆရာ၊ဆရာမတွေကို အပြစ်မြင်တယ်လို့ မဆိုလိုပါဘူး။ စနစ်ရဲ့သားကောင်အဖြစ်နဲ့ အာဏာရှင် ယန္တရားထဲ ကျင်လည်နေရတဲ့ သူတွေမို့လား။ သိစိတ်နဲ့ဖြစ်စေ၊ မသိစိတ်နဲ့ဖြစ်စေ လက်ခံကျင့်သုံးမှု ပုံစံက အာဏာရှင်ဆန်သွားတတ်ကြတယ်။
ဆရာဖြစ်သူဟာ ကျောင်းသားကို ကောင်းစားစေချင်တဲ့ စိတ်စေတနာနဲ့ဆိုရင် စိတ်ရှိရိုက်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆဟာ စာသင်ကျောင်းမှာ နှစ်ရှည်လများ ကျင့်သုံးနေတဲ့ ဓလေ့တစ်ခု ဖြစ်လာတယ်။ ကျွန်မတို့ သင်ရတဲ့ ပုံပြင်မှာလည်း နှမ်းခိုးစားတဲ့ မင်းသားကို သူ့ဆရာက ဝါးခြမ်းပြားနဲ့ ရိုက်လိုက်လို့ နောင်မခိုးရဲတော့ဘဲ ရှင်ဘုရင်ဖြစ်သွားတယ်လို့ ဆိုထားသကိုး။
အဖြစ်သနစ်တစ်ခုရဲ့ ကောင်းကျိုးဆိုးပြစ်ကို ရှင်းပြပြီး ဆိုဆုံးမတာထက် အမှားကိုအမှန်ပြင်စေချင်ရင် ရိုက်ပြင်မှရမယ်ဆိုတဲ့ အတွေးမျိုးကို သွတ်သွင်းလိုက်တာပါပဲ။ ဒီလိုနဲ့ အထက်အောက် ဆက်ဆံရေးမျိုးတွေ၊ အာဏာပါဝါပြလို့ရတဲ့ သင်ကြားမှုပုံစံတွေဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းမှာ လက်ခံကျင့်သုံးပြီး စက်ဝိုင်းလို ပုံမှန်လည်ပတ်တဲ့အရာတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ်။
၁၉၉၀ ကနေ ၂၀၀၀ ခုနှစ်လောက်အထိ ကျွန်မရဲ့ အခြေခံပညာသင်ကြားတဲ့ဘဝကို ဖြတ်သန်းခဲ့ရတယ်။ အာဏာရှင်ယန္တရားကြီး အားကောင်းမောင်းသန် လည်ပတ်နေတဲ့ အချိန်ပါပဲ။ ကျွန်မနေရတဲ့ကျောင်းက ပြည်နယ်ထဲမှာ ပ၊ဒု၊တ အမြဲတမ်းဝင်၊ အောင်ချက်အလွန့်အလွန်ကောင်းတဲ့ နာမည်ကြီးကျောင်း။ ကျွန်မတို့ကျောင်းမှာ ကျောင်းသူ/သားတွေ အမှတ်များဖို့နဲ့ အဆင့်ကောင်းဖို့ကိုပဲ ဦးစားပေးပါတယ်။ တခြား အားကစား၊ အနုပညာ စတဲ့ ကျောင်းလှုပ်ရှားမှုတွေကို မလုပ်မဖြစ်သဘောမျိုးနဲ့ အပြသဘောလောက်ပဲ လုပ်ကြတယ်။
ကျောင်းအုပ်ကြီးရဲ့မျက်နှာမှာ ဘယ်တော့မှ အရယ်အပြုံး မတွေ့ရဘူး။ ကျောင်းမှာ အာဏာအရှိကြဆုံး ဆရာမတွေဆိုရင် မျက်နှာက အမြဲတမ်း ခက်ထန်နေတတ်တယ်။ ကိုယ့်အတန်းမှာသင်တဲ့ ဆရာမဆီမှာ ကျူရှင်မတက်ထားတဲ့ ကျောင်းသားဆို သူ့စာသင်ချိန်မှာ မျက်နှာငယ်လေးနဲ့။ ကျွန်မအတန်းဖော် သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်တန်းလုံးရဲ့ ရှေ့မှာ ရှက်သွားအောင် အပြောခံလိုက်ရလို့ မျက်ရည်ကျနေတဲ့ သူ့မျက်နှာကို အခုထိ မြင်ယောင်မိသေးတယ်။ သူက အဲဒီဆရာမဆီမှာ ကျူရှင်မတက်တဲ့ ကျောင်းသားတစ်ယောက်ပေါ့။
ကလေးတွေက ကျောင်းနဲ့ကျူရှင်၊ ကျူရှင်နဲ့ကျောင်း ပြေးရလွန်းလို့ ဖတ်ဖတ်မောနေတဲ့ တစ်နေ့တာမှာ ပညာရေးဟာ လူကြီးတွေအတွက် စီးပွားရေးဈေးကွက်တစ်ခု ဖြစ်လာနေခဲ့တယ်။ ကျူရှင်မှမတက်ရင် ကျောင်းမှာစာလိုက်နိုင်ဖို့ လမ်းမမြင်။ ကျူရှင်ဟာ ပညာသင်ကြားရေးရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စနစ်ဆိုးကြီးက ဖန်တီးထားခဲ့တယ်။
ဒီလို ပြေးလွှားနေရလို့ မနက်စာမစားရတဲ့ ကျွန်မသူငယ်ချင်းက ဗိုက်ဆာလွန်းလို့ ထင်ရဲ့။ နေ့လည် ကျောင်းမလွှတ်ခင် ချိုင့်ထဲက ထမင်းတစ်လုတ် ခိုးစားမိတယ်။ ဘာ့ကြောင့် အဲဒီလို လုပ်ရသလဲလို့ အကျိုးအကြောင်း မမေးဘဲ ကြိမ်တုတ်နဲ့ ခပ်ပြင်းပြင်းရိုက်ချက်တွေက သူ့လက်မောင်းပေါ်မှာ ရွှမ်းကနဲ ရွှမ်းကနဲ မြည်သွားတယ်။
အဲဒီမိန်းကလေးက အတော်လေးရိုးပါတယ်။ စားလည်းကြိုးစားတယ်။ တစ်တန်းလုံးရဲ့ အကြည့်က သူ့ဆီမှာ။ ဆယ်တန်းကျောင်းသူတစ်ယောက်မို့ အတန်းဖော်တွေရှေ့မှာ သူဘယ်လောက်အထိ ရှက်နေရှာလိမ့်မလဲ။ ကျွန်မက အဲဒီမြင်ကွင်းကို ကြောက်လွန်းလို့ တစ်ကိုယ်လုံးတုန်နေတာကိုတော့ အခုထိ မှတ်မိနေသေးတယ်။
အဆိုးဆုံးက ပြင်ပဗဟုသုတ စာပေတွေ ဖတ်တာကို အားမပေးတာပါပဲ။ ကျောင်းစာမှ ကျောင်းစာ၊ ကာတွန်းတွေ ဝတ္ထုတွေ ဖတ်ချင်ရင် ခိုးဖတ်ရတယ်။ ကျွန်မတို့ ကိုးတန်းနှစ်မှာ သဘောထားနည်းနည်း ပျော့ပြောင်းတဲ့ ဆရာမတစ်ယောက်က “ဦးသန့်” အကြောင်း ပြောပြတယ်။ ကျွန်မတို့ အားကျစေဖို့ ထင်ပါရဲ့။ ဒါပေမယ့် တစ်ဝက်တစ်ပျက်ပဲ ပြောလိုက်ရပါတယ်။ ဦးသန့်ဆုံးပြီးနောက် ဇာတ်လမ်းကို ကျွန်မတို့ ဘယ်လိုမေးမေး သူ မပြောရဲတော့ဘူး။
ဆရာ၊ ဆရာမများကလည်း သူတို့အထက်အဆင့်ဆင့်ကို အသေအလဲ ကြောက်နေရရှာသူတွေပါ။ ၈၈ အရေးအခင်းမှာ ပါဝင်လို့ ထောင်ချခံထားရတဲ့ ဆရာဝန်တစ်ယောက်ရဲ့ သမီးလေးဆို ဘယ်ဆရာမကမှ ခေါ်ပြောနှုတ်ဆက် မလုပ်ရဲကြဘူး။ ကျောင်းမှာ အပယ်ခံဘဝ ရောက်ရရှာတယ်။
ဆန့်ကျင်ဘက်အနေနဲ့ စစ်တပ်ထဲက ရာထူးကြီးကြီးတစ်ယောက်ရဲ့ သမီးကိုတော့ ဖူးဖူးမှုတ်ထားရတယ်။ စာသိပ်မရလည်း အတော်ဆုံးကျောင်းသားတွေထားတဲ့ စပါယ်ရှယ်အခန်းမှာပဲ သူ့ကိုထားရတယ်။ သူ့အတွက် ကျောင်းနောက်ကျတာ၊ အိမ်စာမပြီးတာမျိုးက သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သူ့ကိုကြည့်လိုက်ရင် ခြေသံတဒုံးဒုံးနဲ့ ပျော်ပျော်ပါးပါး၊ ဘယ်ဆရာမကိုမှ ကြောက်စရာမလို။
ဝန်ကြီးတွေနဲ့ ဘဘအဖွဲ့တွေ ကျောင်းလာတဲ့ရက်ဆို ဆရာမတွေခမျာ အလွန်တရာ ဗျာများကြရရှာတယ်။ လနဲ့ချီ ကြိုတင်ဇာတ်တိုက်ရ၊ အသေးအဖွဲလေးကအစ အမှားအယွင်းမရှိအောင် ကြိုးစားကြရပုံပါပဲ။ ဗိုလ်မှူးကြီးကို ခါးညွှတ်ပြီးကြိုဆိုဧည့်ခံနေတဲ့ ဆရာမကြီးရဲ့ ပြုံးတမြမြ မျက်နှာနောက်မှာ ကျွန်မတို့ကတော့ မျက်စိပေကလပ်နဲ့ အားလုံးမတ်တပ်ရပ် “မင်္ဂလာပါ ဘဘဗိုလ်ချုပ်ကြီး” ပေါ့။
ကိုယ်စီအကြောက်တရားနဲ့ လည်ပတ်နေတဲ့ အုပ်ချုပ်ပုံ နည်းစနစ်တွေဟာ အာဏာရှင်သက်ဆိုးရှည်နေအောင် ဆွဲဆန့်ပေးနေတာနဲ့ အတူတူပါပဲ။ ငယ်ငယ်တုန်းက စာသင်ကျောင်းအကြောင်း တွေးမိပြီး ဒီနေ့အခြေအနေက ဘယ်လိုရှိနေလိမ့်မလဲလို့ စနည်းနာကြည့်မိတယ်။
လက်ရှိ စစ်ကောင်စီစာသင်ကျောင်းရဲ့ သင်ကြားမှုပုံစံကို နီးစပ်ရာ တီးခေါက် မေးမြန်းကြည့်တော့ ကြောက်စိတ်အရင်းခံနဲ့ ပြစ်ဒဏ်ပေးတဲ့ နည်းစနစ်တွေကို အသုံးပြုနေကြဆဲပါပဲ။ ကလေးတွေဟာ ကျူရှင်နဲ့ကျောင်း၊ ကျောင်းနဲ့ကျူရှင် ပြေးလွှားလည်ပတ်နေရဆဲ။ အကျိုးအကြောင်း မသိဘဲ အလွတ်ကျက်ရတဲ့ နည်းစနစ်နဲ့ အသင်ကြားခံနေရဆဲ။ အရိုက်ခံရတာ၊ ထိုင်ထလုပ်ရတာ၊ အတန်းရှေ့မှာ အရှက်ရအောင် ပြောဆိုခံရတာမျိုးကို ဆိုဆုံးမမှု ပုံစံတစ်ခုအနေနဲ့ ကျင့်သုံးနေကြဆဲ။
စစ်ကောင်စီ စာသင်ကျောင်းတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းကအတိုင်း ဘာမှ အပြောင်းအလဲမရှိ အာဏာရှင်အကျင့်ဓလေ့တွေနဲ့ လည်ပတ်နေဆဲပါပဲလား။ ပညာရေးစနစ်ကို ဖျက်ဆီးပစ်တာဟာ တိုင်းပြည်အနာဂတ်ကို မီးတင်ရှို့သတ်ပစ်နေတာနဲ့ အတူတူပါပဲ။
တော်လှန်ရေးအလွန် တိုင်းပြည်တည်ဆောက်ရေး ကာလမှာ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးဟာ ပထမဦးစားပေးလုပ်ဆောင်ရမယ့် အရာတစ်ခု ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ဖက်ဆစ်တပ်ကြီး ပြိုပျက်သွားစေဦးတော့။ တိုင်းပြည်အနာဂတ်ကို သင်းသတ်နေတဲ့ အာဏာရှင်အလိုကျ ပညာရေးစနစ်ဟာ စာသင်ကျောင်းမှာကစပြီး အမြစ်တွယ် လည်ပတ်နေဦးမှာပဲ ဖြစ်ပါတယ်။
ငြိမ်းပန်
The Tanintharyi Times
