ဒဏ်ရာရ အနာဂတ်ကြယ်ပွင့်လေးတွေ လင်းလက်တောက်ပဖို့ ဘယ်လိုကုစားကြမလဲ
ဒဏ်ရာရ အနာဂတ်ကြယ်ပွင့်လေးတွေ လင်းလက်တောက်ပဖို့ ဘယ်လိုကုစားကြမလဲ
အခုတလော စိတ်အတွေးထဲမှာ ခဏခဏပေါ်လာတဲ့ မြင်ကွင်းတစ်ခုရှိတယ်။ ရုပ်ပျက်ဆင်းပျက် သေဆုံးနေတဲ့ ကလေးတစ်ယောက်ရဲ့ အလောင်းကို ကယ်ဆယ်ရေးလုပ်သားတစ်ဦးက လက်နှစ်ဖက်နဲ့ ပွေ့ချီထားတဲ့ပုံ။ လက်လေးတွေတွဲလောင်းကျနေတဲ့ အသက်မဲ့ ကလေးလေးရဲ့ပုံကို ကြည့်ပြီး ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ ဆရာမတွေအမြဲတမ်း ပြောပြောနေတဲ့ စကားတစ်ခွန်းကို သွားသတိရမိတယ်။
မူလတန်းကစပြီး အတန်းတိုင်းက ဆရာမတွေက ခဏခဏ အဲဒီစကားကိုပြောပြီး ဆုံးမကြတယ်။ “ကလေးဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ခေါင်းဆောင်တွေ၊ အနာဂတ်ကြယ်ပွင့်လေးတွေ” တဲ့။ အဲဒီအနာဂတ် ကြယ်ပွင့်လေးတွေအတွက် အကြမ်းဖက်စစ်တပ်ပေးလိုက်တဲ့ လက်ဆောင်က ကျည်ဆံတွေ၊ ဗုံးတွေ ဖြစ်နေခဲ့တယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လက်ချက်ကြောင့် ကျွန်မတို့အနာဂတ်လေးတွေ တဖြုတ်ဖြုတ်ချွေချခံနေရတယ်။ သွေးစတွေပေနေတဲ့ စာအုပ်အပိုင်းအစတွေ၊ ဗုံးဒဏ်ကြောင့် ကိုယ်ခန္ဓာ အပိုင်းအစတောင် ရှာလို့မရတော့တာတွေ၊ လူတန်းရှည်ကြီးထဲမှာ ပစ္စည်းတွေ မနိုင်မနင်းသယ်ရင်း လူကြီးခြေလှမ်းနဲ့အပြိုင် အပြေးလိုက်နေရတာတွေ၊ စစ်ရှောင်စခန်းထဲမှာ တိုးဝှေ့ကျပ်ညှပ်ပြီး ဘယ်အချိန်ဗုံးမိုးရွာချမလဲလို့ ထိတ်လန့်နေရတာတွေ။ အဲဒါက ကျွန်မတို့ တိုင်းပြည်ရဲ့ အနာဂတ်ကြယ်ပွင့်လေးတွေတဲ့။
တိုင်းပြည်ရဲ့အနာဂတ် ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ အခုလက်ရှိ ကလေးတွေကို ဘယ်နည်းဘယ်ပုံ ပြုစုစောင့်ရှောက်သလဲ ဆိုတာနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ဆိုစမှတ်ပြုကြတယ်။ အာဏာရှင်ကြီးတွေက သူတို့အာဏာအမြစ်တွယ်နိုင်ဖို့အတွက် ပညာရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးပြီး ကလေးတွေရဲ့ အနာဂတ်ကို သတ်ပစ်လိုက်ရုံမကဘူး။ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ ဖမ်းဆီးတာတွေကို ဒီနေ့အထိ ရက်ရက်စက်စက် ကျူးလွန်နေဆဲပါပဲ။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စစ်တမ်းအရ ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစပြီး အခု ၂၀၂၃ အောက်တိုဘာလအထိ အကြမ်းဖက်စစ်တပ်ကြောင့် သေဆုံးခဲ့ရတဲ့ ကလေး အယောက် ၅၀၀ နီးပါး ရှိသွားခဲ့ပါပြီ။ ဒါ့အပြင် မတရားဖမ်းဆီးခံရသူ နှစ်သောင်းဝန်းကျင်ထဲမှာ ကလေးအယောက် ၇၀၀ နီးပါး ပါဝင်နေပါတယ်။
တိုင်းပြည်အနာဂတ်အတွက် တန်ဖိုးအကြီးဆုံး ကလေးတွေကို သတ်ဖြတ်ပစ်တဲ့အထိ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်တွေကို သူတို့နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်ကျခံစေရအောင် ဝိုင်းဝန်းကြိုးစားကြရပါမယ်။ ကလေးတွေ ဒီလိုအဖြစ်ဆိုးမျိုး နောင်ဘယ်တော့မှ ထပ်မကြုံရအောင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပစ်နိုင်ဖို့က သိပ်ကိုအရေးကြီးပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းကြိုးစားအားထုတ်မှုတွေနဲ့ အာဏာရှင်စနစ်ကို အမြစ်ကနေမြေလှန်ဖြတ်တောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ဖက်ဆစ်တပ်လက်ချက်ကြောင့် သေဆုံးသွားရတဲ့ ကလေးတွေရဲ့ ပုံရိပ်တချို့ကို ပြန်တွေးနေရင်းက အကျဉ်းချခံနေရတဲ့ကလေးတွေ၊ စစ်ပွဲတွေကြား ဟိုပြေးဒီလွှားနဲ့ ပုန်းရှောင်နေရတဲ့ ကလေးတွေရဲ့ မျက်နှာတွေကို မြင်ယောင်သွားမိတယ်။
အထိတ်တလန့်ဖြစ်နေတဲ့ ပြူးကျယ်ဝိုင်းစက်နေတဲ့ မျက်ဝန်းတွေ၊ အားငယ်ဖျော့တော့နေတဲ့ မျက်ဝန်းတွေ၊ တစုံတခုကို မျှော်လင့်တကြီးနဲ့ အားကိုးရှာနေတဲ့ မျက်ဝန်းတွေ။ ဒီမျက်ဝန်းတွေနောက်ကွယ်က ခိုကပ်နေတဲ့ စိတ်ဒဏ်ရာတွေဟာ ဘယ်လောက်အထိ နက်ရှိုင်းနေလိမ့်မလဲ။
အကြမ်းဖက်စစ်တပ်ရဲ့ နှိပ်စက်မှုဒဏ်ကို ကိုယ်တိုင်ခံခဲ့ဖူးသူတစ်ယောက်အနေနဲ့ အခုချိန်ထိ ယူနီဖောင်းမြင်တိုင်း စိတ်ထဲမှာ ထိတ်ကနဲ ဖြစ်သွားတတ်စမြဲ။ ကျွန်မမှတ်မိစ အရွယ်ကနေ အသက်ဆယ်နှစ်လောက်အထိ ဗမာစစ်သားကို နေ့နေ့ညည ကြောက်နေရတဲ့ လူမှုအဝန်းအဝိုင်းမှာ နေထိုင်ဖြတ်သန်းခဲ့ရသူပါ။
ကျွန်မငယ်ဘဝတလျှောက် ရွာထဲကို ဗမာစစ်သားတွေလာလို့ ပြေးရလွှားရ ပုန်းရရှောင်ရတာတွေက ခဏခဏပါပဲ။
အိမ်အောက်က ဗုံးခိုကျင်းထဲမှာ အထိတ်တလန့်နဲ့ နေကုန်နေခန်း ပုန်းအောင်းနေရင်းက ရွာထဲမှာ ဘယ်သူကတော့ ဘော်တာ(ပေါ်တာ)ဆွဲခံလိုက်ရပြန်ပြီ၊ ဘယ်သူ့ကို လမ်းမှာတွေ့လို့ ရိုက်နှက်နှိပ်စက်ထားပြန်ပြီ၊ ဘယ်သူက မြေမြှုပ်မိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားပြန်ပြီ စတဲ့ သတင်းတွေကို အဆက်မပြတ် ကြားနေရတယ်။ ဖုန်မှုန့်နံ့တထောင်းထောင်းနဲ့ မြေကျင်းထဲမှာ ဝပ်နေရင်းက တိုက်ပွဲဖြစ်လို့ သေနတ်သံ တဒိုင်းဒိုင်း ကြားနေရတဲ့နေ့တွေ၊ တိုက်ပွဲဖြစ်လို့ စာသင်ကျောင်းကနေ အပြေးအလွှား ပြေးပြန်လာရတဲ့ ရက်တွေကလည်း မနည်းမနော။
ဒီလိုငယ်ဘဝ ဖြတ်သန်းမှုကနေ ရလိုက်တဲ့ စိတ်မလုံခြုံမှုက အခုသက်လတ်ပိုင်းအရွယ်ရောက်တဲ့အထိ ပြေးလွှားပုန်းအောင်းရတဲ့ အိပ်မက်ဆိုးတွေ မြင်မက်နေတုန်း။ ကျွန်မတစ်သက်တာလုံး ဘယ်နေရာမှာဖြစ်ဖြစ် ယူနီဖောင်းဝတ်တွေကို တွေ့ရင် ထိတ်ကနဲ ဖြစ်သွားမိတုန်း။ ဘယ်သူတွေက စစ်သားကောင်းကြောင်းတွေ ပြောပြော အော့နှလုံးနာ ရွံရှာစိတ်ကို ဘယ်လိုမှ ဖျောက်ပစ်လို့မရခဲ့ဘူး။
ဒါပေမယ့် ကျွန်မက နှစ်ရှည်လများ စစ်ရှောင်စခန်းမှာ နေခဲ့ရတာမျိုးမရှိ။ ဗုံးဒဏ် သေနတ်ဒဏ်ကြောင့် မိသားစု ဆုံးရှုံးရတာ၊ ကိုယ်တိုင်ထိခိုက်ဒဏ်ရာ ရတာမျိုးလည်း မရှိခဲ့။ သွေးထွက်သံယိုမြင်ကွင်းကို ကိုယ်တိုင် မျက်မြင်ခဲ့တာမရှိ။ ဒါတောင် ကျွန်မစိတ်ထဲမှာ ထိတ်လန့်ကြောက်ရွံ့စိတ်တွေ၊ မဝံ့မရဲစိတ်တွေ ဒီလောက်အထိ ကိန်းအောင်းနေသေးရင် ကျွန်မထက် အဆပေါင်းများစွာ ဆိုးဆိုးရွားရွား ကြုံနေရတဲ့ လက်ရှိပဋိပက္ခဒေသထဲက ကလေးတွေရဲ့ စိတ်ဒဏ်ရာဟာ ဘယ်လောက်အထိ သူတို့ဘဝကို အကျိုးသက်ရောက်မှု ဖြစ်နေစေမလဲ။
သတင်းတွေကို လိုက်ဖတ်ကြည့်ရင်း နိုဝင်ဘာလ ၂၀ ရက်နေ့၊ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အဖြစ် “Our Life, Our Dream. ငါတို့ဘဝ၊ ငါတို့အိပ်မက်” ဆိုတဲ့ခေါင်းစဉ်နဲ့ ကလေးတွေရဲ့ ပန်းချီပြိုင်ပွဲဝင် ပန်းချီကားတွေကို တစ်ခုချင်းစီ ကြည့်နေမိတယ်။
အကြမ်းဖက်မှုကင်းပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကလေးငယ်တို့ရဲ့ နိုင်ငံတော်သစ် မျှော်လင့်ချက်ကို ဖော်ကျူးပြသတဲ့ ပန်းချီလက်ရာတွေထဲမှာ အခုလက်ရှိ သူတို့ကြုံတွေ့နေရတဲ့ အနေအထားနဲ့ သူတို့မျှော်မှန်းတဲ့ အနာဂတ်ပုံရိပ်ကို ရေးခြယ်ထားတာတွေ ကြည့်ပြီး ရင်ထဲမှာ နင့်ကနဲ ဖြစ်သွားတယ်။
ပန်းချီကားရဲ့ တဖက်ခြမ်းမှာ မိသားစုအချင်းချင်း နွေးထွေးတဲ့အပြုံးနဲ့ တစုတစည်းတည်း ထိုင်နေကြတဲ့ပုံ၊ စာသင်ကျောင်းဆီ သွားနေတဲ့ မြင်ကွင်း၊ ပန်းခြံ ဥယျာဉ်ထဲမှာ တပျော်တပါး ဆော့ကစားနေကြတာ၊ စိမ်းလန်းအေးချမ်းတဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ မြင်ကွင်းရေးခြယ်မှုတွေက သူတို့အနာဂတ်ဘဝအတွက် သူတို့လေးတွေမက်တဲ့ အိပ်မက်တွေ၊ သူတို့ရဲ့ ဆန္ဒ ရည်မှန်းချက်တွေပေါ့။
ပန်းချီကားရဲ့ နောက်တခြမ်းမှာတော့ သွေးအိုင်ထဲမှာ လဲကျနေတဲ့ ပြည်သူတွေ၊ မီးတဟုန်းဟုန်း လောင်နေတဲ့ လူနေအိမ်ခြေတွေ၊ သေနတ်တွေ၊ ဗုံးကျဲလေယာဉ်တွေ၊ ထိတ်လန့်တဲ့မျက်ဝန်းတွေနဲ့ ဗုံးခိုကျင်းထဲ ကျုံ့ကျုံ့လေး ပုန်းနေရတာတွေ၊ အထုပ်အပိုးတွေကို မနိုင်မနင်း သယ်ဆောင်ပြီး ထွက်ပြေးနေရတာတွေ စတဲ့ လက်ရှိသူတို့ဖြတ်သန်းနေရတဲ့ အခြေအနေတွေကို ရေးခြယ်ထားကြတယ်။
အဲဒီလောက် ဆိုးဆိုးဝါးဝါး မြင်ကွင်းမျိုးကို နှလုံးသားထဲမှာ တံဆိပ်ခပ်နှိပ်ခံထားရတဲ့ ကလေးတွေ။ သူတို့လေးတွေ ဒီစိတ်ဒဏ်ရာက ရုန်းထွက်နိုင်ပြီး လှပတဲ့ အနာဂတ်တည်ဆောက်နိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားကြရပါမယ်။
ကမ္ဘာ့ကလေးများနေ့ (World Children’s Day 2023) ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုက ကလေးတွေရဲ့ အနာဂတ် ပိုမိုတောက်ပလာဖို့၊ ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တွေဖြစ်အောင် ပျိုးထောင်ဖို့၊ ကလေးငယ်တွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှု လျော့ကျစေဖို့လို့ ဆိုပါတယ်။
အခုတော့ အနာဂတ်ခေါင်းဆောင်ဖြစ်ရမယ့် ကျွန်မတို့ မြန်မာပြည်ရဲ့ ကလေးငယ်တွေဟာ အရွယ်မတိုင်မီ များစွာသော အကြမ်းဖက်မှုတွေကို နေ့စဉ်ရက်ဆက် မျက်မြင်ကိုယ်တွေ့ ကြုံနေကြရတယ်။ စာသင်ခန်းမှာ ရှိရမယ့် ကလေးငယ်တွေဟာ စစ်ရဲ့အနိဌာရုံတွေကို အရွယ်နဲ့မလိုက်အောင် ခါးစည်းခံစားနေကြရတယ်။
ဒီကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးဖို့ အစီအစဉ်ကို အရေးကြီးဆုံးနေရာမှာ ထားရမှာပါ။ မူဝါဒချမှတ်ကြသူတွေအနေနဲ့ တိကျတဲ့မူဝါဒတွေ ရေးဆွဲပြီး သေသေချာချာ အကောင်အထည်ဖော်သင့်ပါတယ်။ လူကြီးတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာအခြေအနေကို နားလည်လက်ခံပြီး မေတ္တာနဲ့ပြုစုပျိုးထောင်ပေးဖို့ လိုပါတယ်။
ကလေးတွေရဲ့ စိတ်ဒဏ်ရာကို အကောင်းဆုံး ကုစားပေးနိုင်သူတွေထဲမှာ ကျောင်းဆရာ၊ ဆရာမတွေက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ စစ်ပွဲနဲ့ ပဋိပက္ခကြောင့် စိတ်ဒဏ်ရာမျိုးစုံနဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို အကောင်းဆုံး ကုစားမှုပေးခဲ့သူ ထင်ရှားတဲ့ ကျောင်းဆရာတစ်ဦး သမိုင်းမှာ ရှိခဲ့ပါတယ်။
သူကတော့ ဆွိဇာလန်နိုင်ငံသား၊ “ပက်တလိုဇီ” လို့ခေါ်ကြတဲ့ “Johann Heirich Pestalozzi” ဆိုသူပါ။ သူ့ကို ဒီနေ့ကာလမှာ ခေတ်စားနေတဲ့ အော်တာနေးတစ်ပညာရေးရဲ့ သုခမိန်လို့လည်း တင်စားဂုဏ်ပြုကြပါသေးတယ်။
၁၇၉၈ ခုနှစ်မှာ ပြင်သစ်တပ်တွေ ဆွိဇာလန်နိုင်ငံထဲ ကျူးကျော်တိုက်ခိုက်ခဲ့တော့ အိုးအိမ်တွေပျက်၊ လယ်တောတွေမီးလောင်၊ မိဘတွေအသတ်ခံရ၊ မိသားစုနဲ့ တကွဲတပြားဖြစ်ပြီး ကလေးတွေ စိတ်ဒဏ်ရာ ပရပွနဲ့ ကျန်ခဲ့ကြရရှာတယ်။ စစ်ပွဲပြီးတော့ “ပက်တလိုဇီ” ဆိုသူက ကျောင်းဆရာအလုပ်ကို ဝမ်းပမ်းတသာ လက်ခံခဲ့တယ်။ သူက ကလေးတွေကို စာသင်တာအပြင် ကလေးထိန်း၊ ကလေးသူနာပြု၊ ကလေးအဖေ အကုန်လုံး လုပ်ပေးခဲ့တယ်။
သူ့ရဲ့နေ့စဉ်မှတ်တမ်းမှာ “ကလေးတွေ တဖွဲဖွဲ ကျောင်းထဲဝင်လာကြတယ်။ သူတို့လေးတွေကိုကြည့်တော့ ကိုယ်ခန္ဓာနဲ့စိတ်တွေမှာ ကြောက်ရွံ့စရာ ဒဏ်ရာတွေနဲ့ပါ။ တကယ်တော့ ကျောင်းဆရာဖြစ်သူ လိုအပ်တာက ချစ်တတ်တဲ့စိတ်နဲ့ ပျော်ရွှင်တတ်တဲ့ စိတ်ပါပဲ” လို့ ရေးသားထားပါတယ်။

“ပက်တလိုဇီ” ရဲ့ထင်ရှားတဲ့ အမှာစကားတစ်ခုကတော့ “ကလေးတွေကို သဘာဝအလျောက် ကြီးပြင်းရှင်သန်စေခြင်းဟာ အရေးကြီးပါတယ်။ သင်ယူမှု ပြုစေတဲ့အခါမှာလည်း ဦးနှောက်၊ နှလုံးသားနဲ့ လက်တွေ့လုပ်ဆောင်ခြင်းတို့ အချိုးညီညီ ပါဝင်နေဖို့ လိုအပ်ပါတယ်” တဲ့။
တော်လှန်ရေးကြီးပြီးလို့ တိုင်းပြည်ဆောက်ရေးကာလ ရောက်တဲ့အခါ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် စိတ်ဒဏ်ရာပရပွနဲ့ ကျန်ရစ်ခဲ့တဲ့ ကလေးတွေရဲ့ ကိုယ်စိတ်နှစ်ပါးကို ကုစားပေးဖို့ “ပက်တလိုဇီ” လို နှလုံးသားရှိသူတွေ အများကြီး လိုအပ်ပါတယ်။ ကျွန်မတို့ တိုင်းပြည်အနာဂတ် ကြယ်ပွင့်လေးတွေ လင်းလက်တောက်ပဖို့ လူမှုအဖွဲ့အစည်း တစ်ခုလုံး ဝိုင်းဝန်းကြိုးစားကြရအောင်ပါ။ ။
ကိုးကား။ ။ လွတ်လပ်သောသင်ယူခြင်း (ကိုပီတိ)။
ဓာတ်ပုံ - UNICEF Myanmar
ငြိမ်းပန်
The Tanintharyi Times
