ငါတို့ပြန်လာတော့

ငါတို့ပြန်လာတော့

အတိတ်ကိုယ်စီကို ကျောပိုးပြီးပြန်လာတဲ့ငါတို့မှာ အိုမင်းရင့်ရော်မှုကလွဲရင် ဘာမှပါမလာဘူး။ မြို့ကိုရောက်တော့ လမ်းအားလုံးဟာ အပြာရောင်​ခြယ်ထားတာကို သတိထားမိတယ်။ သန့်ရှင်းတောက်ပြောင်နေတဲ့ မြို့ရဲ့လမ်းမတွေပေါ်မှာ အမှိုက်တစမှတောင်မတွေ့ရလို့ ငါတို့ဟာငါတို့ကိုယ်ငါတို့ အမှိုက်တွေလို့တောင် ထင်မှတ်မှားမိတယ်။ ဒီလိုနဲ့ငါတို့ အိမ်ပြန်ရောက်လာခဲ့ကြတယ်။

ငါ့ကိုမြင်တော့ ငါ့မိသားစုဟာ ငါပြန်လာတာကို ဘာခံစားမှုမှ မပြဘူး။ ငါ့ကျောပိုးလွယ်အိတ်ကို ငါ့အမေက စိတ်မပါလက်မပါနဲ့ ကူသယ်ပေးတာကလွဲရင် အမေ့မျက်နှာမှာ ဘာခံစားမှုမှမတွေ့ရဘူး။ ငါ့စိတ်ကူးထဲမှာ ငါပြန်ရောက်တဲ့အခါ ငါ့အမေဟာငါ့ကိုမြင်ပြီး အံ့သြဝမ်းသာသွားလိမ့်မယ်။ ငါ့မျက်နှာကို တယုတယပွတ်သပ်ပြီး မျက်ရည်တွေအဝိုင်းသားနဲ့ ငါ့ကိုငေးကြည့်နေလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ငါ့အမေဆီမှာ ငါ့အတွက်ဘာခံစားမှုမှ မတွေ့ရဘူး။

ငါ့ညီ၊ ငါ့အစ်မ၊ ငါ့တူ၊ ငါ့တူမလေးတွေအကုန်လုံးကလည်း လမ်းထိပ်ထွက်သွားသူတစ်ယောက် အိမ်ပြန်ရောက်လာသလို အမှတ်တမဲ့တောင် ငါ့ကိုလှည့်မကြည့်ကြဘူး။ ငါဟာ အိပ်မက်မက်နေသလို၊ လေထုအသေထဲမှာ နစ်မွန်းနေသလိုခံစားလာရတယ်။ ငါ့အတိတ်ထဲက တစွန်းတစမြင်နေရတဲ့ ငါအိမ်ပြန်ရောက်လာတဲ့အခါတိုင်း တခစ်ခစ်ရယ်​မော​နေကျ ငါ့တူမလေးရဲ့ရယ်သံတွေဟာလည်း ခုတော့ ခြောက်ခြောက်ကပ်ကပ်နဲ့ ဆွံ့အနေခဲ့တယ်။ ငါဟာ သူစိမ်းတွေကြား ရောက်နေသူတစ်ယောက်လိုပဲ။

ဒီလိုနဲ့ ငါဟာစိတ်ပျက်လက်ပျက် လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးဆီ ထွက်လာခဲ့တယ်။ သစ်ရွက်ခြောက်တွေတဖွဲဖွဲကြွေကျနေတဲ့ နွေဦးရက်တွေကို ခွေးခြေပုကလေးတွေပေါ်မှာထိုင်ငေးရင်း ဖြတ်သန်းခဲ့တဲ့ ငါတို့လူငယ်ဘဝကို ငါပြန်ရှာချင်ခဲ့တယ်။ အဲ့ဒီလမ်းထိပ်လက်ဖက်ရည်ဆိုင်လေးကနေ ငါတို့ဟာ ကမ္ဘာကိုချိတ်ဆက်ခဲ့တယ်။ ငါတို့အတောင်ပံတွေကို အဲ့ဒီလက်ဖက်ရည်ဆိုင်လေးမှာ တဖျပ်ဖျပ်ခတ်ရင်း ပျံသန်းခြင်းအတတ်ကို ငါတို့သင်ကြားခဲ့ကြတယ်။

တချိန်က အဲ့ဒီလမ်းထိပ်လက်ဖက်ရည်ဆိုင်လေးမှာ အတောင်ပံတွေကျွတ်ကျနေတဲ့ အဖိုးကြီးတွေရဲ့နေရာကို အခုတော့ ငါတို့အစားထိုး ဝင်ရောက်ရတော့မှာလား တွေးပြီးရင်ခုန်နေမိတယ်။ ဒါပေမဲ့ ငါ့အထင်နဲ့အမြင်ဟာ တက်တက်စင်အောင် လွဲချော်နေတာကို လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးကိုရောက်တော့ ငါသိမြင်လိုက်ရတယ်။

ခုတော့ လမ်းထိပ်လက်ဖက်ရည်ဆိုင်လေးရဲ့နေရာမှာ စူပါမားကတ်ကြီးတစ်ခု နေရာယူထားတယ်။ မီးပွိုင့်နဲ့လူကူးမျဥ်းကြားတွေ၊ ပြီးတော့ အဝင်အထွက်ကားတွေ၊ လူသွားလူလာတွေနဲ့ ရှုပ်ထွေးစည်ကားနေတဲ့ မြင်ကွင်းကို ငါဟာ မှင်သက်စွာငေးကြည့်နေမိတယ်။ ငါ့ခြေထောက်တွေဟာ လမ်းနဲ့ဆွဲကပ်ခံထားရသလို ခွာမရဘူး။ လွတ်လပ်ရေးကျောက်တိုင်ကြီးလို ငါဟာရပ်နေတယ်။ အဲ့ဒီအချိန်မှာပဲ ငါ့ပုံစံကိုရိပ်မိသွားဟန်တူတဲ့ အဘိုးကြီးတစ်ယောက်က ငါ့အနားရောက်လာပြီး “ကောင်လေး၊ မင်း`ခွာညိုလက်ဖက်ရည်ဆိုင်´လေးကိုရှာနေတာမဟုတ်လား။ မင်းငါနဲ့တွေ့တာကံကောင်းတယ်” ဆိုပြီး သူ့နောက်ကနေလိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီလိုနဲ့ ငါဟာသူ့နောက်အတိုင်း လိုက်သွားမိတယ်။

သန့်ရှင်းတောက်ပြောင်နေတဲ့ ကွန်ကရက်လမ်းမတွေပေါ် ငါ့ခြေထောက်ဟာနင်းနေရပေမဲ့ ငါ့စိတ်ကတော့ မှောင်မိုက်တိတ်ဆိတ်တဲ့ တောကြီးမျက်မည်းထဲ ခရီးကြမ်းနှင်နေခဲ့ရတဲ့ အတိတ်နေ့ရက်တွေထဲမှာ ပိတ်မိနေတယ်။ ငါတို့ဟာ ငါတို့မြို့၊ ငါတို့အိမ်တွေဆီပြန်ရောက်ဖို့ ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်နေတဲ့ လွင်ပြင်အလီလီကို လမ်းဖြစ်အောင်ဖောက်ခဲ့ရတယ်။ ခြေထောက်တွေ ပေါက်ပြဲကုန်တဲ့အထိ မနားမနေငါတို့လျှောက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက်ဖေးကူလက်တွဲရင်း အရှိန်နဲ့စီးမျောနေတဲ့ မြစ်၊ ချောင်းတွေကို ဖြတ်ကူးခဲ့တယ်။ တစ်ယောက်ယောက် ဟန်ချက်ပျက်ပြီး ယိုင်နဲ့သွားတိုင်း ရေစီးနဲ့အတူမျောပါမသွားဖို့ ငါတို့ထိန်းခဲ့ကြတယ်။

အဲ့ဒီအချိန်မှာပဲ ကောင်လေး´ ဆိုတဲ့အသံနဲ့အတူ ငါ့ပုခုံးကိုလှမ်းဆွဲလိုက်တဲ့လက်တစ်ဖက်၊ကျွီ´ခနဲ ကားဘရိတ်ဆွဲသံ၊ အတိတ်ဆီလွင့်မျောနေရာက ဖျတ်ခနဲပစ္စုပ္ပန်ဆီပြန်ရောက်လာတဲ့ငါ့စိတ်၊ အားလုံးဟာ တိုင်ပင်ခေါ်ထားတဲ့အတိုင်း ကွက်တိပဲ။ ကားပေါ်က လူရဲ့တတွတ်တွတ်ပြောဆိုသွားတဲ့အသံကို ငါဟာကြားနေရပေမဲ့ သူပြောဆိုသွားတဲ့ဘာသာစကားရဲ့အဓိပ္ပါယ်ကို ငါနားမလည်ဘူး။

“ဒီမြို့မှာ မူရင်းဘာသာစကားကို အသုံးမပြုကြတော့ဘူး။ ဘာသာစကားအသစ်တွေကိုပဲ အသုံးပြုကြတယ်။ မူရင်းဘာသာစကားကို အသုံးပြုတာ၊ ငါ့လိုအဖိုးကြီးအချို့လောက်ပဲ ကျန်တော့တယ်ကောင်လေး” လို့ အဘိုးကြီးက ငါ့ကိုရှင်းပြတယ်။

ဒီလိုနဲ့ စူပါမားကတ်ကြီးရဲ့ အပေါ်ဆုံးလေးထပ်မြောက်မှာ မူရင်းခွာညိုလက်ဖက်ရည်ဆိုင်လေးရဲ့ ပုံစံအတိုင်း ဆောက်လုပ်ပြင်ဆင်ထားတဲ့ လက်ဖက်ရည်ဆိုင်လေးကိုမြင်တွေ့ရတော့တယ်။ ရောက်ရောက်ချင်း ငါမြင်လိုက်ရတဲ့မြင်ကွင်းဟာ အတုတစ်ခုဆိုတာ ငါသတိထားမိပါတယ်။ ဆိုင်လေးရဲ့ရှေ့မှာ ပိတောက်ပင်အတု၊ လေအတုတွေတိုက်လိုက်တိုင်း ပိတောက်ရွက်အတုတွေတဖွဲဖွဲကြွေလို့၊ ဖုန်အတုတွေကလည်း တလိပ်လိပ်လွင့်စင်လာတယ်။ အဲ့ဒီအတုတွေအပေါ်မှာပဲ ငါ့အတိတ်ကို ပြန်ခံစားရတော့မှာဖြစ်ပေမဲ့ ငါဟာကျေနပ်နေမိတယ်။ ဒါဟာ မြို့လေးမှာတစ်ခုတည်းသော ငါ့အတွက်ရင်ခုန်စရာလည်း ဖြစ်ခဲ့တယ်။

“မြို့ရဲ့ လက်ကျန်လူဟောင်းတွေအတွက် သီးသန့်ပြင်ဆင်ပေးထားတဲ့ နေရာတစ်ခုပေါ့။ ဒီတစ်ထပ်လုံးကို ငါတို့လိုလူဟောင်းတွေပဲ လာကြတယ်။ ငါတို့လိုလူဟောင်း တစ်ယောက်မှရောက်မလာတော့တဲ့တစ်နေ့မှာ ဒီနေရာလေးကိုလည်း သူတို့ဖျက်ဆီးပစ်ကြလိမ့်မယ်” လို့ အဘိုးကြီးက ရှင်းပြတယ်။

သူတို့ဆိုတာ ဘယ်သူလဲလို့ ငါကမေးတော့ “ဒီမြို့ကိုအုပ်ချုပ်တဲ့ ဗြဟ္မာကြီးလေးပါး” လို့ ဖြေတယ်။

ငါတို့လက်ဖက်ရည်ဆိုင်ထဲကို ဝင်ထိုင်တော့ အရင်က စားပွဲထိုးလေးတွေရဲ့နေရာမှာ ကလေးစက်ရုပ်လူသားတွေကို အစားထိုးဖန်တီးထားတာကို တွေ့ရတယ်။ ငါကပုံမှန်တစ်ခွက်လို့ မှာမယ်လုပ်နေတုန်းမှာပဲ ငါ့ဆီကိုစားပွဲထိုးစက်ရုပ်ကလေးတစ်ကောင်ရောက်လာပြီး “ပုံမှန်ပါ” လို့ ပြောရင်း ငါ့ရှေ့ကိုချပေးတယ်။ ငါမှာမယ့်ကိစ္စ သူတို့ဘယ်လိုသိနေတာလဲလို့ အဘိုးကြီးကို မေးဖို့လုပ်နေတုန်းမှာပဲ “ငါတို့ဆိုင်ထဲဝင်လာကတည်းက ငါတို့ရဲ့ဦးနှောက်ထဲမှာရှိနေတဲ့ အရာတွေကို သူတို့စကင်ဖတ်ပြီးသား” လို့ အဘိုးကြီးကပြောတယ်။

ငါဟာ ဘာကိုမှနားမလည်နိုင်အောင်ဖြစ်လာတယ်။ ဆိုင်လေးထဲမှာလည်း မြို့ရဲ့လူဟောင်းတွေကို တစုတစည်းတည်း တွေ့မြင်ရတယ်။ သူတို့ရဲ့မျက်လုံးတွေဟာ အတိတ်ကလို တောက်ပမှုမရှိတော့သလိုပဲ။ တစ်ယောက်နဲ့တစ်ယောက် စကားတွေဝိုင်းဖွဲ့ပြောဆိုနေကြပေမဲ့ အားလုံးရဲ့မျက်လုံးထဲမှာ တစ်စုံတစ်ရာကို အဓိပ္ပါယ်မဲ့စောင့်ဆိုင်းနေ​ကြပုံဟာ အတိုင်းသားပဲ။ ငါတို့ပြန်မလာခင်အချိန်အတွင်းမှာ မြို့ဟာဘာတွေဖြစ်သွားတာလဲ၊ ငါနားမလည်ဘူး။

အဲ့ဒီအချိန်မှာပဲ လူတစ်ယောက် ဆိုင်လေးထဲကို ဝင်လာတယ်။ ပြီးတော့ “အားလုံးနားထောင်ကြပါ ဒီနေ့ကျနော်တို့ရဲ့ ရဲဘော်ကြီးကြွက်နီ ကျဆုံးသွားပါပြီ” လို့ အော်ပြောလိုက်တယ်။ ဆိုင်အတွင်းမှာရှိတဲ့လူတွေအားလုံးရဲ့ မျက်လုံးတွေဟာ ရုတ်တရက်တောက်ပလာတယ်။ ပြီးတော့ `ဝေးး´ဆိုပြီး သံပြိုင်အော်လိုက်ကြတယ်။

ရဲဘော်ကြွက်နီကို ဂုဏ်ပြုကြ´ရဲဘော်ကြွက်နီတော့ ငြိမ်းချမ်းသွားပြီဟေ့´ဆိုပြီး တစ်ယောက်တစ်ပေါက်ပြောနေတာကိုလည်း ငါကြားရတယ်။ အဲ့ဒီအသံတွေက ငါ့ကိုအတိတ်တွေဆီ တဖြည်းဖြည်းဆွဲခေါ်သွားကြပြန်တယ်။

ငါတို့ရဲ့ခေါင်းပေါ်မှာ တိုက်ခိုက်ရေးဂျက်ဖိုက်တာ လေယာဥ်တစ်စင်းက အခေါက်ခေါက်အခါခါ လှည့်ပတ်ပျံသန်းနေတယ်။ ဒါပေမဲ့ ငါတို့ကိုမမြင်သေးဘူး။ ငါတို့ဟာ ငါတို့ကိုယ်ငါတို့ သစ်ရွက်တွေနဲ့ဖုံးအုပ်ပြီး မလှုပ်မယှက်လှဲအိပ်နေကြတယ်။ ဂျက်ဖိုက်တာဟာ သုံးခေါက်လောက် ငါတို့ခေါင်းပေါ်ကနေ ပတ်ပြီးတဲ့နောက်မှာ သစ်ပင်ကြီးကြီးနဲ့ တောအစပ်တွေကို ဗုံးတွေကြဲချ၊ စက်သေနတ်တွေနဲ့ ဆွဲပစ်တော့တယ်။

“လူကြီးမင်းခင်မျာ၊ ဒီဆိုင်မှာ စစ်ပွဲအကြောင်းတွေးတောခြင်း၊ စိတ်ကူးယဥ်ခြင်းကို တားမြစ်ထားပါတယ်။ လူကြီးမင်းရဲ့အတွေးကို ခုချက်ချင်းရပ်လိုက်ပါ”

လက်ဖက်ရည်ဆိုင်လေးရဲ့ လေးဘက်လေးတန်က သတိပေးတားမြစ်ချက်တွေ ချက်ချင်းထွက်​ပေါ်လာတယ်။ ဆိုင်ထဲမှာရှိတဲ့ လူတွေကလည်း ငါ့ကိုဝိုင်းပြီးကြည့်နေကြတယ်။ လူထူးလူဆန်းတစ်ယောက် ကမ္ဘာမြေပေါ်ရောက်လာသလို၊ ဒါမှမဟုတ် မတွေးတောမကြံစည်အပ်တာကို တွေးတောကြံဆလိုက်မိသလို သူတို့ရဲ့အကြည့်တွေဟာ ငါ့ကိုယ်ငါ အပြစ်ရှိသလိုခံစားလာရတယ်။ ငါလည်း ငါ့အတွေးကိုရပ်လိုက်ရတယ်။

ဒီလိုနဲ့ နေ့ရက်ပေါင်းများစွာ ငါဟာခွာညိုလက်ဖက်ရည်ဆိုင်လေးကို လာတယ်။ ဒေါင့်စားပွဲဝိုင်းတစ်ခုမှာထိုင်ရင်း လမ်းဘက်ကို အဓိပ္ပါယ်မဲ့ ငေးတယ်။ ဆိုင်ကိုလာနေကျလူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးသွားတာကို ငါတို့ဟာဂုဏ်ပြုရင်းနဲ့ပဲ အချိန်တွေကုန်ဆုံးလာတယ်။ အပြင်ကမ္ဘာမှာ မြို့လေးဟာ နေ့ရက်တိုင်း၊ နေ့ရက်တိုင်း အသစ်ဖြစ်တည် ပြောင်းလဲလာပေမဲ့ မြို့လေးနဲ့ ငါကတော့ ပိုပိုပြီးသူစိမ်းဆန်လာတယ်။ ဒါပေမဲ့ ခွာညိုလက်ဖက်ရည်ဆိုင်​လေးထဲက လူဟောင်းများရဲ့ မျက်လုံးတွေကို အခုတော့ ငါလည်းနားလည်လာပါပြီ။

ဂါစီယာနီ

The Tanintharyi Times