မောင်မယ်ရှောင်ရွာမှာ စခန်းအခိုင်အမာဆောက်ပြီး BGF နဲ့ စစ်ကောင်စီပူးပေါင်းတပ်စွဲထား

မောင်မယ်ရှောင်ရွာမှာ စခန်းအခိုင်အမာဆောက်ပြီး BGF နဲ့ စစ်ကောင်စီပူးပေါင်းတပ်စွဲထား

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က မောင်မယ်ရှောင်ရွာထိပ်မှာ စခန်းတစ်ခု အခိုင်အမာဆောက်လုပ်ပြီး နယ်ခြားစောင့်တပ် BGF နဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းတပ်စွဲထားတယ်လို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

လွန်ခဲ့နှစ်လလောက်ကစလို့‌ မောင်မယ်ရှောင်ရွာထိပ်လမ်းကွေ့ (ဒေသအခေါ် ဟားလီးကွေ့)အနီးမှာရှိတဲ့ နေအိမ် စုစုပေါင်း ၆ ဆောင်လောက်ကို ဆက်သွယ်ရေးမြောင်းတွေနဲ့ဆက်ပြီး စခန်းပုံစံပြင်ဆင်ဆောက်လုပ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“စခန်းနေရာကတော်တော်ကျယ်တယ်။ အခိုင်အမာပဲ။ အိမ်တွေနဲ့ ဆက်ပြီးစခန်းလုပ်လိုက်တာ။ သဲအိတ်ဘန်ကာတွေ ကတုတ်ကျင်းတွေလည်းအကုန်လုံးရှိတယ်” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

စခန်းကိုပြင်ဆင်ဆောက်လုပ်ပြီးနောက် ပြီးခဲ့တဲ့အောက်တိုဘာလမှာတော့ စစ်ကောင်စီတပ်သားနဲ့ BGF တပ်သား စုစုပေါင်း အင်အား ၆၀ လောက်ကတပ်စွဲထားတယ်လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က စခန်းကိုသွားရောက်တိုက်ခိုက်ချိန် BGF တပ်သားတွေရဲ့ ယူနီဖောင်း၊ ကျည်ကာအင်္ကျီ၊ ဦးထုပ်နဲ့ ဘက်တံဆိပ်တွေ့ခဲ့ရတယ်လို့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“အရင်နှစ်လလောက်က အောင်ဇေယျစစ်ကြောင်းကကောင်တွေ ထားဝယ်ဘက်ရောက်လာတယ်လို့ ကြားတာရှိတယ်။ အဲဒီအချိန်ကပါလာတာလည်းဖြစ်နိုင်တယ်။ သူတို့နဲ့အတူတူရှိတဲ့ စစ်သားတွေလည်း ဘယ်တပ်ရင်းကဆိုတာမသိရဘူး” လို့ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ က အဲဒီစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း စခန်းရဲ့နေရာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး လက်နက်နဲ့ ခဲယမ်းတချို့ လည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

အခုဆောက်လုပ်ပြီး တပ်စွဲထားတဲ့ စခန်းအသစ်မှာနေထိုင်တဲ့ စစ်ကောင်စီတပ်သားတွဟာ ပြီးခဲ့တဲ့လကစလို့ ကားလမ်းပေါ် ဂိတ်ချစစ်ဆေးပြီးလမ်းသွားလမ်းလာတွေဆီက ‌‌ငွေကြေးတောင်းခံနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် မောင်မယ်ရှောင်ရွာအလယ်ပိုင်းကနေအိမ်တွေပေါ်မှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

အခုစခန်းအသစ်နဲ့ မိုင်ဝက်ခန့်အကွာ ရေဝိုင်းရွာအဝင်လမ်းထိပ်မှာလည်း ဘုရားမဲစစ်ကောင်စီစစ်ဆေးရေးဂိတ် ရှိပါတယ်။ မောင်မယ်ရှောင်ရွာခံတွေကတော့ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီက မကြာခဏစစ်ကြောင်းထိုးတာ၊ ရွာထဲမှာတပ်စွဲတာတွေကြောင့် အခုနှစ်လယ်လောက်ကစလို့ ရွာလုံးကျွတ်စစ်ဘေးရှောင်နေရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ရွာသားတွေစစ်ဘေးရှောင်နေချိန် မောင်မယ်ရှောင်ရွာထဲက နေအိမ်တွေကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်အများအပြားလည်းမီးရှို့ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကလည်း အခုဆောက်လုပ်ထားတဲ့ စခန်းအနီးက နေအိမ်နှစ်ဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

The Tanintharyi Times