မြိတ်မှာ ညမထွက်ရအချိန်ထပ်တိုးပြီး ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေပျံ့နေ

မြိတ်မှာ ညမထွက်ရအချိန်ထပ်တိုးပြီး ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေပျံ့နေ

မြိတ်မြို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက နှုတ်အမိန့်နဲ့ ညမထွက်ရအချိန်ထပ်တိုးသတ်မှတ်ထားတယ်လို့ မြို့ခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ကန်ခေါင်းရပ်ကွက်နဲ့ မြစ်ငယ်ရပ်ကွက်တွေမှာ မနေ့ကစပြီး ည ၈ နာရီနောက်ပိုင်း မထွက်ဖို့ နှုတ်အမိန့်နဲ့ အဆင့်ဆင့်ညွှန်ကြားထားတာလို့ မြို့ခံတွေက ဆိုပါတယ်။ စစ်ကောင်စီက ထုတ်ပြန်ချက်နဲ့တကွ မြိတ်မြို့မှာ ညမထွက်ဖို့တရားဝင်သတ်မှတ်ထားတာက ည ၁၂ နာရီကနေ မနက် ၄ နာရီထိ ဖြစ်ပါတယ်။

“ဒီကာလမှာ ပြဿနာအဖြစ်ဆုံးက နှုတ်မိန့်ဆိုတာတွေပဲ။ အမိန့်ကို တရားဝင်တိတိကျကျထုတ်တယ်ဆိုတာမရှိဘူး။ ဒီလောက်မှာနာမည်ခံပြီးမလုပ်ရဲရင် ဘာကြောင့် အုပ်ချုပ်ရေးဆိုတဲ့တာဝန်တွေယူထားကြတာလဲ မေးလိုက်ချင်တယ်။” လို့ ကန်ခေါင်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။

ည ၈ နာရီနောက်ပိုင်း မထွက်ရဆိုပြီး ပြောဆိုတာတွေအပြင် ပေါ်တာဆွဲမယ်ဆိုတဲ့သတင်းတွေလည်း မြိတ်မြို့မှာ လွန်ခဲ့တဲ့ ၃ ရက် လောက်ကတည်းက​ ထွက်ပေါ်နေတာလို့ မြို့ခံအချို့က ပြောပါတယ်။

“ကျနော်က မြို့ပတ်ဒယ်လီ ပို့နေတာဆိုတော့ ဘယ်ချိန်ဆွဲခံရမလဲ ပူနေရတယ်။ ဒီအလုပ် လုပ်နေမှမဟုတ်ဘူး။ အိမ်မှာပဲနေနေတဲ့ကောင်(သူငယ်ချင်း)တွေဆိုလည်း မိဘတွေအပြင်မလွှတ်ကြတော့ဘူး။” လို့ မြို့ခံလူငယ် တစ်ဦးက ပြောပါတယ်။

အခုလိုသတင်းတွေထွက်နေတာကြောင့် မြို့ခံအများစု စိုးရိမ်နေကြပြီး လူငယ်တွေ နိုင်ငံခြားထွက်အောင် ဖိအားပေးနေတာနဲ့အတူတူပဲလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။

အခုလ ၂၀ ရက်နေ့ညက ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေနဲ့ စစ်ကောင်စီတပ်သားအင်အား ၄၀ခန့်ဟာ အင်းလေးမြိုင်ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ လာရောက်ရှာဖွေတာတွေ ရှိခဲ့တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ အဲဒီလိုရှာဖွေပြီး နောက်တစ်ရက်မှာ ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေထွက်လာတာလို့ မြို့ခံတွေက ဆိုပါတယ်။

ပေါ်တာဆွဲတဲ့ သတင်းတွေဟာမြိတ်မြို့ တင်မက မန္တလေးမြို့နဲ့ ရန်ကုန်မြို့တွေမှာလည်း ထွက်ပေါ်နေတာပါ။ စစ်ကောင်စီဘက်ကတော့ ဒီသတင်းကို ငြင်းဆိုထားပါတယ်။

တနင်္သာရီတိုင်းတွင်း မြိတ်ခရိုင်ထဲက မြို့နယ်လေးခုအနက် မြိတ်မြို့နယ်ဟာ ပဋိပက္ခအနည်းဆုံးဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ မြိတ်မြို့ပေါ်မှာ အမျိုးသား ၂ ဦးဆိုင်ကယ်တစ်စီးတည်းစီးတာကို တင်းကြပ်ထားပြီး မကြာခဏဆိုသလို ကားနဲ့လိုက်တိုက်ပြီးဖမ်းတာ၊ ညဘက်အမှောင်ရိပ်ခိုပြီးဖမ်းတာ၊ သေနတ်ပစ်ခတ်ပြီးဖမ်းဆီးတာတွေကို လုပ်ဆောင်နေပါတယ်။