ဘုရားပွဲစား

ဘုရားပွဲစား

ဘုရားကို စီးပွားရှာခိုင်းတဲ့ ဘုရားပွဲစားတွေကြားမှာ

မဟာဂရုဏာတော်နဲ့ လမ်းမှန်ညွှန်ပြသူရဲ့ သဏ္ဍာန်အစစ်အမှန်ဟာ

ချောင်တချောင်မှာ သေးသိမ်ပမွှားလို့။

ဘုရားပွဲစားတွေ ကြီးပွားတဲ့ခေတ်မှာ

ဘုရားခမျာလည်း

ပွဲစားတွေ အလိုကျ

တန်ခိုးကြီးပြရ ဆုတောင်းပြည့်ပြရနဲ့။

ဖြူခါပြာခါကျတဲ့ တိုင်းပြည်မှာ

ရွှေရောင်စိန်ရောင် တပြောင်ပြောင်နဲ့

ပြသာဒ်နန်းဆောင်တွေက မှိုလိုပေါက်နေ

နိဗ္ဗာန်သွားဖို့ ဈေးနှုန်းက ဘုရားပွဲစားတွေ နှုတ်ဖျားမှာ တည်သတဲ့။

ဘုရားပွဲစားတွေ လက်စောင်းထက်တဲ့ခေတ်မှာ

သွေးချောင်းစီး လူသတ်ပွဲတွေ ကျင်းပ

ခိုးထားတဲ့ တိုင်းပြည်ဘဏ္ဍာနဲ့

လူသတ်ကောင်တွေ တည်တဲ့ဘုရားက တန်ခိုးပိုကြီးပေးရသတဲ့။

ဘုရားပွဲစားတွေက

ဇိမ်ခံကားကြီး တဝီဝီ၊ ဟိုတယ်စာ ပွဲတော်တည်နေချိန်မှာ

တိုင်းပြည် တနံတလျားက

ဝမ်းဟာနေတဲ့ ကလေးတွေ တနေ့တခြား ပိုများလာ

ဒုဗ္ဘိက္ခန္တရကပ်ရဲ့ လက်သည်ဟာ ဘယ်သူလဲ

အတွေးအခေါ်တော်လှန်ရေး အချိုးအကွေ့မှာ

ဓမ္မဘက်တော်သားတို့ စုပေါင်းအင်အားနဲ့

ဘုရားပွဲစားတွေကို သတ္တိရှိရှိဖယ်ရှား

အနှိုင်းမဲ့ ဉာဏ်တော်နဲ့ မဟာဂရုဏာရှင်ရဲ့

အထွတ်အမြတ်ထားရာ

သစ္စာတရားတွေ ရင်ဝယ်ကိန်းအောင်

ကြိုးစားကြပါစို့။ ။

ငြိမ်းပန်

The Tanintharyi Times