ဟိန္ဒားသတ္တုမိုင်းက အဆောက်အအုံနဲ့စက်ပစ္စည်းတွေကို KTLA ထပ်ဖွဲ့ဝင်တွေ ရောင်းချနေတယ်လို့ဆို

ဟိန္ဒားသတ္တုမိုင်းက အဆောက်အအုံနဲ့စက်ပစ္စည်းတွေကို KTLA ထပ်ဖွဲ့ဝင်တွေ ရောင်းချနေတယ်လို့ဆို

ထားဝယ်မြို့နယ်ထဲက ဟိန္ဒား သတ္တုမိုင်းလုပ်ငန်းရဲ့ အဆောက်အအုံနဲ့ စက်ပစ္စည်းတွေကို ‌ကော်သူးလေတပ်မတော်ရဲ့ တပ်ခွဲတစ်ခုက ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ်မေလကစလို့ အဆောက်အအုံထဲက စက်ပစ္စည်းတွေ၊ ဝိုင်ယာကြိုးတွေ၊ မော်တာတွေ၊ ကြေးနန်ကြိုးတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သယ်ယူရောင်းချနေပြီး လက်ရှိမှာတော့ အဆောင်အအုံခေါင်မိုးက သွပ်ပြားတွေကိုပါ ခွာယူရောင်းချနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

“အခုလက်ရှိ လမ်းနဲ့ကပ်နေတဲ့အဆောင်တစ်ခုကို သွပ်ပြားတွေခွာရောင်းနေတယ်။ အထဲက ပစ္စည်းတွေကုန်လို့ သွပ်ပြားပါခွာနေတာဖြစ်သွားပြီ။ ဘာမှကိုမကျန်တော့ဘူး” လို့ ဟိန္ဒားဒေသခံတစ်ဦးက ပြောပါတယ်။

သွပ်ပြားခွာယူပြီးရောင်းချနေတဲ့ အဆောက်အအုံ သုံးဆောင်ထက်မနည်းရှိပြီလို့ လည်းဒေသခံတွေကဆိုပါတယ်။

အဲဒီအဆောက်အအုံတွေနဲ့ စက်ပစ္စည်းတွေဟာ ခဲသတ္တုလုပ်ပိုင်ခွင့်ရတဲ့ကုမ္ပဏီကို ငှားရမ်းလေ့ရှိတဲ့ အစိုးရပိုင်နဲ့ အရင်ကလုပ်ပိုင်ခွင့်ရခဲ့တဲ့ မြန်မာပွန်ပီပက် (MPC) ကုမ္ပဏီပိုင်တွေဖြစ်တယ်လို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။

အဆောက်အအုံနဲ့ ပစ္စည်းတွေကို ကော်သူးတပ်မတော်ရဲဘော်တွေက စျေးနှုန်းသတ်မှတ်ပြီး ဝယ်ယူသူတွေက ကိုယ်တိုင်သယ်ယူ၊ ဖြုတ်ယူတာတွေလုပ်ဆောင်ရတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

“သွပ်ပြားတွေဆို တစ်ချပ်ငါးထောင်နဲ့ ရောင်းတယ်။ ရှေးရှေးခေတ်ကသွပ်ပြားအကောင်းစားကြီးတွေပါ။ လိုတဲ့သူက ကိုယ့်ဘာသာတက်ခွာရတယ်။ သူတို့ကသေနတ်နဲ့စောင့်နေပြီး ပိုက်ဆံယူတယ်။ အရင်လတွေကဆို သွပ်ပြားတက်ခွာလို့ ခြေထိလက်ထိတွေတောင်ဖြစ်ကြသေးတယ်” လို့ ဒေသခံတွေ တစ်ဦးကပြောပါတယ်။

ရောင်းချခံရတဲ့ထဲမှာ ဟိန္ဒားရွာလျှပ်စစ်မီးရရှိရေးအတွက်အသုံးပြုနေတဲ့ ကြေးကြိုးတွေလည်းပါဝင်တယ်လို့ သူကဆက်ပြောပါတယ်။

အဲဒီလိုလုပ်ဆောင်နေတဲ့အ‌ပေါ်မှာ ရွာခံတွေကမကျေနပ်ကြပေမဲ့ ကန့်ကွက်ပြောဆိုတာမျိုး မလုပ်ရဲကြတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ကာယကံရှင်တွေကဆိုပါတယ်။

အဲဒီအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းဖို့အတွက် တနင်္သာရီတိုင်းအခြေစိုက် ကော်သူးလေတပ်မတော် ဆာကဆောတပ်မကို စာနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာမျိုးမရှိပါဘူး။

‌ဒေသခံတွေကတော့ အဲဒီအဆောက်အအုံနဲ့ စက်ပစ္စည်းတွေက တော်လှန်ရေးပြီးတဲ့နောက်ပိုင်းကာလတွေမှာ ပြန်လည်အသုံးပြုလို့ရတဲ့အရာတွေဖြစ်တာကြောင့် ရောင်းချခံလိုက်ရတဲ့အပေါ်မှာ စိတ်မကောင်းဘူးလို့ဆိုပါတယ်။

အဲဒီအဆောက်အအုံတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ အခုနှစ်အစပိုင်းအထိစစ်ကောင်စီတပ်က တစ်နှစ်ကျော်ကြာ လာရောက်တပ်စွဲခဲ့ဖူးပါတယ်။ စစ်ကောင်စီတပ်သားတွေဆုတ်ခွာသွားပြီးနောက်မှာတော့ တော်လှန်ရေးပူး‌ပေါင်းတပ်တွေက အဆောက်အအုံတချို့ကို မီးရှို့ခဲ့ပါတယ်။

အခုလအတွင်းမှာပဲ ဟိန္ဒားရွာအဝင်လမ်းနဘေးမှာလည်း ကော်သူးလေတပ်မတော်ရဲ့ ခွင့်ပြုချက်နဲ့ သူတို့ကိုအခွန်ပေးဆောင်ပြီး တခြားရွာကဒေသခံတွေ သတ္တုမိုင်းတွေလာရောက်တူးဖော်လုပ်ကိုင်နေကြတယ်လို့ ဟိန္ဒားဒေသခံတွေက ဆိုပါတယ်။

အဲဒီခဲသတ္တုလုပ်ကွက်တွေကြောင့် ရွာအဝင်လမ်းပျက်စီးမှာကိုလည်းဒေသခံတွေက စိုးရိမ်နေကြပါတယ်။

The Tanintharyi Times