ဘဝတွေဟာ ဘယ်လောက်များများ

ဘဝတွေဟာ ဘယ်လောက်များများ

မီးနီကို ဖြတ်ပြီး အရှိန်နဲ့ ချိုးကွေ့သွားတဲ့ ရိန်းဂျားစစ်ကားထဲ ကော်လံကတုံး အင်္ကျီနဲ့ ပုဆိုးဆင်တူ ဝတ်ထားကြသူတွေပါသွားတာ မြင်မိတော့ အမှတ်မထင် ကိုဖိုးကဲကို သတိရမိသွားတယ်။ ကိုဖိုးကဲဆိုတာက ကျွန်တော် အခုနေ နေတဲ့ အိမ်ရဲ့ သုံးအိမ်ကျော်လောက်မှာ နေကြတဲ့ မိသားစုထဲကတစ်ယောက်ပေါ့။ သူတို့မိသားစုဝင်ဘယ်နှယောက် ရှိတယ်ဆိုတာ သေချာမသိပေမဲ့ မွေးချင်းထဲတော့ ကိုဖိုးကဲတစ်ယောက်ပဲ ယောကျ်ားလေးပါတာကို တွေ့ရမိတယ်။

အစ်မတွေ ညီမတွေကြားမွေးလာတဲ့ ယောကျ်ားလေးမို့ ကိုဖိုးကဲက နွဲ့နှောင်းနေမှာပဲလို့ ထင်ရင်တော့ လုံးဝ အသေ အချာကို အမှားပါပဲ။ ကိုဖိုးကဲက ကျားသမှ ထူးထူးကျားကျားလို့တောင် ဆိုရမှာမျိုးပါပဲ။ မနက်မိုးလင်းပြီဆိုတာနဲ့ အိမ်ရှေ့မှာ ပလတ်စတစ် ထိုင်ခုံလေးချပြီး အမေ၊ အစ်မ ၊ ညီမတွေ ပြောမရဆိုမရတဲ့ထိ အရက်ကို တမြုံ့မြုံ့ တစ်နေကုန် သောက်နေတတ်တာပဲ ဖြစ်တယ်။

တစ်ခုကောင်းတာက အဲဒီလို သောက်နေပေမဲ့ ဘယ်သူ့ကိုမှ ရန်မရှာဘူး။ ပြဿနာဖြစ်အောင်လည်း မနေဘူး။ သူ့ ကို တစ်ခုခု ပြဿနာရှာလာတာမျိုး ကြုံရင်လည်း ဘာမှမတုံ့ပြန်ဘဲ အိမ်ထဲဝင်သွားပြီး အိပ်နေလိုက်တာမျိုးပါပဲ။

အရက်သောက်တာကတော့ ဆိုခဲ့သလို အမေ ၊ အစ်မ ၊ ညီမတွေ ဘယ်သူမှ တားမရဘူး ။ အိမ်ရှေ့မှာ ပလတ်စတစ်ခုံ လေးချပြီး တစ်နေကုန် သောက်နေတတ်တာမျိုးပါပဲ။

တစ်ခါတလေ Bluetooth ဘောက်စ်အသေးလေးနဲ့ သီချင်းဖွင့်ထားပြီး လိုက်ငြီးနေတတ်သေးတယ်။ အလုပ်အကိုင်လည်း မယ်မယ်ရရ လုပ်တာကိုင်တာမျိုး မတွေ့ရပါဘူး။ ရပ်ကွက်ထဲ ဟိုလူ ၊ ဒီလူ လိုအပ်လို့ ခိုင်းတာရှိရင်လုပ်ပေး လိုက်၊ ပေးလာတဲ့ မုန့်ဖိုးပဲဖိုးလေးနဲ့ အရက်ကလေးဝယ် ဇိမ်ကျလိုက်ဆိုတာမျိုးပါပဲ။ အများအမြင်မှာတော့ ကိုဖိုးကဲ ဘဝက ဇရက်မင်းစည်းစိမ်နဲ့ သာယာနေတယ်လို့ ထင်ရတာမျိုးပေါ့။

တကယ်တမ်းအခုလို ဖြစ်နေပေမယ့် ကိုဖိုးကဲအသက်က ၂၇ နှစ် ကျော်ကျော်သာရှိသေးတာ။ ဒါကလည်း တစ်ရက် အိမ်မှာ လိုအပ်တဲ့ ပြုပြင်စရာတချို့အတွက် သူ့ကို အကူအညီတောင်းပြီး ပြုပြင်မိတုန်း စပ်စုရင်း သိရတာဖြစ်တယ်။ သူ့ရဲ့ အပြင်ပန်းတည်ရှိနေမှုအရဆို ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အကြောက်အကန်ငြင်းရမယ့် အခြေအနေမျိုးပါ ပဲ။ ကိုဖိုးကဲဟာက ဟုတ်ရဲ့လားလို့ မေးမိတော့ အစ်ကိုကလည်း တကယ်ပါဗျ ကျွန်တော်မှတ်ပုံတင်ပြရမလားတဲ့။

တကယ့်တမ်းလည်း ကိုဖိုးကဲအကြောင်း နောက်ပိုင်းမှာ ပိုသိလာရတော့ သူပြောတာ အမှန်ပဲလို့ ယုံကြည်လာရတယ်။ အိမ်မှာလိုအပ်တဲ့ ဟိုဟိုဒီဒီကိစ္စတချို့အတွက် အကူအညီတောင်းဖြစ်ရင်းကနေ သူနဲ့စကားပိုပြောဖြစ်လာတော့ ကိုဖိုးကဲအကြောင်း ပိုပိုသိလာရတယ်။

ကိုဖိုးကဲက အသက် ၂၀ လောက်မှာ အိမ်ကထွက်ပြီး အောက်လမ်းကနေ ထိုင်းမှာ အလုပ်သွားလုပ်ခဲ့တာ။ အဲဒီကာလ သွားလမ်းလာလမ်းကလည်း သာနေတော့ အပေါင်းအသင်းကောင်းမှုနဲ့ ထိုင်းကိုရောက်သွားခဲ့ပြီး ထိုင်းမှာ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားဘဝနဲ့ ကိုဖိုးကဲ ကျင်လည်ခဲ့တယ်။ အဲဒီမှာပဲ အိမ်ထောင်ကျပြီး သမီးလေး တစ်ယောက်ရတယ်။ နောက်ပိုင်း အိမ်ထောင်ရေးအဆင်မပြေရာက ကွဲကြပြဲကြဖြစ်ပြီး ကိုဖိုးကဲလည်း ထိုင်းကနေ မူရင်းမိဘအိမ်ဆီ ပြန်ရောက်လာခဲ့တာပဲ။

ပြန်ရောက်လာပြီးကတည်းက အိမ်ထောင်ကွဲဒဏ်၊ သမီးလေး အလွမ်းဒဏ်နဲ့ အခုလို နေ့နေ့ညည ကိုဖိုးကဲ သောက် နေခဲ့တာပါပဲ။

မိဘ၊မောင်နှမတွေလည်း ပြောဆိုမရတဲ့အဆုံး ပြဿနာမဖြစ်ရင် ပြီးရောဆို လွှတ်ထားပေးလိုက်ကြပုံပါပဲ။ တစ်ခါတလေ အသောက်များပြီး မနက်မထနိုင်ရင် ညီမတွေက စပါကလင်နဲ့ ကြက်ဥလေးဝယ်ပြီး တိုက်ရှာ သေးတယ်။ ကိုဖိုးကဲကတော့ အဲဒီအချိန်ဆို ညီမတွေ ဝယ်တိုက်ရှာတဲ့ စပါကလင်နဲ့ကြက်ဥလေးသောက်၊ နည်းနည်း လန်းလန်းဆန်းဆန်းရှိလာပြီဆို ရွိုင်ရယ်ဒီလေးတစ်ဘူးထပ်သောက်ပြီး ညနေမရောက်ခင်အထိတော့ ငြိမ်နေတတ်တယ်။

ညနေရောက်ပြီဆိုရင်တော့ ကိုဖိုးကဲ သူ့ထုံးစံကို အပျက်မခံဘူး။ အိမ်ရှေ့ခုံပုကလေးချလို့ Bluetooth ဘောက်စ်လေးဖွင့်ပြီး ဇရက်မင်းစည်းစိမ်ကို ပြန်ယူနေခဲ့တာပါပဲ။ အဲဒီအချိန်ဆို ညီမဖြစ်သူတွေရဲ့ ကရုဏာဒေါသ ပြောဆိုသံတွေက ရပ်ကွက်ထဲ မကြားချင်မှအဆုံး ကျွတ်ကျွတ်ညံထ နေခဲ့တာပါပဲ။ ကိုဖိုးကဲကတော့ အဲဒီအသံတွေ အားလုံးကို လျစ်လျူရှုပြီး သီချင်းလေး လိုက်ငြီးရင်း တစ်ခွက်ပြီးတစ်ခွက် ကစ်ရင်းပေါ့။

တစ်ရက်တော့ အလုပ်ကနေအိမ်ပြန်အရောက် ကိုဖိုးကဲကို ရဲတွေလာဖမ်းခေါ်သွားတယ်ဆိုတဲ့ သတင်းက ရုတ်တရက်ကြီး ဆီးကြိုတယ်။ ဘယ်လိုဖြစ်တာလဲဆိုတော့ ခုကာလ ခေတ်စားနေတဲ့ စစ်မှုထမ်းကိစ္စလို့ ဆိုတယ်။

အကျိုး အကြောင်းသေချာသိရအောင် ဟိုဒီသေချာလိုက်မေးကြည့်တော့ ရပ်ကွက်ထဲ စစ်မှုထမ်းဖို့ စာရင်းထဲမှာ ကိုဖိုးကဲ ပါနေတာဖြစ်ပြီး ရပ်ကွက်ရဲ့ လူခွဲတမ်းမှာ သူကို့ ထည့်လိုက်ကြတာလို့ ဆိုတယ်။ စစ်မှုထမ်းစာရင်းထဲလည်းပါနေသ လို ရွေးနုတ်ပြီး လူစားထိုး ထည့်နိုင်အောင်ကလည်း တတ်နိုင်တဲ့ မိသားစုမျိုးမဟုတ်တော့ ကိုဖိုးကဲခမျာ ရဲတွေလာခေါ်ရာနောက် လိုက်သွားရရှာတာပေါ့။

ကိုဖိုးကဲကို အဲဒီလို ရဲတွေလာခေါ်သွားတော့ သူ့အဖေနဲ့အမေခမျာ တမိပေါက် တစ်ယောက်ထွန်း သားအတွက် မျက်ရည်နဲ့မျက်ခွက်ပေါ့။ အစ်မတွေ နှမတွေဆိုတာလည်း ရနိုင်သမျှ အဆက်အသွယ်နဲ့ ဟိုလိုက်ဒီလိုက်ပေါ့။ ကံမ ကုန်သေးရင်တော့ ပြန်ဆုံမှာလို့ပဲ စိတ်ဖြေရတာပါပဲတဲ့ ကိုဖိုးကဲညီမကို အကျိုးအကြောင်းသိရအောင် မေးကြည့်မိတော့ ဆို့ဆို့နင့်နင့် ဆိုရှာတယ်။

ကိုဖိုးကဲကို ရဲတွေလာခေါ်ချိန် သူသိပ်ကြိုက်တဲ့ ရွိုင်ရယ်ဒီသုံးဘူး၊ သုံးဖို့ငွေကြေး အနည်းငယ်နဲ့ ပေါင်မုန့်ကလေးပဲထည့်ပေးလိုက်နိုင်တဲ့။ ဘာပြန်ပြောရမှန်း ကျွန်တော့်မှာ စကားမရှိခဲ့ဘူး။

အဲဒီနောက်ပိုင်းတော့ ကိုဖိုးကဲရဲ့ သတင်းနဲ့ ပတ်သက်လို့ သူ့မိသားစုတစ်ယောက်ယောက်နဲ့ ဆုံမိကြုံမိတိုင်း မေးစမ်းဖြစ်ခဲ့ပေမဲ့ မိသားစုတွေကိုယ်တိုင်လည်း ကိုဖိုးကဲနဲ့ပတ်သက်လို့ ဘာမှ သတင်းအစအနမရ ၊ စုံစမ်းမေးမြန်းမရ ဘဲ ရှိနေတယ်ဆိုတာကိုပဲ သိခွင့်ရခဲ့တယ်။

နှစ်လကျော်လောက်ရှိတော့ ကိုဖိုးကဲဆီက တယ်လီဖုန်းအဆက်အသွယ်ပြုလာတယ်လို့ သူ့ညီမက ကျွန်တော့်ကို ပြောလာတယ်။ တစ်နေရာကို သွားရမယ့်အကြောင်းနဲ့ မသွားခင်အရာရှိတစ်ယောက်ကို အကူအညီတောင်းပြီး အိမ်ကို ဖုန်းဆက်လာတာလို့ဆိုတယ်။

တခြားဘာသိရသေးဘဲဆိုတော့ ဘာမှ မသိရဘူးတဲ့ ၊ စကားက အဲဒါလေးပဲ ပြော ခွင့်ရလိုက်တယ်တဲ့။ ဘယ်ကိုသွားရမယ်ဆိုတာ သူကိုယ်တိုင်တောင်မသိဘူးလို့ ပြောတယ်တဲ့။ ကိုဖိုးကဲနဲ့ပတ်သက် လို့ သူ့မိသားစု သိခွင့်ရလိုက်တဲ့ သတင်းအချက်အလက်က အဲဒါအကုန်ပါပဲ။

အခု ကိုဖိုးကဲ ဘယ်မှာလဲဆိုတာ ဘယ်သူမှ မသိကြရဘူး။ ကိုဖိုးကဲ အသက်ရှင်နေသေးရဲ့လားဆိုတာလည်း ဘယ် သူမှမသိကြရဘူး။ ကိုဖိုးကဲ ဘယ်မှာလဲလို့ ဘယ်သူ့ကိုလိုက်ပြီး မေးမြန်းစုံစမ်းရမယ်ဆိုတာလည်း မသိကြရဘူး။ ကိုဖိုးကဲ ဆက်သွယ်လာတဲ့ တယ်လီဖုန်းနံပါတ်ကို ပြန်ဆက်သွယ်ကြည့်တော့လည်း ဆက်သွယ်မရတော့ဘူး။

မအလက လူတွေကိုတင်သတ်တာမဟုတ်ဘူး၊ ဘဝတွေကို သတ်နေတာတဲ့။ ကိုဖိုးကဲ အရက်ကလေးမြုံရင်း ဖွင့်ပြီး နားထောင်ခဲ့တဲ့ Bluetooth ဘောက်စ်အသေးလေးနဲ့ ကိုဖိုးကဲအမေက မောရသုတ်နဲ့ ငုံးမင်းပရိတ်ကို အဖန်ဖန်အလဲလဲ ဖွင့်ခိုင်းတိုင်း ကိုဖိုးကဲ ညီမက အဲဒီစကားကို အံတကြိတ်ကြိတ်နဲ့ ပြောနေတတ်တော့တာပါပဲ။

ညီမင်းဆက်

The Tanintharyi Times