မိုးရာသီနဲ့ အစာအာဟာရ

မိုးရာသီနဲ့ အစာအာဟာရ

မိုးရာသီဆိုတာနဲ့ အစာမကြေခြင်း၊ဗိုက်အောင့်ခြင်းတွေ အဖြစ်များကြပါတယ်။ဒါ့အပြင် မှိုစွဲနေတဲ့ အစားအစာတွေကိုလည်း မကြာမကြာ မြင်တွေ့ရပါတယ်။

  • မိုးတွင်းကာလမှာ ကျန်းမာနေစေဖို့ဘယ်လိုအစားအစာတွေ စားသောက်ရမလဲ

- ပူပူနွေးနွေးဖြစ်နေတဲ့ အစားအစာကိုသာ စားသုံးပါ။

- ပူနွေးပြီး အစာဖြစ်ရုံနဲ့လည်း မလုံလောက်နိုင်ပါ၊လတ်ဆတ်တဲ့ အစာဖြစ်ဖို့လည်း လိုပါတယ်။

- အများစုက မိုးရာသီမှာ ချဉ်ချဉ်စပ်စပ်နဲ့လက်သုပ်တွေကို အစားများကြပါတယ်။ ဒီလို စားတာကြောင့် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်တတ်ကြတယ်။

ဒါ့အပြင် ဖျားနာခြင်း၊ချောင်းဆိုးခြင်းမကင်းတဲ့ မိုးရာသီမှာ ကိုယ်ခံအားကောင်းစေတဲ့အစားအစာတွေကို ရွေးချယ်စားသောက်သင့်ပါတယ်။ အဟာရဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ကာ အိမ်တွင်းမှာပဲ လွယ်လွင့်တကူရရှိနိုင်တဲ့ အစားအစာတွေက

  • ကြက်ဥ

ကြက်ဥထဲမှာရှိတဲ့ အနှစ်ကအားဖြစ်စေတာမို့ ကြက်ဥကို မကြာမကြာ စားပေးသင့်ပါတယ်။

  • ပျားရည်

ခွန်အားဖြစ်စေတဲ့ ပျားရည်ကိုလည်း စားပေးသင့်ပါတယ်။

  • နနွင်း

မီးဖိုချောင်မှာ မရှိမဖြစ်တဲ့ နနွင်းကလည်း ကိုယ်ခံအားကောင်းစေတာမို့ နနွင်းကိုလည်း ဟင်းချက်တဲ့ အခါတိုင်း ထည့်သွင်းစားပေးပါ။

  • ငရုတ်ကောင်း

ဖျားနာခြင်း၊ချောင်းဆိုးခြင်းတွေအတွက် ငရုတ်ကောင်းကို စားပေးနိုင်ပါတယ်။

  • ချင်း

အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ ချင်းကိုလည်း သုပ်စားပေးနိုင်ပါတယ်။ချင်းဆိုတာ အစာခြေစနစ် အပြင် အသက်ရှုလမ်းကြောင်းပိုင်ဆိုင်ရာ ချောင်းဆိုးခြင်း၊နှာစေးခြင်းတွေကို သက်သာစေပါတယ်။

  • သံပုရာသီး

ဗီတာမင်စီပါတဲ့ သံပုရာသီးကို မိုးရာသီမှာစားပေးခြင်းက ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။

  • လိမ္မော်သီး

အချဉ်ဓာတ်ပါတဲ့ လိမ္မော်သီးကို စားပေးခြင်းက ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရာသီတုပ်ကွေးကိုလည်း ကာကွယ်ပြီးသား ဖြစ်နိုင်ပါတယ်။

  • နာနတ်ပွင့်

ရာသီတုပ်ကွေးကနေ ကာကွယ်ပြီးသားဖြစ်စေဖို့ နာနတ်ပွင့်ကို ထန်းလျက်နဲ့ ကျိုသောက်ခြင်းကို ပြုလုပ်ပေးသင့်ပါတယ်။

မိုးရာသီမှာ အစားအစာနဲ့ပတ်သက်ပြီး အထူးဂရုစိုက်ရမဲ့ အချက်တွေကိုလည်း ဖော်ပြလိုက်ပါတယ်။

- အသီးအရွက်တွေကို ဟင်းချက်စားတာပဲဖြစ်ဖြစ်၊အစိမ်းသုပ်စားတာပဲဖြစ်ဖြစ် ဆားရေနဲ့ ငါးမိနစ်၊ဆယ်မိနစ်ခန့် စိမ်ပြီးမှသာ

စားသင့်ပါတယ်။

- မိမိတို့စားတဲ့ အသီးအနှံက လတ်ဆတ်ရုံနဲ့ မပြီးသေးပါ ပြောင်စင်အောင်ဆေးကြောထားဖို့လိုပါတယ်။

- အသားဟင်းတွေ ချက်စားရာမှာလည်း ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။

- အစားအစာတွေကို ကိုင်တွယ်တဲ့ လက်ကိုဆပ်ပြာနဲ့ ဆေးကြောထားဖို့ လိုပါတယ်။

- အစာအဆိပ်သင့်တာကနေ ကင်းဝေးစေဖို့ အလို့ငှာ စင်းနှီးတုံး၊ဓားတွေကိုပြောင်စင်အောင် ဆေးကြောထားဖို့ လိုပါတယ်။

- ရေအေးနဲ့ ဆေးကြောတာ မလုံလောက်ရင် ရေနွေးပူပူနဲ့ပါ ဆေးကြောထားသင့်ပါတယ်။

- မိမိတို့စားတဲ့ အစားအစာက ယင်နားစာမဖြစ်ဖို့ အစားအစာတွေကို ဖုံးအုပ်ထားဖို့လိုပါတယ်။

- အစားအစာတွေကိုဖုံးအုပ်တဲ့ နေရာမှာလည်း စားမဲ့ အစားအစာကို ပုပ်သိုးမှုမဖြစ်စေဖို့ သတိပြုကာ ဖုံးအုပ်ကြရပါမယ်။

- မိုးရာသီမှာဖြစ်နိုင်မယ်ဆိုရင် အသီးအနှံတွေကို အစိမ်းသုပ်စားမဲ့အစား ဟင်းချက်ကာ စားပေးသင့်ပါတယ်။

- အစာမကြေဖြစ်စေတဲ့ ဆီကြော်စာတွေကိုလည်း သတိပြုကာ စားသုံးရပါမယ်။

- အသီးအနှံတွေကို ဝယ်စားတဲ့အခါ မိမိတို့ကိုယ်တိုင်အခွံ့နွှာကာ စားခြင်းကို ပြုလုပ်ကြရပါမယ်။

- မတတ်သာလို့သူများလှီးပြီးသား အသီးတွေကို ဝယ်စားဖြစ်တဲ့အခါ မစားခင် ဆားနဲ့ပွတ်ပြီး ပြောင်စင်အောင် ဆေးကြောပေးထားရပါမယ်။

- ဟင်းသီးဟင်းရွက်တွေမှာ ကပ်တွယ်နေနိုင်တဲ့ဘက်တီးရီးယားတွေကို ပြောင်စင်အောင်ဆေးကြောပြစ်ဖို့လိုပါတယ်။

- မိမိတို့စားသောက်မဲ့ အစားအစာနည်းတူ သောက်သုံးတဲ့ ရေ၊သုံးစွဲတဲ့ရေကိုလည်း ဂရုပြုကြရပါမယ်။

- မိမိတို့သောက်သုံးမဲ့ ရေကို မသန့်ဘူးထင်ရင် ကျိုချက်ပြီးမှ သောက်သုံးခြင်းက အကောင်းဆုံး ဖြစ်နိုင်ပါ တယ်။

- မိုးရာသီမှာ စပ်လွန်းတဲ့ အစားအစာတွေ စားခြင်းမှလည်း သတိပြုရှောင်ကြဉ်ရပါမယ်။

- အစပ်လွန်တဲ့ အစားအစာတွေကို စားခြင်းက အစာအဆိပ်သင့်ခြင်း၊အစာအိမ်အချဉ်ပေါက်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

- အေးအေးစက်စက်ကို စားသောက်ခြင်းထက် ပူပူနွေးနွေးစားသောက်ခြင်းက မိုးတွင်းရောဂါအချို့ကို ကာကွယ်ပြီးသားနိုင်ပါတယ်။

PKN

The Tanintharyi Times