သစ်မှောင်ခိုလုပ်ရင်း မတရား အကျိုးမြတ်ရှာနေတဲ့ စစ်ကောင်စီ
သစ်မှောင်ခိုလုပ်ရင်း မတရား အကျိုးမြတ်ရှာနေတဲ့ စစ်ကောင်စီ
စစ်ကောင်စီဟာ အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယတို့ကို မြန်မာ့သစ်တွေ ရောင်းချပြီး ဝင်ငွေရှာနေပါတယ်။
ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ အကြမ်းဖက်မှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဆီးရီးယားနဲ့ ပါလက်စတိုင်း တို့ရဲ့ အပေါ်မှာ ရောက်တယ်လို့ လက်နက်ကိုင်ပဋိပက္ခတွေကို မှတ်တမ်းတင်နေတဲ့အဖွဲ့ Armed Conflict Location and Event Data Project က ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် စစ်ကောင်စီရဲ့ သယံဇာတထုတ်ယူ စီးပွားရှာမှုမှာ အကန့်အသတ်တွေ ရှိလာပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် နှောင်းပိုင်းက စတင်ပြီး လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်တဲ့ စစ်ဆင်ရေးတွေက သိသိသာသာ အောင်မြင်လာတာကြောင့် စစ်ကောင်စီက အရင်ကထက် ပိုမိုအားနည်းလာတယ်လို့ လေ့လာသူတချို့က သုံးသပ်ကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်ကလည်း ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံသုံးပြီး “ဖြတ်လေးဖြတ်” ဗျူဟာနဲ့ တရစပ် အကြမ်းဖက် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
အနောက်ရဲ့ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ရှောင်တိမ်းဖို့ စစ်ကောင်စီက သုံးလာတဲ့ နောက်ထပ်နည်းလမ်းတစ်ခုက မြန်မာ့သစ်တွေကို နိုင်ငံတကာ ဝယ်သူတွေထံ အလုံးအရင်းနဲ့ ရောင်းချတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအထိ ပြည်ပကို ကျွန်းသစ်တင်ပို့မှု အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၆ သန်းဖိုး ရှိတယ်လို့ သိရပါတယ်။ တကယ်တမ်း နယ်စပ်ဖြတ်ကျော် မှောင်ခိုတင်သွင်းမှုတွေလည်း ရှိနေတာကြောင့် အမှန်တကယ် တင်ပို့မှု ပမာဏက ဒီထက်ပိုများမှာ အသေအချာပါပဲ။
မြန်မာက တင်ပို့တဲ့ သစ်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းက အိန္ဒိယနဲ့ တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းက ရောက်ရှိနေတယ်လို့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတိုက်ဖျက်ရေးအဖွဲ့ Global Initiative Against Transnational Organized Crime ရဲ့ ၂၀၂၁ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါအဖွဲ့ရဲ့ စုံစမ်းဖော်ထုတ်မှုအရ မှောင်ခိုသမားတွေဟာ သစ်တွေကို ရေနံတင်သင်္ဘောတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာဉ်တွေနဲ့ ခိုးဝှက်သယ်ဆောင်လေ့ရှိသလို တခါတရံမှာလည်း ပေါ်ပေါ်ထင်ထင် သယ်ယူပို့ဆောင်ကြပါတယ်။
စစ်ကိုင်းတိုင်းအပါအဝင် ပြည်တွင်း ပရိဘောဂ လုပ်ငန်းရှင်တွေကလည်း တရားဝင်သစ်တွေထက် ပိုဈေးချိုတဲ့ မှောင်ခိုလုပ်ငန်းက ရောင်းချတဲ့ သစ်တွေကို အောက်ဈေးနဲ့ ဝယ်ယူဖို့ကို ပိုစိတ်အားထက်သန်ကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ တရားမဝင် သစ်ခိုးထုတ်မှုတွေ ကြားမှာ ထင်ရှားတဲ့ အဆက်အစပ်ကို အလွယ်တကူ မတွေ့နိုင်ပေမဲ့ ထိလွယ်ရှလွယ်ဒေတွေမှာ ပဋိပက္ခ များလေလေ သစ်တောသယံဇာတတွေကို ထိထိရောက်ရောက်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ စီမံခန့်ခွဲဖို့ အခွင့်အရေးနည်းပါးလေလေ ဖြစ်တယ်လို့ သုတေသီတွေက ကြိုတင်သတိပေးခဲ့ကြပါတယ်။
အပူပိုင်းသစ်မာတွေအတွက် ကမ္ဘာလုံးဆိုင်ရာ ၀ယ်လိုအားလည်း မြင့်မားနေချိန် ဖြစ်တာကြောင့် ဒေသတွင်း ပဋိပက္ခတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ ကွန်ရက်တွေမှာ ဦးဆောင်ပါဝင်နေကြသူတွေအတွက် သစ်မှောင်ခိုလုပ်ငန်းဟာ အလွယ်ကူဆုံး ဝင်ငွေ ရပေါက်ရလမ်းတစ်ခု ဖြစ်နေပါတယ်။
နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်အတွင်း အဆိုပါနိုင်ငံကထွက်တဲ့ သစ်တွေကို ဝယ်ယူခြင်းဟာ တရားဝင် ဖြစ်နိုင်ချေ အလွန်နည်းပြီး အထောက်အထား မခိုင်လုံနိုင်တဲ့အပြင် ဝယ်ယူသူတွေဟာ အဂတိလိုက်စားမှုနဲ့ ပဋိပက္ခတွေကို ငွေကြေးထောက်ပံ့နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရမယ့် အခြေအနေတွေလည်း ရှိပါတယ်။
Interpol ရဲ့ လေ့လာမှုအရ ကမ္ဘာလုံးဆိုင်ရာ သစ်ကုန်သွယ်မှုရဲ့ ၃၀ ရာခိုင်နှုန်းက တရားမဝင်မှောင်ခိုလုပ်ငန်းတွေ ဖြစ်ပြီး ဝယ်ယူသူတွေကိုယ်တိုင်က ဒီအချက်တွေကို သိရှိလက်ခံကြတယ်လို့ သိရပါတယ်။
တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့လို ချမ်းသာတဲ့ နိုင်ငံတွေဟာ အစားအစာနဲ့ သစ်တောထွက်ပစ္စည်း ဝယ်လိုအားကြောင့် ဖြစ်ရတဲ့ သစ်တောပြုန်းတီးမှု (imported deforestation) ရဲ့ ၄၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိတဲ့ တရားခံနိုင်ငံတွေ ဖြစ်တယ်လို့ ဒေတာသိပ္ပံပညာရှင် Hannah Ritchie ရဲ့ သုတေသန အချက်အလက်တွေက ဖော်ပြနေပါတယ်။
စက်မှုစိုက်ပျိုးမွေးမြူရေးက သစ်တောပြုန်းတီးခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်ပေမယ့် ဒီနိုင်ငံတွေရဲ့ ဇိမ်ခံသစ်မာဝယ်လိုအားကြောင့် သစ်မွှေး၊ အထပ်သား၊ ပိတောက်၊ မဟော်ဂနီနဲ့ အခြားသစ်မျိုးစိတ်တွေ အလွန်အကျွံခုတ်ယူပြီး မျိုးတုံးကုန်ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ ဝယ်လိုအားကြောင့်ပဲ တရားမဝင်သစ်လုပ်ငန်းက ပိုမိုအားကောင်းလာတာ ဖြစ်ပါတယ်။
အဆိုပါ သစ်အမျိုးအစားတွေရဲ့ အရောင်အသွေးနဲ့ တာရှည်ခံမှုတွေကြောင့် သစ်ကုန်စည်၊ ပရိဘောက ထုတ်လုပ်သူတွေနဲ့ ဝယ်ယူသုံးစွဲသူတွေက အငမ်းမရ ဝယ်ယူကြတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ အီတလီ တို့မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ ဒီနိုင်ငံတွေရဲ့ သစ်သားဈေးကွက်မှာ မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကျွန်းသစ်တွေက အများဆုံး နေရာယူနေတယ်လို့ တွေ့ရပါတယ်။ ဒီနိုင်ငံတွေဟာ မြန်မာ့ ကျွန်းသစ်ကို ရွက်လှေတည်ဆောက်တဲ့ နေရာမှာဖြစ်စေ တန်ဖိုးကြီး ပရိဘောဂတွေ တည်ဆောက်တဲ့အခါဖြစ်စေ သုံးစွဲကြပါတယ်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနဲ့ အာဖရိကတိုက်က ထွက်ရှိတဲ့ သစ်မွှေးအများအပြားဟာ တရုတ်နိုင်ငံက လူနေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းအဆောက်အဦးတွေထဲမှာ တန်ဖိုးကြီး ပရိဘောဂတွေအဖြစ်နဲ့ ဘဝဆုံးသွားပါတယ်။ တရုတ်နိုင်ငံရဲ့ အဖိုးတန် ပရိဘောဂ ဈေးကွက်ဟာ တစ်နှစ်ကို ဒေါ်လာ ၂၆ ဘီလီယံ တန်ကြေး ရှိပါတယ်။
NGO တွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးသမားတွေရဲ့ ဆယ်စုနှစ်များစွာ ထောက်ပြဝေဖန်မှုတွေကြောင့် တရားမဝင်သစ်ခိုးထုတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထောက်ပံ့ကွင်းဆက် အဖြေရှာမှုတွေနဲ့ တရားဥပဒေ မူဝါဒ တချို့ ထွက်ပေါ်လာပါတယ်။
အဓိကကျတဲ့ နိုင်ငံတော်မူဝါဒတွေထဲမှာ အမေရိကန်ပြည်ထောင်စုရဲ့ Lacey Act ဥပဒေ၊ ဥရောပသမဂ္ဂ သစ်ထုတ်နည်းဥပဒေ၊ တရုတ်ရဲ့ ၂၀၁၉ ခုနှစ် မျိုးသုဉ်းလုနီးပါး တောရိုင်းတိရစ္ဆာန်များနဲ့ အပင်များ တင်သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ စီမံအုပ်ချုပ်မှု စည်းမျဥ်းတွေ ပါဝင်ပါတယ်။
အလားတူပဲ ပုဂ္ဂလိကကဏ္ဍမှာလည်း အဖွဲ့အစည်းအသီးသီးက အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအစီအစဥ်ပြုလုပ်ပြီး သစ်လုပ်ငန်းကို ပွင့်လင်းမြင်သာမှု အားကောင်းအောင် ဆောင်ရွက်ကြပါတယ်။ အထူးသဖြင့် သစ်တော ကြီးကြပ်ရေး ကောင်စီ (Forest Stewardship Council) နဲ့ သစ်တော အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရေး ပရိုဂရမ် (Programme for the Endorsement of Forest Certification) တို့လို အဖွဲ့အစည်းတွေ ပါဝင်ကြပါတယ်။
ဒါပေမဲ့ ပဋိပက္ခဖြစ်ပွားရာနေရာတွေနဲ့ အခြားအန္တရာယ်များတဲ့ ဒေသတွေက ထွက်ပေါ်လာတဲ့ သစ်တွေကို တွေ့ရှိရတဲ့အခါ သစ်လုပ်ငန်းအတွက် တရားဝင် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး အစီအစဥ်တွေနဲ့ မူဝါဒတွေက အမြဲတမ်း အလုပ်မဖြစ်ဘူးဆိုတာ ပြသနေပါတယ်။
ဘာကြောင့်လဲဆိုတော့ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး အစီအစဥ်တွေဟာ သစ်တွေရဲ့ သီးသန့်နံပါတ်နဲ့ မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေကိုသာ မှီခိုနေရတာကြောင့် အကျင့်ပျက်ခြစားမှုများတဲ့ ကဏ္ဍတွေမှာ တရားဝင်မှုဆိုင်ရာ တိုင်းထွာချက်တွေက ထင်သလောက် အထောက်အကူ မပြုပါဘူး။
သစ်မှောင်ခိုသမားတွေဟာ အသိအမှတ်ပြုအစီအစဥ်တွေနဲ့ ပြည်ပဝယ်ယူသူတွေ တောင်းဆိုတဲ့ အချက်အလက်လိုအပ်ချက်တွေကို နည်းဗျူဟာတချို့နဲ့ ရှောင်တိမ်းကြပါတယ်။
ပထမဦးစွာ တရားမဝင်သစ်တုံးတွေကို တရားဝင်နည်းနဲ့ ဖြတ်တောက်ကြပါတယ်။ ဒီနည်းက ငွေကြေးခဝါချတဲ့ပုံစံနဲ့ ဆင်တူပါတယ်။ မှောင်ခိုသစ်သမားတွေဟာ တရားမဝင်သစ်တုံးတွေကို စုပေါင်းလိုက်ပြီး တရားဝင်နည်းလမ်းနဲ့ ပိုင်းဖြတ်ကြပါတယ်။ အထူးသဖြင့် စက်မှုစိုက်ပျိုးမွေးမြူရေး လုပ်ပိုင်ခွင့်ရနေရာတွေ၊ တရားဝင်သစ်ခြံတွေနဲ့ လိုင်စင်ရ သစ်စက်တွေမှာ လုပ်ကြတာပါတယ်။ သစ်တုံးတွေကို ခွဲပြီးတဲ့အခါမှာတော့ မူရင်းသစ်မျိုးမဟုတ်တဲ့ နံပါတ်တွေနဲ့ မှတ်ပုံတင်လိုက်ပါတယ်။
အထက်ပါနည်းကိုအသုံးပြုပြီး ကမ္ဘောဒီးယားမှာ Prey Lang သစ်တောကြိုးဝိုင်းထဲက သစ်ပင်တွေကို ခရိုနီ ထရိုင်းဖိ က တရားမဝင်ခုတ်ယူပြီး သူပိုင်တဲ့ သတ္တုတူးဖော်ရေးမိုင်းတွင်း လုပ်ကွက်ထဲမှာ သစ်ခွဲစက်နဲ့ ဖြစ်တောက်ပြီးမှ တရားဝင်နည်းနဲ့ သယ်ဆောင်ပါတယ်။ သူ့ကို အာဏာရှင်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူဖြစ်တာကြောင့် အနောက်နိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ထားချိန်မှာ သစ်ခိုးထုတ်ပြီး ဝင်ငွေရှာတာ ဖြစ်ပါတယ်။
ဒီနည်းလမ်းကို နယ်စပ်ဖြတ်ကျော် နိုင်ငံတကာသစ်မှောင်ခိုကွန်ရက်တွေမှာလည်း အသုံးပြုကြပါတယ်။ ဥပမာအနေနဲ့ ကမ္ဘောဒီးယားက သစ်တွေကို မှောင်ခိုသယ်လာပြီး ဗီယက်နမ်က ဂိုထောင်တွေမှာ သိမ်းဆည်းကြတာမျိုး ဖြစ်ပါတယ်။
အလားတူပဲ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) က သစ်လုံးတွေကို ထရပ်ကားတွေနဲ့ ယူဂန်ဒါအထိ အရင်ခိုးသယ်ပြီး ယူဂန်ဒါရောက်မှ တရားဝင်လုပ်ငန်းစဥ်အတိုင်း ရောင်းဝယ်ဖောက်ကားကြပါတယ်။
ဒုတိယနည်းကတော့ သစ်မှောင်ခိုလုပ်ငန်းတွေဟာ စုံစမ်းထောက်လှမ်းနိုင်တဲ့ မှတ်တမ်းမှတ်ရာတွေကို အတုလုပ်ပြီး သစ်တွေရဲ့ မူလဒေသဟာ ပဋိပက္ခကင်းစင်တဲ့ ဒေသတွေက ဖြစ်ကြောင်း အထောက်အထားအတုလုပ်တာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ အတုပြုလုပ်ကြရာမှာ သစ်တွေရဲ့ မူရင်းဇာတိနဲ့ တရားဝင်တင်ပို့ခွင့် လိုင်စင်တွေလည်း ပါဝင်ပါတယ်။
တချို့ကိစ္စတွေမှာတော့ ထောက်ခံချက်လက်မှတ်က အစစ်ဖြစ်ပေမဲ့ ထည့်သွင်းထားတဲ့ အချက်အလက်တွေက အမှားတွေ ဖြစ်နေတတ်ပါတယ်။
ဆိုမာလီယာမှာလည်း လက်မှတ်အတုတွေလုပ်ပြီး သွင်းကုန်ထုတ်ကုန် အာဏာပိုင်တွေဆီမှာ အလွယ်တကူ အစစ်ဆေးခံပြီး လွတ်မြောက်နေတယ်လို့ United Nations Panel of Experts က လေ့လာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကွန်ဂို (DRC) မှာ သစ်တင်ပို့တဲ့ ကုမ္ပဏီတစ်ခုက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ကို သစ်နီခုတ်ယူတင်ပို့ရေးအတွက် ငွေပေးထားသလို တင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်ရှိတဲ့ “မျိုးသုဥ်းလုနီးပါး ဌာနေတောရိုင်းတိရစ္ဆာန်နဲ့ ဒေသရင်းအပင်များ နိုင်ငံတကာကုန်သွယ်မှု သဘောတူစာချုပ်” (CITES) ကို ရှောင်ရှားဖို့အတွက် အထောက်အထားအတုတွေပြုလုပ်ပြီး ပြည်ပနိုင်ငံတွေကို မှောင်ခိုတင်ပို့နေတယ်လို့ ကုလသမဂ္ဂတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
အဲဒါကြောင့် မကြာသေးမီက CITES အနေနဲ့ တရားမဝင် သစ်ကုန်သွယ်မှုတွေကို တားဆီးနိုင်ဖို့ အသိအမှတ်ပြုလက်မှတ်တွေထုတ်ပေးခြင်းထက် ပိုတဲ့ လိုအပ်ချက်တွေ ထပ်မံထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မှောင်ခိုလုပ်ငန်းတွေနဲ့ သစ်မျိုးစိတ်အမှားတွေ ဖြည့်သွင်းခြင်းက မဖြေရှင်းနိုင်သေးတဲ့ ပြဿနာဖြစ်တယ်လို့ CITES က ဝန်ခံခဲ့ပါတယ်။
အထက်ပါ အကြောင်းအရင်း အားလုံးဟာ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အချက်အလက်တွေကိုပါ လွဲမှားစေပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ပါဝင်တဲ့ သစ်ပမာဏက အဓိကဝယ်ယူတဲ့ နိုင်ငံကြီးတွေဖြစ်တဲ့ တရုတ်၊ အီတလီနဲ့ အမေရိကန်ပြည်ထောင်စုတို့က ထုတ်ပြန်တဲ့ ပမာဏအောက် များစွာလျော့နည်းနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်လုပ်ငန်းကြီးတွေ၊ သစ်အစုအဖွဲ့ ကွန်ရက်တွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အရိုးစွဲနေတဲ့ အဂတိလိုက်စားမှုတွေနဲ့ ပူးပေါင်းလိမ်လည်မှုတွေကတော့ တရားမဝင်သစ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး ကျယ်ကျယ်ပြန့်ပြန့် ပံ့ပိုးနေပါတယ်။
နိုင်ငံတကာ မှောင်ခိုသစ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လေ့လာချက်တွေအရ အကောက်ခွန်ရုံးနဲ့ နယ်ခြားစောင့်တပ်တွေကို လာဘ်ထိုးတဲ့ အဆင့်ကနေ အစိုးရအဖွဲ့ အကြီးပိုင်း အာဏာပိုင်အဆင့်အဆင့်အထိ အဂတိလိုက်စားမှုတွေ ရှိနေတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
ဥပမာအားဖြင့် တောင်ဆူဒန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အရာရှိတွေကို သစ်မှောင်ခိုလုပ်ငန်းရဲ့ လုံခြုံရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် ထရပ်ကားတစ်စီးကို အမေရိကန်ဒေါ်လာ ၈၀၀ ကနေ ၉၀၀ ပေါက်ဈေး ပေးရတယ်လို့ UN သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီလို ပေးထားခြင်းကြောင့် သစ်မှောင်ခိုကားကြီးတွေဟာ ယူဂန်ဒါနယ်စပ်ကို အတားအဆီးမရှိ ဖြတ်သန်းခွင့် ရရှိပြီး ယူဂန်ဒါထဲမှာ တရားဝင်သစ်စက်တွေနဲ့ ဖြတ်တောက်ခွဲခြမ်းပြီးမှ ဗီယက်နမ်နဲ့ အိန္ဒိယကို တရားဝင်လမ်းကြောင်းနဲ့ တင်ပို့လေ့ရှိပါတယ်။
မြန်မာ၊ ကမ္ဘောဒီးယား နဲ့ တောင်ဆူဒန်တို့မှာ သစ်မှောင်ခိုသမားတွေဟာ အာဏာရှိအစုအဖွဲ့အားလုံးကို လာဘ်ပေးထားမယ်ဆိုရင် သစ်ကားအားလုံးက နယ်စပ်ဂိတ်ကို အစစ်အဆေးမရှိ လွတ်လွတ်လပ်လပ် ဖြတ်ကျော်နိုင်ပါတယ်။
နောက်ဆုံးမှာ ဘဏ္ဍာရေးစနစ်နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး စည်းမျဥ်းစည်းကမ်းတွေ ရဲ့ အားနည်းချက်တွေက သစ်မှောင်ခိုကူးခြင်းကို ဖြစ်လာစေပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က သစ်တွေ ထုတ်ယူစီးပွားရှာရာမှာ သူပိုင်တဲ့ လုပ်ငန်းခွဲ၊ လုပ်ငန်းစုများစွာက တဆင့် ဖြန့်ကျက်လုပ်ဆောင်ပါတယ်။ မြန်မာစစ်အာဏာရှင်တွေကို ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် အမေရိကန်က သတ်မှတ်ထားပေမဲ့ အမေရိကန်ရဲ့ ငွေကြေးခဝါချမှုတားဆီးရေး စည်းမျဥ်းစည်းကမ်းတွေထဲမှာ လစ်ဟာနေတဲ့ အားနည်းချက်တွေကို အခွင့်ကောင်းယူပြီး မြန်မာစစ်ကောင်စီက အကျိုးအမြတ်ရှာလို့ ရနေဆဲ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေကြသူတွေဟာ အမေရိကန် အိမ်ခြံမြေဈေးကွက်မှာ လုပ်ငန်းအလွတ်များစွာအတွက် ကုမ္ပဏီနာမည် အမျိုးမျိုးအသုံးပြုပြီး မှတ်ပုံတင်ထားပါတယ်။ မြန်မာသစ်မှောင်ခိုလုပ်ငန်းက ဝင်ငွေတွေကို အဆိုပါ (မြန်မာစစ်တပ်ပိုင်) အမေရိကန်ကုမ္ပဏီတွေရဲ့ ဘဏ်အကောင့်အသီးသီးထဲကို ထည့်တဲ့နည်းလမ်းနဲ့ ငွေဖြူပြောင်းလဲ အမြတ်ထုတ်ကြပါတယ်။
အမေရိကန်ရဲ့ အဆိုပါ စည်းမျဥ်းတွေမှာ ရှိနေတဲ့ အားနည်းချက်တွေကို ဖြေရှင်းဖို့ ကြိုးစားမှုတချို့တော့ ရှိခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီမှာ အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ ငွေကြေးဆိုင်ရာပြစ်မှုများနှိမ်နင်း ကွန်ရက် (U.S. Treasury’s Financial Crimes Enforcement Network- FinCEN) က ကုမ္ပဏီအားလုံးဟာ သက်ဆိုင်ရာ ပိုင်ရှင်တွေနဲ့ ဆုံးဖြတ်ချက်ချသူတွေရဲ့ အချက်အလက်တွေကို တင်ပြပေးရမှာ ဖြစ်တဲ့အပြင် တစ်ဦးချင်း ပိုင်ဆိုင်ခွင့်နဲ့ အကျိုးအမြတ်ရယူမှု အစီရင်ခံကို တင်ပြဖို့လိုတယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ထိရောက်ဖို့အတွက်ဆိုရင် FinCEN အနေနဲ့ တင်ပြလာတဲ့အချက်အလက်တွေကို အသေးစိတ် စုံစမ်းစိစစ်ဖို့ လိုအပ်သလို ကုမ္ပဏီငွေတွေက သဘာဝဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုတွေ (Environmental crimes) ပြုလုပ်ပြီးရလာတဲ့ ငွေကြေးတွေ ဟုတ်၊မဟုတ် နောက်ကြောင်းရာဇဝင်ကို သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။
နည်းလမ်းတကျ ထိန်းချုပ်ဆောင်ရွက်နိုင်ရင် သစ်မှောင်ခိုဈေးကွက်ကို တရားဝင်ဈေးကွက် ဖြစ်လာအောင် ဆွဲခေါ်နိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ တရားမဝင် အရင်းအမြစ်တွေက သစ်တင်ပို့ရောင်းချမှုတွေကို တားမြစ်တဲ့ ဥပဒေမူဘောင်တွေဟာ သစ်မှောင်ခိုလုပ်ငန်းတွေကို ထိထိရောက်ရောက် ရပ်တန့်သွားအောင် မလုပ်နိုင်သေးပါဘူး။ အဲဒါကြောင့် ကုမ္ပဏီတွေအနေနဲ့ သူတို့ဝယ်ယူတဲ့ သစ်တွေရဲ့ ကုန်ကြမ်းအဆင့်ဆင့်ကို မသိကျိုးကျွန်ပြုနေသရွေ့ ဇာတ်မြစ်အမှန်ကို ဘယ်တော့မှ သိနိုင်တော့မှာ မဟုတ်ပါဘူး။
လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း သစ်ဝယ်လိုအား မြင့်တက်နေပါတယ်။ အကျိုးအမြတ်အတွက်ပဲ ကြည့်ကြတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကတော့ ဘယ်သစ်ကိုမဆို (ပဋိပက္ခဖြစ်ပွားရာ ဒေသက ထွက်တဲ့ တရားမဝင် သစ်တွေ ဖြစ်နေပါစေ) မျက်စိမှိတ် ဝယ်ယူ ရောင်းချဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။
သတင်းကောင်းတစ်ခုကတော့ သိပ္ပံပညာရှင်တွေက သစ်တွေရဲ့ ဇစ်မြစ်အမှန်နဲ့ အချက်အလက်အမှားတွေကို ထောက်လှမ်းနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေနေကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဒီလို အချက်အလက်မှန် ဖော်ထုတ်တဲ့ နည်းလမ်းတွေက လက်ရှိကုန်သွယ်နေတဲ့ သစ်ပမာဏ များစွာအတွက် အလျဥ်မီအောင် မဆောင်ရွက်နိုင်သေးသလို ဓာတ်ခွဲခန်းတစ်ခုအတွင်းမှာ သစ်အားလုံးကို စမ်းသပ်ဖို့အတွက် ကုန်ကျစရိတ်လည်းများတာကြောင့် တွက်ချေကိုက်မှု မရှိသေးပါဘူး။
အနှစ်ချုပ်ရမယ်ဆိုရင် ပဋိပက္ခဒေသတွေက သစ်လုံးတွေကို အမြောက်အများ ထုတ်ယူရောင်းချသူတွေ ကိုယ်တိုင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ ကျင့်ဝတ်တွေကို အလေးအနက် လေးစားလိုက်နာမှု မရှိသရွေ့၊ ချမ်းသာတဲ့ နိုင်ငံကြီးတွေက သစ်ဝယ်လိုအား ဆက်လက်မြင့်တက်နေသရွေ့၊ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းက ပဋိပက္ခထူပြောရာ နိုင်ငံတွေရဲ့ သစ်တောပြုန်းတီးမှုနဲ့ ပဋိပက္ခတိုက်ပွဲတွေကို ဘယ်တော့မှ ငြိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး။
(Foreign Policy မှာ ဖော်ပြထားတဲ့ Audrey Thill ရဲ့ “How Myanmar’s Wood Funds Its Brutal Military” လေ့လာသုံးသပ်ချက် (Analysis) စာတမ်းကို ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ Audrey Thill ဟာ Council on Strategic Risks ရဲ့ ဥတုရာသီနဲ့ လုံခြုံရေးဆိုင်ရာ ပရိုဂရမ် သုတေသီတစ်ဦးဖြစ်ပါတယ်။)
(ယခုဘာသာပြန်ဆောင်းပါးကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
