WAG - မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းနဲ့ အင်တာဗျူး
WAG - မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုမုန်တိုင်းနဲ့ အင်တာဗျူး
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာ နယ်မြေချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲကို တောင်ပိုင်းဒေသ တနင်္သာရီတိုင်းက လူငယ်တွေအပါအဝင် မြန်မာလူငယ်တွေ အလုံးအရင်းနဲ့ တရားမဝင် ဝင်ရောက်နေကြပါတယ်။
ဒီလို တရားမဝင် ဝင်ရောက်လာသူအများစုဟာ ဘဝရပ်တည်ရေးအတွက် ဝင်ငွေရဖို့ အလုပ်တွေ ရှာဖွေလုပ်ကိုင်တဲ့အခါ ဘယ်လိုတွေ ကြုံတွေ့ရနိုင်ပါသလဲ။ အထောက်အထားမဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေ လက်ရှိရင်ဆိုင်ရနိုင်တဲ့ အခြေအနေကကော ဘယ်လို ရှိနေပါမလဲ။ သူတို့ကြိုသိသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် ကိစ္စတွေက ဘာတွေပါလဲ။ ဒါတွေကို သိနိုင်ဖို့ ရည်ရွယ်ပြီး မြန်မာလုပ်သားတွေရဲ့ အခက်အခဲတွေကို ကူညီပေးရှင်းပေးနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် WAG အဖွဲ့ရဲ့ တာဝန်ခံ ကိုမုန်တိုင်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းကာ ဒီတစ်ပတ်ရဲ့တောင်ပိုင်းသား အစီအစဉ်ကနေ တင်ဆက်လိုက်ပါတယ်။
မေး - လက်ရှိမှာ ထိုင်းက အထောက်အထားမဲ့ မြန်မာ လုပ်သားတွေအခြေအနေက ဘယ််လိုရှိနေပါသလဲ။
ဖြေ - လက်ရှိထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ တရားမဝင်လုပ်သားတွေဆိုရင် အလုပ်အကိုင်ရှားပါးပါတယ်။ ဘာလို့လဲဆိုရင် လက်ရှိထိုင်းနိုင်ငံထဲမှာက တရားဝင် အလုပ်စမတ်ဖို့ (အလုပ်လျှောက်) ဖို့က အရမ်းခက်ခဲပါတယ်။ အထောက်အထားလိုအပ်တယ်။ အထောက်အထားတွေမရှိကြတော့ အရမ်းခက်ခဲကြတာကို တွေ့ရတယ်။ အထောက်အထားမဲ့တွေဆိုရင် စက်ရုံတွေက တော်ရုံတန်ရုံအလုပ်မခန့်ကြဘူး။ ဆောက်လုပ်ရေးဆိုက်တွေမှာပဲ အလုပ်ခန့်ကြတာများတယ်။ အခုပြီးခဲ့တဲ့ ၁၂ လပိုင်းကဆိုရင် မဟာချိုင်တို့၊ ချွန်ပူရီတို့ စတဲ့ တော်တော်များနေရာတွေမှာ အဲ့လို ဆောက်လုပ်ရေးဆိုက်တွေကို ဝင်ဖမ်းနေကြတာတွေကိုလည်း တွေ့ရပါတယ်။ အထောက်အထားမရှိတဲ့သူတွေကို ဝင်ဖမ်းတာပါ။
မေး - အထောက်အထားမဲ့ မြန်မာလုပ်သားတွေ အများဆုံးရင်ဆိုင်ရတဲ့ ပြဿနာတွေ၊ အခက်အခဲတွေက ဘာတွေလဲ။
ဖြေ - ဘာတွေရင်ဆိုင်နေရလဲဆိုတော့ မြန်မာပြည်ကနေ ခိုးလမ်းကနေ တက်လာတဲ့အချိန်မှာရင်ဆိုင်ရတာက ထိုင်းထဲမှာ တရားမဝင်တဲ့ပွဲစားတွေ ၊ လိုင်းပေါ်ကနေ အလုပ်သွင်းပေးမယ်ဆိုပြီး ကြေငြာကြတဲ့ ပွဲစားအချို့ပေါ့ဗျာ။ ထိုင်းထဲကို တရားမဝင်အလုပ်သမားတွေ ဝင်လာပြီဆိုလို့ရှိရင် အဲ့လိုပွဲစားတွေဆီမှာ လိုင်းပေါ်ကနေတွေ့ပြီး အလုပ်တွေ သွားသွင်းခိုင်းလေ့ရှိတယ်။ အဲ့လိုလုပ်တော့ တော်တော်များများက ပွဲစားတွေလက်နဲ့ လိမ်ခံထိတယ်။ အဲ့လိုလိမ်ခံထိရင် တယောက်တယောက်ကို စမတ်ခ (အလုပ်သွင်းပေးခ) ဘတ်ငါးထောင်တို့၊ တချို့ဆို ဘတ် (အလုပ်သမားမှတ်ပုံတင်) ရိုက်ပေးမယ် အပြီးအစီး ဘတ်တစ်သောင်းခွဲ၊ တချို့ဆို ဘတ်တစ်သောင်းခုနစ်ထောင် အဲ့လိုမျိုးတွေ တောင်းတာရှိတယ်။ အဲ့လိုမျိုးတွေလိမ်ခံထိတိုင်းမှာ သူတို့တွေက အလုပ်သမားအဖွဲ့အစည်းတွေကို အကူအညီတောင်းတဲ့အချိန်မှာ ဒီလိုမျိုး တရားမဝင်တဲ့ အလုပ်သမားတွေကို ဖြေရှင်းပေးရတာအလွန်ကိုမှခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ထိုင်းအာဏာပိုင်တွေကိုယ်တိုင်က သူတို့တရားမဝင်ရင် ဖမ်းဆီးမယ်လို့ တရားဝင်ကြေညာထားတယ်ပေါ့။ တော်တော်များများပွဲစားတွေနဲ့ အလုပ်စမတ် (အလုပ်လျှောက်) တော့မယ်ဆိုရင် ပွဲစားတွေရဲ့ ပတ်စပို့နဲ့ ဘဏ်နံပါတ်တွေကို တောင်းထားစေချင်တယ်။ ဘာလို့အဲ့လိုမျိုး တောင်းခိုင်းတာလဲဆိုရင် သူတို့ပွဲစားတွေ တော်တော်များများက နယ်မြေခံ ပုလိပ်တွေနဲ့ ပေါင်းပြီးတော့လုပ်တာကိုတွေ့ရတယ်။ အလိမ်ခံရလို့ ဘယ်ကိုတိုင်လို့တိုင်ရမှန်းမသိ ဖြစ်တဲ့အခါကြရင် ပွဲစားတွေဆီက ပတ်စပို့တွေရှိထားရင် သူတို့ကို တိုင်ရ၊ ပြုရ လွယ်ပါတယ်ဗျ။
မေး - အလုပ်သမားတွေရင်ဆိုင်နေရတာတွေကို အဖွဲ့အစည်းတွေက ဘယ်လိုတွေ ဖြေရှင်းပေးနေရလဲ။ မြန်မာအစိုးရကကော ဘယ်လောက်အထိ ဆောင်ရွက်ပေးတာမျိုးရှိလဲ။
ဖြေ - ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်လာပြီဆိုတာနဲ့ တရားမဝင်အလုပ်သမားတစ်ဦးဖြစ်တယ်။ ပွဲစားတွေ တော်တော်များများအတွက် အထောက်ထားမဲ့တွေက အရမ်းကိုလိမ်လို့ကောင်းပါတယ်။ အဲ့လိုလိမ်လို့ကောင်းတဲ့အတွက်ကြောင့် သူတို့တွေအခက်အခဲဖြစ်တဲ့အခါ၊ လိမ်ခံရတဲ့အခါတွေမှာ ထိုင်းထဲမှာရှိနေတဲ့ စစ်ကောင်စီဘက်က ထားထားတဲ့ သံရုံးကိုယ်တိုင်ကိုက ဒီလိုမျိုးတရားမဝင်တဲ့ သူတွေဆို သူတို့တော်တော်များများ မဖြေရှင်းပေးတာပို့များပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ထိုင်းနိုင်ငံထဲမှာနေရင် သူရဲ့ ဥပဒေကို လိုက်နာရမယ်ဆိုပြီးတော့ ကိုင်ဆောင်ထားတာများပါတယ်။ တရားမဝင်တဲ့ အလုပ်သမားတွေ တခုခုဖြစ်ပြီဆိုရင် သူတို့တွေဆီမှာ သွားပြီးအကူအညီတောင်းရင် တော်တော်များများ ခေါင်းရှောင်တာတွေတွေ့ရတယ်။ အထောက်အထားမဲ့တွေအပြင် လက်ရှိတရားဝင် နှစ်ဖက်အစိုးရ သဘောတူညီမှုနဲ့ တက်လာတဲ့ MOU လုပ်သားတွေတောင် သူတို့ (သံရုံး) မဖြေရှင်းပေးတာတွေ အများကြီးရှိပါတယ်။
မေး - မြန်မာကနေ ထိုင်းကိုထပ်ဝင်လာသူတွေ များလာတယ်လို့ ကြားနေရတော့ အလုပ်အကိုင်အခြေအနေတွေ ဘယ်လိုဖြစ်လာနိုင်မယ်လို့ ခန့်မှန်းထားလဲ။
ဖြေ - ထိုင်းနိုင်ငံထဲကို တရားဝင်တဲ့သူရော၊ တရားမဝင်တဲ့သူရော ဝင်ရောက်လာကြတာ များတဲ့အတွက် အလုပ်အကိုင်တွေကတော့ ရှားပါးလာမှာပါ။ ပြီးတော့ တရားမဝင်တဲ့ လုပ်သားတော်တော်များများကို ဆောက်လုပ်ရေးဆိုက်တွေက ခေါ်တာတွေ့ရပါတယ်။ ဒါပေမဲ့ အဲ့ဆောက်လုပ်ရေးတွေမှာ အလုပ်ခိုင်းပြီးတော့ ပိုက်ဆံမပေးတာတွေအများကြီးရှိပါတယ်။ တချို့လူတွေဆိုရင် တစ်လ၊ နှစ်လ၊ သုံးလစာအထိ မပေးကြတာရှိတယ်။ အဲ့လိုမပေးဘူးဆိုရင် သူတို့တွေက သွားတိုင်လို့ကလည်း မရဘူး။ အဲ့လိုတရားမဝင်တဲ့ အလုပ်သမားတစ်ဦးကနေပြီးတော့ ရုံးတွေဂတ်တွေကို သွားတိုင်တော့မယ်ဆိုရင် သူတို့က အရင်အဖမ်းခံရမှာပါ။ အဲ့ဒါကြောင့် ထိုင်းနိုင်ငံမှာ တော်တော်များများ တရားမဝင်တဲ့ အလုပ်သမားတွေတွေ့ကြုံနေရတာက ဆောက်လုပ်ရေးဆိုက်အတော်များများမှာ လုပ်အားခမရတာတွေ၊ အနှိမ်ခံရတာတွေ ကြုံရပါတယ်။
မေး - ထိုင်းက အထောက်အထားမဲ့ မြန်မာလုပ်သားတွေ ခုလိုကာလမှာ ဘာတွေ သတိထားသင့်လဲ။
ဖြေ - လက်ရှိ ထိုင်းနိုင်ငံထဲမှာ တရားမဝင်ဘူးဆိုရင် သွားတာ၊ လာတာ သတိထားစေချင်ပါတယ်။ နေတာ၊ ထိုင်တာကိုလညး ဆင်ခြင်စေချင်တယ်ပေါ့နော်။ ကိုယ်က ဈေးတွေဘာတွေ ထွက်ဝယ်မယ်ဆိုရင်တောင်မှ အထောက်အထားရှိတဲ့သူကို ပေးပြီးဝယ်ခိုင်းပါ။ နောက်ပြီးရင် ဖုန်းတွေထဲမှာ တရားမဝင်ဂိမ်းတွေသိပ်ပြီး မထည့်ထားစေချင်ဘူး။ ကိုယ့်မှာ အထောက်အထားမပြည့်စုံတဲ့အချိန် ဖုန်းတွေဘာတွေစစ်ခံရလို့ အဲ့လို ဂိမ်းတွေ ဘာတွေတွေ့သွားရင် ကိုယ့်မှာ အများကြီးပဲ အမှုတွေထပ်တိုးနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အပြင်တွေဘာတွေသွားမယ်ဆိုရင် ဗမာနည်း၊ ဗမာ့ဟန် အဝတ်အစားတွေဝတ်ပြီး သွားတာလာတာလေးကို သိပ်ပြီးဆင်ခြင်စေချင်တယ်။ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံကို သတိထားပါ။
မေး - ထိုင်းရောက်မြန်မာလုပ်သားတွေ အလုပ်အကိုင်နဲ့ အခွင့်အရေးချိုးဖောက်ခံရတာတွေဖြစ်ရင် အရင်ဆုံးဘာလုပ်ပါလို့ အကြံပေးချင်လဲ။
ဖြေ - ကိုယ်က အထောက်အထားမပြည့်စုံတဲ့အခါကြရင် အလုပ်ဝင်လို့ ကိုယ့်ကို လက်ဗွေနှိပ်ခိုင်းရင် ကိုယ့်လက်ဗွေပါတဲ့ စာရွက်ကို ကိုယ်လည်းသိမ်းထားပါ။ ပြီးရင် ကဒ်ပြားထုတ်ပေးရင်လည်း အဲ့ဒါလေးတွေကို သေချာသိမ်းထားပါ။ ငွေရှင်းစာရွက်လေးတွေဆိုရင်လည်း သေချာလေး သိမ်းထားစေချင်ပါတယ်။ ဘာလို့ဆို ကိုယ်က တကယ်လို့လုပ်အားခမရတော့ဘူးဆိုရင် အချိန်မရွေး ဒီအထောက်အထားတွေနဲ့ တိုင်ကြားလို့ရပါတယ်။ တရားမဝင်လုပ်သမားအနေနဲ့ ဒီလိုမျိုး ရုံးတွေ၊ တန်းတွေ တိုင်တော့မယ်ဆိုရင် အင်မတန်ခက်ခဲတဲ့အတွက် စာရွက်စာတမ်းတွေကို ရသလောက်သိမ်းထားပါ။ ကျနော်တို့အနေနဲ့ကတော့ ဒီစာရွက်စာတမ်းတွေကိုသုံးပြီး သူဌေးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးလို့ ရပါတယ်။
မေး - ထပ်ဝင်လာမဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ဘာတွေ ကြိုအသိပေးချင်လဲ။
ဖြေ - ကြိုသိထားသင့်တာတွေကတော့ ဒီကိုရောက်လာပြီဆိုတာနဲ့ ဘတ် (အလုပ်သမားမှတ်ပုံတင်) ရိုက်ပေးမဲ့ ရက်ကို စုံစမ်းပါ။ ထိုင်းအာဏာပိုင်တွေက ဘယ်နေ့ကို ဖွင့်ပေးမလဲဆိုတာမျိုးပေါ့နော်။ လက်ရှိထိုင်းနိုင်ငံထဲမှာ ကျနော်တို့မြန်မာပွဲစားတွေပေါ့။ ဘတ်ရိုက်ပေးမှာတွေ၊ အလုပ်စမတ်ပေးမှာတွေရော အဲ့ဒါတွေကို ကျနော်တို့တွေက သေသေချာချာ ဂဃနဏ စုံစမ်းစေချင်တယ်။ ပွဲစားတွေနဲ့ အလုပ်တွေအပ်မယ်၊ ဘတ်တွေဘာတွေ လုပ်တော့မယ်ဆိုရင် သူတို့နောက်မှာ သူဌေးရှိလားဆိုတာတွေကိုလည်း စုံစမ်းရမယ်။ အခုထိုင်းဘက်မှာ ဘာတွေကြုံတွေ့နေရလဲဆိုတော့ ပွဲစားတွေက ဘတ်ရိုက်ခတွေ၊ ပွဲစားခတွေ ယူသွားကြတယ်။ ပြီးရင် ဆက်မလုပ်ပေးတာတွေ၊ လုပ်ထားပေးပေမဲ့ စာရွက် စာတမ်းအတုတွေဖြစ်နေတာတွေ ကြုံရတတ်ပါတယ်။ အဲ့လိုတွေဖြစ်ရင် တိုင်ကြားနိုင်ဖို့အတွက် ပွဲစားရဲ့ ပတ်စပို့နံပါတ်နဲ့ ဘဏ်နံပါတ်တွေကို တောင်းထားစေချင်တယ်။ သူတို့က တကယ်လိမ်သွားပြီဆိုရင်တောင်မှ သူတို့ရဲ့ ပတ်စပို့နဲ့ တိုင်ကြားလို့ရပါတယ်။ အဲ့လိုမျိုး ကျနော်တို့တွေ တော်တော်များများ ကူညီပေးလို့ရပါတယ်။ အခုလက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင်တဲ့သံရုံးကတော့ တရားမဝင်လုပ်သားတွေကို ကူညီပေးဖို့နေနေသာသာ တရားဝင်လုပ်သားတွေကိုတောင်မှ မဖြေရှင်းပေးနိုင်တာတွေ အများကြီးတွေ့ရပါတယ်။
The Tanintharyi Times
