ထားဝယ်၊ ကျန်းမာရေးလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီကတစ်ပတ်အတွင်းဖျက်ခိုင်း

ထားဝယ်၊ ကျန်းမာရေးလမ်းက နေအိမ်နဲ့ ဆိုင်ခန်းတွေကို စစ်ကောင်စီကတစ်ပတ်အတွင်းဖျက်ခိုင်း

ပုံစာ - ကျန်းမာရေးလမ်းတစ်နေရာ(ပုံဟောင်း) ဓာတ်ပုံ - ဖိုးဇော် (ထားဝယ်)

ထားဝယ်မြို့က ကျန်းမာရေးလမ်းကို နှစ်လမ်းသွားချဲ့ထွင်ဖို့ အတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းဘေးတစ်လျှောက်က နေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေကို တစ်ပတ်အတွင်းဖျက်ပေးဖို့ စစ်ကောင်စီက ဖိအားပေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

ကျန်းမာရေးလမ်း (ခေါ်) ထန်းပင်တန်းလမ်းပေါ်မှာရှိတဲ့ ဘုမ္မော်ရပ်ကွက်ထဲက နေအိမ်တွေကို မနေ့က လမ်းဦးစီးဌာနလက်မှတ်ပါတဲ့ စာတွေပေးပို့ခဲ့တယ်လို့ ကာယကံရှင်တွေက ဆိုပါတယ်။

“ရွာလူကြီးက စာလာပေးသွားတာ။ စောမိညိုလမ်းဆုံကနေ မီးသုံးလုံးလမ်းဆုံကြားထဲကအိမ်တွေပါ။ မိုးကုတ်ဘက်ခြမ်းအိမ်တွေ အကုန်ပါတယ်” လို့ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

လမ်းဦးစီးဌာနရဲ့ စာထဲမှာတော့ အဆောက်အအုံနဲ့ စျေးဆိုင်ဟာ လမ်းဦးစီးဌာနပိုင်လမ်းနယ်အတွင်း ဝင်ရောက်ဆောက်လုပ်ထားတာကြောင့် နောက်လ ၄ ရက်နေ့နောက်ဆုံးထားပြီး တစ်ပတ်အတွင်း ဖျက်သိမ်းပြောင်းရွေ့ပေးဖို့ ရေးသားထားပါတယ်။

လက်ရှိမှာတော့ နေအိမ်နဲ့ စျေးဆိုင်ဆယ်ကျော်လောက်ဟာ အိမ်မျက်နှာစာဖျက်ပေးရမယ့် အခြေအနေဖြစ်နေတယ်လို့ ကာယကံရှင်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

“ခြုံစည်းရိုးတွေ အကုန်ပါတယ်။ လှေကားတွေ အိမ်ရှေ့ခြမ်းတွေလည်း ဖျက်ရမယ့်ထဲပါကြတယ်။ အိမ်လွတ်ရင်တောင် လမ်းနဲ့ကပ်ရက်ကြီးဖြစ်နေမှာပါ” လို့ အိမ်ဖျက်ပေးရမယ့်သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အဲဒီလမ်းပေါ်မှာရှိတဲ့ မိုးကုတ်ဝပဿနာအဖွဲ့ရဲ့ ရိမ်သာခြုံစည်းရိုးလည်း ဖျက်ရမယ့်အထဲပါနေတယ်လို့ ရပ်ကွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျန်းမာရေးလမ်းဟာ ထန်းပင်တွေကြောင့် ထင်ရှားတဲ့လမ်းဖြစ်ပြီး လက်ရှိဖျက်ပေးရမယ့် အိမ်တွေဟာလည်း လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်လောက်ကတည်းက ရှိနေတဲ့အိမ်တွေဖြစ်တယ်လို့ ရပ်ကွက်နေသူတွေက ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ထန်းပင်တွေကို လမ်းအူကြောင်းမှာထားပြီး ဘယ်နဲ့ညာနှစ်ဖက်ကို နှစ်လမ်းသွားဆောက်လုပ်ဖို့ စီစဥ်နေတာဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေကခန့်မှန်းပါတယ်။

ကျန်းမာရေးလမ်းဟာ ပေါက်တိုင်းတံတားရှိတဲ့ ထားဝယ်မြို့အဝင်ပေါ်ကကနေ ထားဝယ်ကမ်းနားလမ်းအထိ တစ်ဆက်တည်းသွားလာလို့ရတဲ့ လမ်းလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ထားဝယ်မြို့ပေါ် မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ စောမိညိုလမ်းကနေအိမ်တွေ၊ ဆင်ဆိပ်နဲ့ အိမ်ရှေ့ပြင်ရပ်ကွက်မှာရှိတဲ့ နေအိမ်နဲ့ စျေးဆိုင်တွေကိုလည်း အခုနှစ်အတွင်း အတင်းအကြပ်ပြောင်းရွေ့ခိုင်းခဲ့ပါတယ်။

The Tanintharyi Times