“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

နိုင်ငံတဝှမ်းမှာ နိုဝင်ဘာ ၂၃ ရက်ကနေ ၂၉ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။
 
ဒီတပတ်မှာလည်း စစ်ကောင်စီက နယ်မြေတွေ ပြန်ရဖို့  တန်ပြန်ထိုးစစ်ဆင်တာတွေကြောင့် နယ်မြေနဲ့ စခန်းတချို့ ပြန်လက်လွှတ်ရတာတွေ ရှိနေသလို လက်နက်ကိုင်တိုင်းရင်းသားတွေဘက်ကလည်း နယ်မြေသိမ်းပိုက်နိုင်တာတွေနဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးမယ့်အကြောင်း ထုတ်ပြန်လာတာတွေလည်း ရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေထဲမှာ တရုတ်နိုင်ငံက မြန်မာ့ပြည်တွင်းစစ်အပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးတာတွေ ဆက်လက်ရှိနေပြီး ထိုင်းကတော့ ဝတပ်ဖွဲ့နဲ့ နယ်မြေကိစအငြင်းပွားကာ စစ်ရေးဟန်ပြင်နေပါတယ်။
 
ပြည်နယ်တိုင်းတွေက စစ်ရေးအခြေအနေ
 
ကချင်ပြည်နယ်
 

  • ကချင်အထူးဒေသ(၁)နယ်မြေ သတ်မှတ်ချက်ကို KIO ပယ်ဖျက်
     
    စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးစီးနေတဲ့ကချင်အထူးဒေသ(၁)တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အထူးဒေသသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီလို့ KIOက ထုတ်ပြန်ပါတယ်။ အဲ့ဒီအထူးဒေသထဲမှာ ရှိတဲ့ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တီမြို့တွေကို KIAနဲ့ တော်လှန်ရေးတပ်တွေက ယခုနှစ် ဇွန်လမှ စကာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ နောက်ဆုံးလက်ကျန် ကန်ပိုက်တီမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာမှာပဲ ကချင်အထူးဒေသ(၁) သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်တာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးညီညွှတ်မှုကို ထိခိုက်စေခဲ့ကြောင်း ကချင်လူမျိုးများသာမက ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူတွေ စိတ်ဝမ်းကွဲမှု မရှိဘဲ အတူတကွတန်းတူနေထိုင်ရေးအတွက် ကချင်အထူးဒေသလို့ ခွဲခြားသတ်မှတ်ထားတဲ့ နယ်မြေတွေကို တပေါင်းတစည်းတည်းဖြစ်အောင် အရယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်စာမှာ အသိပေးထားပါတယ်။ ဒါ့အပြင် ယခင်က ကချင်အထူးဒေသ (၁) အုပ်ချုပ်မှုအောက်မှာ ရှိခဲ့တဲ့ ပြည်သူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအားလုံး စိုးရိမ်စိတ်မထားဘဲ KIOနဲ့ ပူးပေါင်းကာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွတည်ဆောက်သွားကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
     
  • ကံပိုင်တည်နယ်စပ်ဂိတ်ကနေ ကုန်အကန့်အသတ်နဲ့ တင်ပို့ဖို့ KIA ခွင့်ပြု
     
    တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ် ကံပိုင်တည်ကနေကန့်သတ်ချက်နဲ့ ကုန်ပစ္စည်းတင်ပို့ခွင့်ကို KIA က အခုလ ၂၄ ရက်မှာခွင့်ပြုခဲ့ပါတယ်။ တရုတ်ဘက်ကတော့ အဲ့ဒီဂိတ်မှာအခုလ ၁၈ ရက်နေ့ကတည်းက စတင်ကာ ကုန်တင်ပို့ခွင့် ပိတ်ထားတာပါ။ The 74 Media က ဖော်ပြတဲ့ သတင်းအရတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/KIO) ထိန်းချုပ်ထားတဲ့ ကံပိုင်တည်နယ်စပ်ဂိတ်ကနေ တွင်းထွက်ပစ္စည်းတွေကို တင်ပို့ခွင့်ကန့်သတ်ထားပြီး တစ်သျှူးငှက်ပျောနဲ့ ကောက်ပဲသီးနှံတွေကိုသာ တရုတ်ဘက် တင်ပို့ခွင့်ပြုထားတာလို့ သိရပါတယ်။နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေလည်း တရုတ်နိုင်ငံကနေ ထွက်ခွင့်ပြုထားပေမယ့် ဝင်ခွင့်ပိတ်ထားတယ်လို့ သိရပါတယ်။ နယ်စပ်ဂိတ်ရှိတဲ့ ကံပိုင်တည်မြို့ကို စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့နယ်ခြားစောင့်တပ်ဖွဲ့က ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး အခုလ ၂၀ ရက်နေ့မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
     
  • ကံပိုက်တည်မှာ စစ်ရှုံးပြီး တရုတ်ထဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို မူဆယ်ဘက် ပြန်ပို့ 
     
    ကံပိုက်တည် မြို့သိမ်းတိုက်ပွဲကနေ နိုင်ငံကျော် ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို တရုတ်ကနေ ရှမ်းမြောက် မူဆယ်ဘက်ကို အခုလ ၂၃ ရက်က ပြန်ပို့ပေးခဲ့ပါတယ်။ ည ၇ နာရီဝန်းကျင်မှာ တရုတ်နိုင်ငံ ရွှေလီမြို့ကနေ မူဆယ်ဘက် ပို့ပေးခဲ့တာလို့ ရွှေဖီမြေက ဖော်ပြပါတယ်။
     
    ရှမ်းပြည်နယ်
     
  • ဝတပ်ဖွဲ့နဲ့ ထိုင်းစစ်တပ် နယ်စပ်မှာ စစ်ရေးတင်းမာနေ
     
    “ဝ” တပ်ဖွဲ့ (UWSA) တပ်စွဲထားတဲ့ ထိုင်း-မြန်မာနယ်စပ်က နေရာ ခုနစ်ခုကို ဆုတ်ခွာပေးဖို့ ထိုင်းစစ်တပ်က ပြောဆိုထားပေမဲ့ ဆုတ်ခွာတာမရှိတာကြောင့် စစ်ရေးတင်းမာနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဖော်ပြပါတယ်။ စစ်ရေးတင်းမာနေတဲ့ နေရာအနီးမှာ ထိုင်းဘုရင့်တပ်မတော်နဲ့ ထိုင်းတပ်ဖွဲ့က ဟောင်ဝစ်ဇာ အမြောက်တွေ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ တပ်စခန်း ခုနစ်ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားဖယ်ပေးဖို့ ထိုင်းနိုင်ငံက တောင်းဆိုထားပါတယ်။
     
  • ဝတပ်ဖွဲရဲ့ စစ်သင်တန်းကျောင်းမှာ သင်တန်းသား နှစ်ထောင်ကျော် ပထမသုတ်အဖြစ် တက်ရောက်နေ
     
    တပ်သားသစ် အင်အား နှစ်ထောင်ကျော်ပါဝင်တဲ့ ပထမသုတ် စစ်သင်တန်းကျောင်းဖွင့်ပွဲကို “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA၊ တောင်ပိုင်း (၁၇၁) စစ်ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ WSTV (Wa State TV) က အခုလ ၂၆ ရက်က ဖော်ပြပါတယ်။ ဝပြည်နယ် တောင်ပိုင်းမှာ စစ်သားအသစ်ကောက်တာကို အရင်ရှေ့လကတည်းစလုပ်ခဲ့တာလို့ ရွှေဖီမြေသတင်းဌာနက ရေးသားထားပါတယ်။ ဝတပ်ဖွဲ့ဟာ ပြည်ပနိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ကြတဲ့ “ဝ” အမျိုးသားတွေ၊ တရားမဝင်အလုပ်သမားတွေ၊ စစ်မှုထမ်းဖို့ ရှောင်ပြေးနေရင် အမြန်ဆုံးပြန်လာပြီး စာရင်းသွင်းကာ စစ်မှုထမ်းဖို့ သြဂုတ်လမှာ ထုတ်ပြန်ထားပါတယ်။
  • တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ် တွေ့ဆုံဆွေးနွေးမယ်
     
    နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ တိုက်ပွဲရပ်စဲရေးအတွက် တရုတ်အစိုးရရဲ့ကြိုးပမ်းမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က အခုလ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ စစ်ရေးပဋိပက္ခ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်ဖို့အတွက် တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုကို TNLA ဘက်က အပြုသဘောရှုမြင်ပြီး ကောင်းမွန်တဲ့ အခြေအနေရောက်တဲ့အထိ ဆက်လက် ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ဆိုထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့၊ ရွာတွေကို စစ်ကောင်စီတပ် ကင်းစင်အောင် ဆောင်ရွက်နိုင်ခဲ့ပေမဲ့ လေကြောင်းက တန်ပြန်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ခံစားခဲ့ရကြောင်း စစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ထောက်ထားတဲ့အနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကိုကိုင်စွဲပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတယ်လို့ TNLA က ဆိုပါတယ်။ စစ်ကောင်စီနဲ့ ဘယ်လိုပုံစံ တွေ့ဆုံဆွေးနွေးမလဲဆိုတာ မသိရပါဘူး။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ကွတ်ခိုင်မြို့ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ မန္တလေးတိုင်းတို့က မြို့ပေါင်း ၁၂ မြို့ကို TNLA က သိမ်းပိုက်ထားပါတယ်။
     
  • ဖယ်ခုံမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်
     
    ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်ကတည်းက မြို့ အဝင်အထွက်တွေကို ကရင်နီ ကာကွယ်ရေးပူးပေါင်းတပ်တွေက ထိန်းသိမ်းထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့ကို စစ်ကောင်စီတပ်က အခုရက်ပိုင်းမှာ ပြန်ထိန်းချုပ်လိုက်ပါတယ်။ မြို့ပေါ်ရပ်ကွက် ရှစ်ခုလုံးကို စစ်ကောင်စီတပ်က အပြည့်အဝ ထိန်းချုပ်ထားပြီး ကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြို့အနီးကနေ ပြန်ဆုတ်ခွာသွားတယ်လို့ RFA က ရေးသားထားပါတယ်။ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက ဖယ်ခုံနဲ့ ကပ်ရပ်ရှိတဲ့ မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းဆက်ထိုးနေတာ ရှိပါတယ်။
     
    ရခိုင်ပြည်နယ်
     
  • တောင်ကုတ်မြို့ကို AA ထိန်းချုပ်
     
    ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်ကျန်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်-AA က မနေ့ကထုတ်ပြန်ပါတယ်။ တောင်ကုတ်မြို့ကို အခုလ ၄ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့အတွင်းနေရာတွေနဲ့ တောင်ကုတ်ရဲစခန်းကို  ၂၄ ရက်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်- စကခ (၅) နဲ့ တပ်မဌာနချုပ်နဲ့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ  (၃၄၆) နဲ့( ၅၄၄) တပ်ရင်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။ မောင်တော၊ ဂွနဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွေကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။

  • ကရင်နီ(ကယား)ပြည်
     
  • လွိုင်ကော်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ငါးဦးကို KNDF ဖမ်းမိ
     
    ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ အခုလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦး ဖမ်းမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း RFA ကသတင်းဖော်ပြပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီး သုံ့ပန်းငါးဦး ဖမ်းမိခဲ့တာလို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက ပြောပါတယ်။ သေနက် ၂၂ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က နှစ်ဆယ်ကျော် သုံးဆယ်နီးပါးကျဆုံးကာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာလည်း ထိခိုက်ဒဏ်ရာအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။
     
    မန္တလေးတိုင်း
     
  • မတ္တရာ- စဉ့်ကူး- သပိတ်ကျင်း လမ်းပိုင်းကို စစ်ရေးအခြေအနေအရ သွားလာခွင့် ကန့်သတ်မယ်
     
    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း လမ်းပိုင်းကို အခုလ ၂၆ ရက်ကစပြီး သွားလာခွင့် ကန့်သတ်သွားမယ်လို့ MDY – PDF က ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ သွားလာခွင့်တွေကို ဘယ်နေ့ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။ နောက်ထပ် ထုတ်ပြန်ချက် ထပ်မထုတ်မချင်း အခုထုတ်ပြန်ချက်က အတည်ဖြစ်တယ်လို့ ဆိုပါတယ်။ သပိတ်ကျင်းမြိုနယ်နဲ့ မတ္တရာမြိုနယ်တွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ်ပြန်ဖြစ်ပွားလာတဲ့အတွက် ခရီးသွားပြည်သူတွေရဲ့ လုံခြုံရေးအရ အဆိုပါလမ်းပိုင်းအသုံးပြုခွင့်ကို စတင်ကန့်သတ်တာလို့ MDY-PDF ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က သတင်းမီဒီယာတွေကိုပြောထားပါတယ်။
     
    ကရင်ပြည်နယ်
     
  • စစ်ကောင်စီက အာရှလမ်းသစ်တိုက်ပွဲမှာ ဒရုန်းနဲ့တိုက်ခိုက်မှု ပိုများလာ
     
    ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းသစ်မှာ စစ်ကောင်စီတပ်တွေဟာ မြေပြင်က စစ်ကြောင်းထိုးတိုက်ခိုက်တာအပြင် ဒရုန်းနဲ့တိုက်ခိုက်တာတွေ ပိုလုပ်လာကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူးပေါင်းတပ်က ပြောတယ်လို့ RFA က သတင်းရေးသားထားပါတယ်။ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီတပ်က ဒရုန်းဗုံးချတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလမှာတော့ အသေခံဒရုန်း (Kamikaze)၊ Fixed Wing တာဝေးပျံပြီး ဗုံးသီးချလို့ရတဲ့ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်တာတွေ ပိုလုပ်လာတယ်လို့ ဆိုပါတယ်။
     
  • တပ်စခန်း သိမ်းခံရပြီးနောက် မထောရွာကို စစ်ကောင်စီ ဗုံးကြဲ

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က မထောစစ်တပ်စခန်းကိုKNLA နဲ့ ပူးပါင်းတပ်တွေ အခုလ ၂၂ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် မထောရွာကို နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ စစ်ကောင်စီဘက်က လုပ်ခဲ့ပါတယ်။ အခုလ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအပါအဝင် တစ်ရွာလုံးနီးပါး ပျက်စီးတာတွေ ရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဗုံးကြဲတိုက်ခိုက်ချိန်မှာ ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေကြတာကြောင့် အရပ်သား အထိအခိုက် မရှိဘူးလို့ မထောစစ်တပ်စခန်း သိမ်းထားတဲ့ KNLA ပူးပေါင်းစစ်ကြောင်းက ပြောထားပါတယ်။


 
ချင်းပြည်နယ်
 

  • ဟားခါးနဲ့ ထန်တလန်ကြားက စစ်ကောင်စီစခန်းကို ချင်းပြည်ကောင်စီပူးပေါင်းတပ် သိမ်းယူ
     
    ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားမှာရှိတဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ စီသရီးတောင်စခန်း (ပွိုင့် ၃ စခန်း) ကို ချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က အခုလ ၂၆ ရက်မှာ သိမ်းယူခဲ့ပါတယ်။ မြို့ကြားက စခန်းတွေကို သိမ်းယူနိုင်ရေး အခုလ ၂၂ ရက်နေ့ကစပြီး ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဒေသခံမီဒီယာတွေက ရေးသားပါတယ်။ သိမ်းဆည်းခဲ့တဲ့ ပွိုင့် ၃ စခန်းကနေ စက်သေနတ်တစ်လက်အပါအဝင် သေနတ် ခြောက်လက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း The Chin Journal မှာ ဖော်ပြပါတယ်။
     
  • တိုက်ပွဲမဖြစ်ဘဲ ဖလမ်းကို ဗုံးကြဲ၊ လူ ၆ ဦးထက်မနည်း သေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာက ကျန်းမားရေး ဆေးခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ရွှေဖီမြေသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်က လုမ်သဲကျေးရွာကို အခုလ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်လောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ဗုံးဒဏ်ကြောင့် ကျန်းမာရေးဆေးခန်းမှာ ဆေးကုမှုခံယူနေတဲ့ လူနာအမျိုးသား ၅ဦးနဲ့ သူနာပြုတစ်ဦး သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိပါတယ်လို့ ရွှေဖီမြေသတင်းက ဆိုပါတယ်။ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်သေဆုံးခဲ့သလို အရပ်သား လူနေအိမ်အများပြားလည်း ထိခိုက်ပျက်စီးသွားပါတယ်။


 
ထူးခြားသတင်းဖြစ်စဥ်
 

  • စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို
     
    ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ်က ICC တရားရုံးကို အခုလ ၂၇ရက်က လျှောက်ထားလိုက်ပါတယ်။ ၂ဝ၁၆ နဲ့ ၂ဝ၁၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးကာရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုတွေရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တာပါ။ လျှောက်လဲချက်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံ ပါဝင်တယ်လို့ ဖော်ပြပါတယ်။ အခုလျှောက်လဲချက်ဟာ လိုအပ်တဲ့စံနှုန်းအတိုင်း ကိုက်ညီမှုရှိ၊ မရှိကို ICC တရားသူကြီးတွေက ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပြုထားတဲ့ ဖမ်း၀ရမ်းကို ICC က ထုတ်ပြန်တဲ့ကိစ္စမှာလည်း ပြစ်မှုကျူးလွန်သူကို ဖမ်ဆီးနိုင်ရေး ကြိုးပမ်း အားထုတ်မှုမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ICC ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
     
  • ICC က ဖမ်းဝရမ်းထုတ်မယ်ကိစ္စ မျှမျှတတဆောင်ရွက်ဖို့ တရုတ်ပြော
     
    အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေက လျှောက်ထားခဲ့တာနဲ့ပတ်သက်ပြီး ICC အနေနဲ့ မှန်မှန်ကန်ကန်နဲ့ မျှမျှတတဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)ရဲ့ ရှေ့နေချုပ် က ICC တရားရုံးကို လျှောက်ထားတာနဲ့ပတ်သက်ပြီး အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
     
  • အားလုံးပါဝင်တဲ့ ဆွေးနွေးမှုလုပ်ဖို့ စစ်ကောင်စီကို G7 နိုင်ငံတွေ တိုက်တွန်း
     
    မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေမှုတွေလုပ်ကြဖို့ အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက စစ်ကောင်စီကို အခုလ ၂၆ ရက်နေ့က တိုက်တွန်းလိုက်တာလို့ RFA က သတင်‌းဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုအားလုံး ရပ်တန့်ဖို့၊ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ဖို့ဆိုတဲ့အချက်ကိုလည်း အကြောင်းပြချက်မရှိ အပြည့်အ၀ အကောင်အထည်ဖော်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ရဲ့ လတ်တလော မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး ပဋိပက္ခဖြေရှင်းနိုင်ရေး ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုတယ်လို့လည်းဖော်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာစစ်တပ်ကို စစ်လက်နက်၊ အရပ်ဘက် စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေနဲ့ လေယာဉ်ဆီ လွှဲပြောင်းပေးတာတွေကိုလည်းရပ်ဆိုင်းဖို့ G7 ရဲ့ ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။ ရိုဟင်ဂျာအပါအဝင် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်မဲ့ အခြေအနေမျိုး ဖန်တီးဖို့လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ G7 စက်မှုထိပ်သီးနိုင်ငံတွေမှာ ဂျပန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ ပါဝင်ပါတယ်။
     
  • ပြည်ပရောက် NUG အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အစိုးရအနေနဲ့ အဝေးရောက်အစိုးရအဖြစ် ဆက်ရှိနေလို့မရတော့ဘဲ နိုင်ငံတကာကို ရောက်ရှိနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ပြည်တွင်းပြန်လာဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အခုလ ၂၆ ရက်မှာ ပြောဆိုပါတယ်။ အွန်လိုင်းက ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သူက  အခုလို ပြောကြားခဲ့တာပါ။ နိုင်ငံတကာအသိုက်အဝန်းအတွက် အချိန်ယူသင့်သလောက် ယူပြီးပြီလို့ ပြောနိုင်သလို အချိန်ပေးသင့်တာထက် ပိုပြီး ပေးခဲ့ပြီးပြီလိုလည်း ပြောနိုင်ကြောင်း ယာယီသမ္မတ က ထည့်ပြောခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် တရုတ်ရဲ့ ဖိအားနဲ့ လွှမ်းမိုးမှုတွေရှိနေပြီး စစ်ကောင်စီအနေနဲ့လည်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှု ကြီးကြီးမားမားရှိနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။ ဒါကို လျစ်လျူရှုလို့မရသလို ဒီအခြေအနေကနေ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် စဉ်းစားဖို့ လိုအပ်တယ်လို့လည်း ယာယီသမ္မတက ပြောပါတယ်။

The Tanintharyi Times