ထိုင်းမှာ အထောက်အထားမဲ့မြန်မာလုပ်သားတွေ များလာလို့ အလုပ်ကိုင်ရှားပါးတာနဲ့ အခွင့်ရေးချိုးဖောက်ခံရတာတွေ ပိုမြင့်တက်လာ

ထိုင်းမှာ အထောက်အထားမဲ့မြန်မာလုပ်သားတွေ များလာလို့ အလုပ်ကိုင်ရှားပါးတာနဲ့ အခွင့်ရေးချိုးဖောက်ခံရတာတွေ ပိုမြင့်တက်လာ

ပုံစာ - ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လမှာ စမုစခွန်မြို့က ဧည့်စာရင်းမတိုင်တဲ့ မြန်မာလုပ်သားများ ဖမ်းဆီးခံရစဥ် (ပုံဟောင်း)

ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲမှာ အထောက်အထားမဲ့ မြန်မာလုပ်သားဦးရေ အလွန်များလာတဲ့အတွက် အလုပ်အကိုင်ရှားပါးတာနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတာတွေ ပိုမြင့်တက်လာတယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ လုပ်အားခမရတာ၊ အလုပ်သမားမှတ်ပုံတင်အထောက်အထားလုပ်ပေးမယ်ဆိုပြီး အလိမ်ခံရတာ တွေကြောင့် တိုင်ကြားလာတဲ့ အလုပ်သမားဦးရေဟာ တစ်လကို အယောက်တစ်ရာကျော် ဝန်းကျင်သာရှိခဲ့ပေမဲ့ အခုနှစ်စမှာတော့ လာရောက်တိုင်ကြားသူဦးရေ ငါးရာ နီးပါးအထိရှိနေပြီလို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ဆောင်ရွက်ပေးနေတဲ့ WAG အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။

“၂၀၂၃ ထက်ကို အခု ၂၀၂၄ ခုနှစ်အစပိုင်းမှာက အဲ့လိုကေ့စ်တွေပိုဆိုးလာပါတယ်” လို့ ကိုမုန်တိုင်းက ပြောပါတယ်။

အခုဖေဖော်ဝါရီလပိုင်းထဲမှာတင် တရားမဝင်လမ်းကြောင်းကဝင်ရောက်လာတဲ့ မြန်မာလုပ်သားအရေအတွက်ဟာ ဖူးခက်ခရိုင်တစ်ခုတည်းမှာတင် ခန့်မှန်းခြေ ထောင်နဲ့ချီရှိနေတယ်လို့ ဖူးခက်ခရိုင်အခြေစိုက် အလုပ်သမားအရေးလှုပ်ရှားနေတဲ့ အန်ဒါမန် ချစ်ကြည်ရေးအဖွဲ့ကနေ သိရပါတယ်။

အန်ဒါမန် ချစ်ကြည်ရေးအဖွဲ့ဝင်တစ်ဦးက “ အရင်တုန်းကကြ အလုပ်သမားရှားတယ်။ ဖူးခက်အခြေအနေအရ အလုပ်သမားလိုအပ်ချက်ကြီးတယ်။ အခုကြတော့ဘာဖြစ်လာလဲဆိုတော့ အလုပ်သမားက ပေါလာတော့ အလုပ်လည်းရှားလာသလို လုပ်အားခတွေလည်း ကျတာပေါ့ ” လို့ ပြောပါတယ်။

ထိုင်းအစိုးရကသတ်မှတ်ပေးထားတဲ့ အခြေခံလုပ်အားခက ဖူးခက်ခရိုင်မှာ တစ်ရက်ကို ဘတ် ၃၇၀ နှုန်း ဖြစ်ပေမဲ့ ထိုင်းအလုပ်ရှင်တချို့က အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို တစ်ရက်ကို ဘတ် ၂၅၀ နဲ့ သာ ပေးပြီး အလုပ်ခန့်နေတယ်လို့ အဖွဲ့ဝင်က ပြောပါတယ်။

အထောက်အထားမဲ့ အလုပ်သမားတွေကို လစာမထုတ်ပေးတာတွေလည်း ရှိနေတဲ့အတွက် လာရောက်တိုင်ကြားတာတွေလည်း အခုလပိုင်းထဲမှာ ပိုများလာတယ်လို့ အဖွဲ့ဝင်က ဆက်ပြောပြပါတယ်။

ထိုင်းမှာ အလုပ်ရှင်တွေနဲ့ အလုပ်ကန်ထရိုက်ပွဲစားတွေရဲ့ လိမ်လည်တာ၊ လုပ်အားခ ခေါင်းပုံဖြတ်တာတွေကို အခုကာလမတိုင်မီကတည်းက အထောက်အထားမဲ့လုပ်သားတွေအပြင် နှစ်နိုင်ငံသဘောတူညီမှုနဲ့ တရားဝင် လာရောက်လုပ်ကိုင်တဲ့ MOUအလုပ်သမားတွေပါ ကြုံနေကြရတာပါ။

ပြီးခဲ့တဲ့နှစ် ဧပြီမှာ ဆိုရင် စမုစခွန် ခရိုင်ထဲရှိ အီလက်ထရောနစ်စက်ရုံက မြန်မာ MOU လုပ်သား တစ်ထောင်ကျော်ကို နစ်တာကြေးမပေးဘဲ အလုပ်ထုတ်ပြစ်ခဲ့တာ ရှိပါတယ်။ အဲ့ဒီအလုပ်သမားတွေ နစ်နာကြေးနဲ့ အလုပ် ပြန်ရဖို့အတွက် ထိုင်းမှာရှိတဲ့ အလုပ်သမားရေးကူညီသူတွေအပြင် မြန်မာအလုပ်သမားသံအရာရှိရုံးကပါ ကြားဝင်ညှိနှိုင်းတာတွေ လုပ်ဆောင်ပေးခဲ့ကြရပါတယ်။

ကိုမုန်တိုင်းကတော့ “၂၀၂၃ နှစ် တောက်လျှောက်မှာက တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် လုပ်အားခမရကြတဲ့ ဖြစ်စဉ်တွေက အတော်များပါတယ်။ အထောက်အထားမဲ့သာဆိုရင် အဲ့လိုချိန်တွေမှာ ဖြေရှင်းပေးရ အတော့်ကို ခက်ပါတယ်။” လို့ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင်ကလည်း ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အခုလ ၂၀ ရက်က ပြောထားပါပြီ။ လာမဲ့လကစပြီး ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့တို့ ပူးပေါင်းပြီး လုပ်ငန်းခွင်၊ ဈေးနဲ့ နေအိမ်တွေမှာ ကွင်းဆင်းစစ်ဆေးတော့မဲ့အကြောင်းလည်း စာထုတ် ပြန်ထားတာတွေ ရှိနေပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ အခုလိုထုတ်ပြန်တာတွေ ထွက်လာတာက ထိုင်းအလုပ်ရှင်တွေအတွက် အလုပ်သမားအခွင့်အရေးချိုးဖောက်ဖို့ ပိုမိုလွယ်ကူလာစေတယ်လို့ သုံးသပ်ကြပါတယ်။

အခုလိုမျိုး အလုပ်ရှားပါးမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရနိုင်မှုတွေအပြင် အထောက်အထားမဲ့ မြန်မာလုပ်သားတွေအနေနဲ့ အထောက်အထားလုပ်ဖို့၊ အလုပ်ရှာဖို့ ပွဲစားတွေနဲ့ ချိတ်ဆက်ရာမှာလည်း အလိမ်ခံရတာတွေ များလာတာကြောင့် သတိထားကြဖို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ဆောင်ရွက်ပေးနေတဲ့ WAG အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက သတိပေးပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား အရေအတွက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအထိ ၅ သန်းဝန်းကျင်အထိရှိပါတယ်။ အခုနှစ်မှာတော့ ပြီးခဲ့တဲ့ ၁၃ ရက်နေ့အထိ ထပ်တိုးလာတဲ့အလုပ်သမားမှတ်ပုံတင်သူဦးရေက ၆ သိန်း ဝန်းကျင်အထိ ရှိလာတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး လှုပ်ရှားနေသူတွေဆီက သိရပါတယ်။

The Tanintharyi Times