“တော်လှန်ရေးရဲ့ရည်မှန်းချက်ကို ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ်”

“တော်လှန်ရေးရဲ့ရည်မှန်းချက်ကို ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ်”

တပ်မဟာ ၄ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားနဲ့ အင်တာဗျူး

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့နှစ်က ပွင့်လင်းရာသီကစလို့ KNU တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး စစ်ကောင်စီကိုအတိအလင်းထုတ်ဖော်ပြီးတိုက်ခိုက်တာတွေရှိလာခဲ့ပါတယ်။ အဲဒီအခြေအနေကြောင့် တိုင်းအတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ဘက်က အထိနာတာတွေ အများအပြားရှိခဲ့ပါတယ်။ အခုနှစ်ပွင့်လင်းရာသီမှာရော တနင်္ဿာရီတိုင်းမှာ စစ်ရေးအခြေအနေဘယ်လို ရှိလာနိုင်လဲ၊ KNU ဘက်ကဘာတွေပြင်ဆင်ထားလဲ၊ တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြားမှာ ပဋိပက္ခတွေကဆက်ရှိနေသေးလဲ ဆိုတာတွေကို သိရဖို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နား ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပထမဆုံးအနေနဲ့ မြိတ်-ထားဝယ်ခရိုင်ထဲက KNU ထိန်းချုပ်နယ်မြေတွေမှာ အခုလက်ရှိ စစ်ကောင်စီတပ်တွေရဲ့ လှုပ်ရှားမှုနဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲဆိုတာလေးကို ပြောပြပေးပါ။

ဖြေ – တပ်ပိုင်းဆိုင်ရာကို အသေးစိတ်ကိုတော့ ကျနော်မပြောနိုင်ဘူးပေါ့နော်။ အခုလောဆယ် တိုင်းတစ်တိုင်းလုံးမှာ စစ်ရေးလှုပ်ရှားနေတာတော့ မရှိဘူး။ ဒါပေမဲ့ ပုလောဘက်မှာရှိတယ်။ အထူးသဖြင့် အမှတ် ၈ လမ်းမပေါ်မှာ ပြန်စိုးမိုးနိုင်အောင်လုပ်လာတာရှိတယ်။ တခြားမှာ‌တော့ ပုံမှန်အနေအထားပဲပေါ့ ထူးထူးခြားခြားမရှိဘူး။ ပုလောဆိုရင်လည်း ထားဝယ်-မြိတ်ကားလမ်းပေါ်မှာ အဓိကဖြစ်နေတာပေါ့။

မေး – ပြီးခဲ့တဲ့နှစ် မိုးရာသီအကုန်ပွင့်လင်းရာသီက KNU ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်။ စခန်းသိမ်းတိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းကြီးတွေ ထိခိုက်သေဆုံးများပြားအောင်တိုက်ခိုက်နိုင်ခဲ့တာကိုတွေ့ရတယ်။ အခုနှစ်မှာရော ပြီးခဲ့တဲ့နှစ်ထက် စစ်ရေးအရှိန်ပိုမြင့်လာနိုင်လား။ ဘယ်လိုပြင်ဆင်ထားလဲဆိုတာ ပြောပြလို့ ရသလောက်ပြောပြပေးလို့ရမလား။

ဖြေ – စစ်ရေးဆိုင်ရာကိုတော့ အတိအကျပြောလို့ မရဘူးပေါ့လေ။ ဒါပေမဲ့ ရည်မှန်းချက်တော့ ရှိတာပေါ့နော်။ စစ်ကောင်စီကိုတော့ ကျနော်တို့က ကျဆုံးတဲ့အထိ စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးသော်လည်းကောင်း တိုက်ပွဲဝင်မယ်ပေါ့နော်။
ကျနော်တို့က ရန်သူကိုတိုက်တဲ့အချိန်မှာ စခန်းသိမ်းတိုက်ပွဲတွေသော်လည်းကောင်း နည်းမျိုးစုံကျနော်တို့ သုံးမယ်လေနော်။ စခန်းသိမ်းတိုက်ပွဲမလုပ်ဆောင်ဘူး စကစကိုမတိုက်ဘူးဆိုတာ မရှိဘူးနော်။ ကျနော်တို့တိုက်နိုင်တဲ့နေရာကို အစီအစဥ်အတိုင်းလုပ်ဆောင်သွားမယ်။ ဘယ်နေရာတိုက်မလဲ၊ ဘယ်အချိန်တိုက်မလဲဆိုတာတွေကို‌ စစ်ဘက်ဆိုင်ရာကိုတွေကိုတော့ မပြောလိုဘူး။

မေး – တချို့ စခန်းသိမ်းတိုက်ပွဲတွေမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNLA တပ်တွေပူးပေါင်းတိုက်ခိုက်တာတွေကို တွေ့ရတယ်။ အဲဒီ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ KNU တို့အကြား ဆက်ဆံရေးအခြေအနေ ပူးပေါင်းဆောင်ရွက်မှုအခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ – ကျနော်တို့ချမှတ်တဲ့ လမ်းစဥ်နဲ့လုပ်ငန်းစဥ်အတိုင်းပဲ ဆက်ဆံရေးရှိတယ်။ ပူးပေါင်းဆောင်ရွက်တာရှိတယ်။ ဒါပေမဲ့ တချို့နေရာမှာကျတော့ နားလည်မှုမပြည့်စုံသေးတဲ့ အပိုင်းလေးတွေတော့ တချို့မှာရှိမှာပေါ့နော်။ ဒါပေမဲ့ ဒီထက်ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာအောင် လုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး – ၂၀၁၂ KNU က အပစ်ရပ်လက်မှတ်မထိုးခင် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေတုန်းက မြန်မာစစ်တပ်ရဲ့အခြေအနေနဲ့ လက်ရှိ မြန်မာစစ်တပ်ရဲ့ အခြေအနေကို ဘယ်လိုမျိုးသုံးသပ်မိတာရှိလဲ။

ဖြေ – ကျနော်တစ်ယောက်အနေနဲ့ သုံးသပ်ရရင်တော့ သူတို့က‌ ခေါင်းမာတယ်။ အရင်တုန်းကလုပ်သလိုပဲ လူသတ်တာတို့ ရွာတွေမီးရှို့တာတို့ အတင်းအဓမ္မစစ်သားသစ်စုဆောင်းတာတို့ သူတို့လုပ်တာပါ။ အရင်ကနဲ့ အတူတူပဲ။ လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေက အတူတူပါပဲ။ ဒါပေမဲ့ အခုနဲ့ဘာကွာလဲဆိုတော့ တော်လှန်ရေးအင်အားစုက ပိုပြီးတောင့်တင်းလာတယ်။ ပြီး‌တော့ ဆုံးဖြတ်ချက်လည်း တိတိကျကျရှိတယ်ပေါ့နော်။ ဒါကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ရှိနေသမျှ ဘယ်တော့မှ ပြောင်းလဲမှုမရှိဘူး။ ဘယ်တော့မှ ဒီမိုကရေစီနိုင်ငံတော်လည်း တည်ထောင်လို့မရဘူး။ လူမျိုးစုတွေလည်း အခွင့်အရေးမရနိုင်ဘူးဆိုတာကို သိကုန်တယ်။ တော်လှန်ရေးအင်အားစုဘက်က လူမျိုးတစ်မျိုးနားလည်မှုရှိလာတယ်။ စစ်တပ်က ဆုံးရှံးမှုတွေများပေမမဲ့ အရင်အတိုင်ပဲ အာဏာကိုပြည်သူ့ဆီမပေးဘူး။ အာဏာမြဲအောင် ဆက်လုပ်နေတာပါ။

မေး – သူတို့ရဲ့ တိုက်ခိုက်နိုင်တဲ့အင်အားဆိုရင်‌ရော။ အရင်ကနဲ့ အခုအာဏာသိမ်းပြီး လေးနှစ်နီးပါးအကြာမှာ ဘာတွေကွာခြားသွားတာကို မြင်ရလဲ။

ဖြေ – သူတို့ကအင်အားနည်းလာပြီ။ တစ်နိုင်ငံလုံးမှာဆိုရင် သူတို့အင်အားနဲ့ တော်လှန်ရေးအဖွဲ့အင်အားကမှာ တော်လှန်ရေးအဖွဲ့အင်အားက ပိုများတယ်။ ကျနော်တို့တိုင်းမှာလည်း ဒီလိုပဲ တော်လှန်ရေးအင်အားစုတွေ ပိုများလာတယ်။ စစ်မျက်နှာက ပိုများလာတော့ သူတို့ အင်အားမလောက်တော့ဘူး။ ပြီးတော့ ကျဆုံးမှုတွေ လက်နက်ချတာတွေ ထွက်ပြေးတာတွေလည်းအများကြီးပဲ။ အတင်းအဓမ္မ တပ်သားစစ်စုတော့ အင်အားပြန် ဖြည့်ပေမဲ့ အဲလောက်မဟုတ်ဘူး။ အဓိကစိတ်ဓာတ်ပိုင်းလည်း အဲလောက်မရှိဘူး။

မေး – လက်ရှိ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲမှာ စစ်ရှောင်ပြည်သူဘယ်လောက်လောက်ရှိနေလဲ။ သူတို့နဲ့ပတ်သက်ပြီးရော KNU အနေနဲ့ ဘယ်လို လုပ်ဆောင်နေတာရှိလဲ။

ဖြေ – တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ ထဲမှာ တစ်သိန်းကျော်ပြီ။ လွန်ခဲ့တဲ့ တစ်လနှစ်လလောက်ကစာရင်းပေါ့နော်။ ဒါတွေက စစ်ဘေးရှောင်ပြီး စစ်ကြောင်းပြန်သွားလို့ တိုက်ပွဲပြီးသွားလို့ အိမ်ပြန်တဲ့သူတွေလည်းပါတယ်ပေါ့နော်။ လက်ရှိစစ်ဘေး ရှောင်နေဆဲအရေအတွက်ကို ကျနော်အတိအကျမသိဘူး။ ဘယ်လိုကူညီပေးမလဲဆို‌တော့ ကျနော်တို့တက်နိင်သမျှကူညီတယ်။ တစ်ချိန်တည်းမှာပဲ အရပ်ဘက်အဖွဲ့တွေလည်း ကူညီကြတာရှိတယ်။ ဒေသခံတွေ အချင်းချင်း ကူညီကြတာလည်းရှိတယ်။

မေး – ထားဝယ်မြို့နယ်က အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ကြားမှာ ပဋိပက္ခတွေက မကြာခဏရှိနေတာကို တွေ့ရတယ်ပေါ့နော်။ လက်ရှိမှာ နှစ်ဖက်အခြအနေနဲ့ သဘောဘယ်လိုတွေ ရှိနေလဲ။ ဆက်လက်တင်းမာနေတဲ့ အခြေအနေလား။
ဖြေ – တနင်္သာရီတိုင်းမှာရှိတဲ့ ကော်လာဖိုး(ဗိုလ်အယ်ခွီး)တို့အဖွဲ့ ဟာလက်ရှိအချိန်ထိ ကျနော်တို့လက်အောက်မှာလည်းမရှိဘူး၊ ပူးပေါင်းတာလည်းမရှိဘူး။ အဲဒီထက် သူတို့က ကျနော်တို့တပ်ဖွဲ့ဝင်တွေ စစ်ရေးလှုပ်ရှားရင် သူတို့က ခြုံခိုပြီးတိုက်ခိုက်တာတွေရှိတယ်။ အခုထိသူတို့ သဘောထားနဲ့ လုပ်တဲ့ပုံစံက အခုထိအဲလိုမျိုးပဲရှိသေးတယ်။

မေး – KNLA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ ပြီးခဲ့တဲ့လက တပ်မဟာ ၄ ကို ရောက်လာပြီးနောက်မှာ ကော်သူးလေတပ်မ‌ တော်က တာဝန်ရှိသူတချို့ နဲ့ တွေ့ဆုံခဲ့တာရှိတယ်လို့ သိရတယ်ပေါ့နော်။ အဲဒီအကြောင်းကိုလည်း အနည်းငယ်ပြောပြပေးပါဦး။
ဖြေ – အဲဒီ KNLA ဒုစစ်ဦးစီးချုပ်လာတဲ့ ခရီးမှာ မြိတ်၊ မောတောင်ဘက်ခြမ်းမှာရှိတဲ့ ကော်သူးလေအဖွဲ့ဝင်တွေနဲ့ တွေ့တာ။ အရှေ့တောဒေသက မဟုတ်ဘူး။ အဲဒီအဖွဲ့ဝင်တွေက ပြဿနာမရှိဘူး။ ကျနော်တို့အဖွဲ့ဝင်တွေနဲ့ အတူတူနားလည်မှုရှိတယ်၊ အတူတူပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ဒါကြောင့် အဲဒီအဖွဲ့တွေနဲ့က စကစတိုက်တဲ့အချိန် အတူတူပဲတိုက်နေကြတာပေါ့နော်။ ဒါကြောင့် ဘာမှ ပြဿနာမရှိဘူး။ အရှေ့တောက အဖွဲ့က အဲလိုမဟုတ်ဘူး။ ဒီအဖွဲ့တွေက ရန်သူကိုလည်းမတိုက်ဘူး။ သူတို့ဘာသာလည်း မနေဘူး။ ကျနော်တို့အဖွဲ့ဝင်တွေကို ခြုံခိုတိုက်တယ်။

မေး – ဒါဆိုရင် အရှေ့တောဒေသက ကော်သူးလေတပ်ဖွဲ့တွေနဲ့တော့ KNLA ဒုစစ်ဦးစီးချုပ်က တွေ့ဆုံတာမရှိခဲ့ဘူးလားခင်ဗျ။
ဖြေ – တွေ့ဆုံတာမရှိပါဘူး။ အဲဒီဘက်က ကော်လာဖိုး(ဗိုလ်အယ်ခွီး)တို့ ဦးဆောင်တဲ့အဖွဲ့တွေပဲရှိတာပါ။

မေး – အဲဒီလိုတွေ့ ဆုံပြီး အဲဒီနောက်ပိုင်းမှာ ဘယ်လိုအပြောင်းအလဲတွေရှိလာလဲ။ နောက်ပြီးတော့ တပ်မဟာ ၄ KNLA ထဲက အကြီးပိုင်းအရာရှိ တွေအပြောင်းအလဲလုပ်တာမျိုးရှိတယ်လို့ ကြာားရတယ်။ အဲဒါကို ပြောပြပေးလို့ရမလား။
ဖြေ – ပြောင်းလဲမှုကထွေ ထွေထူးထူးမရှိပါဘူး။ အရာအရှိအပြောင်းအလဲက တပ်ရင်း ၂၀၃ မှာတပ်ရင်းမှူး မရှိတော့ တပ်ရင်းမှူး အသစ်တစ်ယောက် ခန့်အပ်ထားတာရှိတယ်။ ပြီးတော့ ဒီဘက်က တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ရင်းမှူးနေရာမှာ တပ်မဟာ ၆ တပ်ရင်း ၂၇ က တပ်ရင်းမှူး စောမှူးဂေက ပူးတွဲကိုင်ထားတယ်။ တပ်ရင်းမှူးတစ်ယောက်က တပ်ရင်းနှစ်ရင်း ကိုင်ထားတာ တာဝန်များတယ်လေ။ အဲဒါ‌ကြောင့် တပ်ရင်း ၁၂ က တပ်ရင်းမှူးအသစ်တစ်ယောက် ပြန်ခန့်အပ်လိုက်တာပါ။

မေး – တနင်္သာရီတိုင်းမှာ လာမယ့်နှစ်ထဲ ဖြစ်လာနိုင်တဲ့စစ်ရေးးအခြေအနေနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်မှန်းထားတာရှိလဲ။
ဖြေ – ကျနော်တို့က ရန်သူရဲ့ ရွေးကောက်ပွဲကိုလက်မခံဘူး။ ဒါကြောင့် ကျနော်တို့ တော်လှန်ရေးရဲ့ရည်မှန်းချက်ကို ဆက်လက်ပြီးတော့ တိုက်ပွဲဝင်မယ်။

မေး – တနင်္သာရီတိုင်းရဲ့ အနာဂတ်နဲ့ လက်ရှိနိုင်ငံရေးအခြအနေတွေနဲ့ပတ်သက်ပြီးတော့ရော KNU အနေနဲ့ ဘယ်လိုမျိုး အစီအစဥ်တွေရှိလဲဆိုတာပြောပြပေးလို့ရမလား။
ဖြေ – ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်အတိအကျပြောလို့မရသေးဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးက တခြားတော်လှန်ရေးအဖွဲ့အစည်းနဲ့ ဘာမှမဆွေးနွေးရသေးဘူး။ ပြီးတော့ ကျနော်တို့ ဗဟိုကနေ ညွှန်ကြားချက် ဘာမှမရှိသေးဘူးနော်။

The Tanintharyi Times