မြောက်မြန်မာ မဖြစ်ကြပါစေနဲ့
မြောက်မြန်မာ မဖြစ်ကြပါစေနဲ့
ရွှေပြည်ကြီးမှာ ဖက်ဆစ်တပ်ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကြောင့် ဆင်းရဲဒုက္ခမျိုးစုံ ရောက်နေရတဲ့ ပြည်သူတွေက တစ်ဖက်။ စစ်မီးကြီး ဘယ်လောက်လောင်လောင် ကိုယ်နဲ့မဆိုင်သလို သဘောထားပြီး ပျော်ပွဲရွှင်ပွဲ ဆင်နွှဲမပျက်တဲ့သူတွေက တစ်ဖက်။ ဆန့်ကျင်ဘက် အခြေအနေနှစ်ခုကို ပေါ်လွင်စေတဲ့ ဟာသလိုလို စကားတစ်ခွန်းကတော့ “တောင်မြန်မာနဲ့ မြောက်မြန်မာ” တဲ့။
စစ်မီးကြီးဟာ တိုင်းပြည်တနံတလျား တောက်လောင်နေလို့ နေရပ်စွန့်ခွာထွက်ပြေးရှောင်တိမ်းနေရသူတွေ၊ အိုးအိမ်ပြာကျသွားလို့ ဘဝပျက်ရသူတွေ၊ အသက်ဆုံးရှုံးရ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေဟာ တစ်နေ့တစ်ခြား များပြားလာနေပါတယ်။ ဒီအခြေအနေကို မသိကျိုးကျွံပြုပြီးပွဲလမ်းသဘင်တွေကို ပျော်ပျော်ပါးပါး ကျင်းပနေကြသူတွေကိုလည်း မမြင်ချင်မှအဆုံး တွေ့နေရပြန်ပါတယ်။
မိုးလေကင်းလွတ် ဝါကျွတ်ကာလ ရောက်လာတာနဲ့ ကထိန်ခင်းစတဲ့ ဘာသာရေးပွဲတွေကို အကြောင်းပြပြီး DJ သီချင်းဖွင့်ထားတဲ့ ဆောင်းဘောက်အသံကို ကြားကြရပြီ။ တစ်ဆက်တည်းပဲ တန်ဆောင်တိုင်ပွဲတော်ဆိုပြီး ကြက်ပျံမကျ စည်ကားတဲ့ ပွဲလမ်းသဘင်တွေကို ဆူညံပွတ်လောရိုက် ဆင်နွှဲနေကြလေရဲ့။
အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ တိုင်းပြည်သာယာအေးချမ်းကြောင်း လိမ်လည်ပြနိုင်ဖို့အတွက် ပျော်ပွဲရွှင်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ကို နည်းမျိုးစုံနဲ့ ကြိုးစားနေမှာပါပဲ။ ပြည်သူတွေအနေနဲ့ အဲဒီပွဲတော်တွေမှာ ပါဝင်ဆင်နွှဲဖို့ သင့်၊ မသင့် သတိရှိကြဖို့ လိုပါတယ်။
ဖက်ဆစ်တွေဟာ တစ်ဖက်မှာ မြို့ရွာတွေကို ဗုံးကြဲ မီးရှို့၊ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပြ၊ ညှဉ်းပမ်းနှိပ်စက်ပြ၊ ဖမ်းဆီးချုပ်နှောင်ပြနဲ့ အစွယ်တွေ ထုတ်ပြနေတယ်။ အခြားတစ်ဖက်မှာလည်း သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေ မှေးမှိန်သွားအောင် ပွဲလမ်းသဘင်မျိုးစုံကို ကြီးကျယ်ခမ်းနားစွာ ကျင်းပနေပြန်တယ်။
ပြည်သူတွေအနေနဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ချင်တယ်။ စစ်အာဏာရှင်စနစ်ဆိုးက ရုန်းထွက်ချင်တယ်ဆိုရင် စစ်ကောင်စီရဲ့ ပျော်ပွဲရွှင်ပွဲ ထောင်ချောက်ထဲကို မသက်ဆင်းမိကြဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ စားသောက်ဖွယ်ထဲမှာ အဆိပ်ခပ်ထားတယ်ဆိုတာ မမေ့သင့်ပါဘူး။
“ဒေါက်တာ တေဇာဆန်း” စကားကို ငှားပြောရရင် ဒီတော်လှန်ရေးမှာ ပြည်သူတွေက အားပေးဝန်းရံရုံ ပါဝင်ကြရတာ မဟုတ်ပါဘူး။ ပြည်သူတွေကိုယ်တိုင်က လှန်ရေးသမားဖြစ်တယ်။ တော်လှန်ရေးအောင်ဖို့အတွက် ပြည်သူအားလုံးက ကျရာကဏ္ဍ၊ နိုင်ရာတာဝန်ကိုထမ်းရွက်ကြဖို့ ယနေ့ အချိန်ကျပါပြီ။
လက်နက်ကိုင် တိုက်ခိုက်တာကိုပဲ တော်လှန်ရေးလုပ်တယ်လို့ မယူဆစေချင်ပါ။အာဏာရှင်စနစ် ပြိုလဲဖို့အတွက် စစ်မျက်နှာစာ အမျိုးမျိုးဖွင့်ပြီး တွန်းလှန်ကြဖို့ လိုအပ်ပါတယ်။ သေးငယ်တဲ့အရာတွေကို စုစည်းထားတဲ့ အင်အားဟာ အကြီးမားဆုံးဆိုတဲ့ စကားအတိုင်းပါပဲ။
ပြည်သူတစ်ယောက်ချင်း အနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်နိုင်တဲ့ နည်းလမ်းများစွာ ရှိပါတယ်။
သပိတ်တိုက်ပွဲတွေထဲမှာ “မဝယ်နဲ့… မရောင်းနဲ့…မသုံးနဲ့” ဆိုတဲ့ “ဘူးသပိတ်” ဟာ စစ်ကောင်စီကို အတော်လေးအထိနာစေခဲ့ပါတယ်။ “ဘူးသပိတ်” ဆိုတာ စစ်တပ်ပိုင် စစ်တပ်နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူသုံးကုန်စည်တွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို ပြည်သူတစ်ရပ်လုံးက လုံးဝမပတ်သက်ဘူး၊ မရောင်းချဘူး၊ မဝယ်ယူဘူး၊ အားမပေးဘူး၊ မသုံးစွဲဘူးလို့ ဆိုလိုတာပါ။
“ဘူးသပိတ်” မှာ နောက်ထပ်တစ်ခု ထပ်ဖြည့်လိုက်ချင်ပါသေးတယ်။ စစ်ကောင်စီရဲ့ အလိမ်အညာ ပျော်ပွဲရွှင်ပွဲအခမ်းအနား၊ ပွဲလမ်းသဘင်တွေကို မသွားရောက်တာ၊ မပါဝင်တာ ဖြစ်ပါတယ်။ ကိုယ်တစ်ယောက် မသွားလိုက်လို့ ဘာများ သိသာသွားမှာလဲ ဆိုတာမျိုး တွေးမိရင် ဒီပုံပြင်လေးကို သတိရစေချင်ပါတယ်။
တစ်ခါက ရွာတစ်ရွာမှာ ပွဲတော်တစ်ခု ကျင်းပဖို့ ပြင်ဆင်ကြသတဲ့။ မနက်ဖြန်ပွဲတော်မှာ သောက်ဖို့အရက်ကို တစ်အိမ် တစ်ဖန်ခွက်စီ ယူလာပြီး အခုညဘက်မှာ သူကြီးအိမ်အောက်က စဉ့်အိုးကြီးထဲ လောင်းထည့်ထား ကြရမယ်။ ရွာသားတစ်ယောက်ကတော့ ဘယ်သူမှ မသိလောက်ဘူးဆိုပြီး အရက်အစား ရေတစ်ခွက် ခိုးလောင်းထည့်လိုက်တယ်။ မနက်မိုးလင်းလို့ စဉ့်အိုးကြီးလည်း ဖွင့်လိုက်ရော၊ အိုးထဲမှာ အရက်တစ်စက်မှ မရှိဘဲ ရေအပြည့်ဖြစ်နေသတဲ့။ တစ်ရွာလုံးက ငါ့ရေတစ်ခွက်နဲ့ ဘာမှမဖြစ်လောက်ပါဘူးလို့ တွေးပြီး အားလုံးရေတွေချည်း သွားလောင်းထားခဲ့တာကိုး။
အခုလည်း ပွဲတော်တွေမှာ ငါတစ်ယောက်ထပ်တိုးသွားလို့ ဘာမှသိသာမှာ မဟုတ်ဘူးလို့ တွေးရင် တစ်ယောက်ချင်းစီစုထားတဲ့ အဲဒီအတွေးရဲ့နောက်မှာ ကြက်ပျံမကျ ကခုန်ပျော်ပါးနေတဲ့ ဧရာမလူအုပ်ကြီးအဖြစ် ပြောင်းလဲသွားပါတယ်။ နေ့စဉ်ရက်ဆက် ဗုံးကြဲနေ၊ သတ်ဖြတ်နေ၊ မီးရှို့နေတဲ့ သတင်းတွေဟာ မှေးမှိန်သွားရပြီး ပျော်ပါးနေကြတဲ့ “မြောက်မြန်မာ” များအဖွဲ့ထဲ ကိုယ်သည်လည်း တစ်ဦးအပါအဝင် ဖြစ်သွားပါတော့တယ်။
တစ်ချို့ကတော့ ပြည်သူတွေဟာ အကြောက်တရား၊ မလုံခြုံမှု၊ စားဝတ်နေရေး ကျပ်တည်းမှု စတဲ့ အချိန်နဲ့အမျှ ကိုယ်စိတ်နှစ်ပါး ဆင်းရဲနေရရှာတာမို့လို့ စိတ်ထွက်ပေါက် အနေနဲ့ ခဏတာ ပျော်ပါးခွင့်ရတာ၊ ပျော်ကြပါစေ။ ပျော်ပါးသူတွေကို အပြစ်မမြင်သင့်ဘူးလို့ ထောက်ပြပြောဆိုတာတွေရှိပါတယ်။
စိတ်ဆင်းရဲကြစတမ်းဆိုရင် နေအိမ်ပြာကျသွားတဲ့သူတွေ၊ တောထဲတောင်ထဲ စစ်ဘေးရှောင်နေရသူတွေ၊ အသတ်ခံရ၊ အနှိပ်စက်ခံရ၊ ဖမ်းဆီးအကျဉ်းချခံထားရသူတွေ၊ တော်လှန်ရေးတိုက်ပွဲမှာ အသက်ပေးလိုက်ရသူတွေ စတဲ့ တော်လှန်ရေးအတွက် ကြီးမားတဲ့ ပေးဆပ်မှုနဲ့ ဒုက္ခရောက်နေကြရသူတွေဟာ စိတ်ထွက်ပေါက်အဖြစ် ပျော်ပါးဖို့ တာစူနေသူတွေထက် အဆရာထောင်မက ကိုယ်စိတ်နှစ်ပါးချွတ်ခြုံကျ ဆင်းရဲနေရရှာတာပါ။
ဒီဒုက္ခတွေဟာ ဖက်ဆစ်အာဏာရှင်က ဖန်တီးထားတဲ့ ဒုက္ခတွေမို့ ရေတို စိတ်ထွက်ပေါက်အနေနဲ့ ပျော်ပါးဖို့ထက် ရေရှည်အတွက် ကိုယ်စိတ်နှစ်ပါး ချမ်းသာချင်တယ်ဆိုရင် ထားရှိရမယ့် ဦးတည်ချက်ဟာ တစ်ခုတည်းပဲ ရှိပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့အတွက် လူတိုင်းကိုယ်စီ ကြိုးစားကြဖို့ပါပဲ။
ဘာသာရေးအခမ်းအနားမို့ မဖြစ်မနေ လုပ်ရမှာမျိုးဆိုရင်လည်း အတတ်နိုင်ဆုံး အကျဉ်းချုံးပြီး လုပ်ဆောင်ကြဖို့ သင့်ပါတယ်။ မြေကြီးသိမ့်သိမ့်တုန်မျှ ဆောင်းဘောက်တွေဖွင့်ပြီး ကခုန်ပျော်ပါး မူးယစ်နေကြတာဟာ ဘာသာရေးမဟုတ်ပါဘူး။ ဘာသာရေး အရေခြုံထားတဲ့ ပျော်ပွဲရွှင်ပွဲတွေသာ ဖြစ်ပါတယ်။
ကိုယ့်နေရာလေး ကွက်အေးနေရုံနဲ့ အေးနေပါတယ်လို့ ဆိုဖို့ မသင့်ပါဘူး။ ကိုယ်ချင်းစာတရားဟာ လူပီသဖို့အတွက် မရှိမဖြစ် ဆောင်ထားရမယ့် တရားပါ။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ကိုယ်ချင်းစာစိတ်၊ သနားဂရုဏာစိတ်ထားဖို့သွန်သင်ဆုံးမကြတာချည်းပါပဲ။
သတ်ဖြတ်နှိပ်စက် ခံနေရတဲ့ သူတွေဟာ ကိုယ့်ရဲ့ မောင်နှမသားချင်း၊ သွေးချင်းညီနောင် တွေပါ။ ကိုယ်နဲ့ သိပ်မဝေးလှတဲ့ နေရာမှာ မိစ္ဆာတွေ ဖန်တီးထားတဲ့ ငရဲကိုသူတို့တတွေ ရင်ဆိုင်ကြုံတွေ့ နေကြရပါတယ်။ နာကျင်ရတဲ့ နေ့ရက်များစွာကို ဖြတ်သန်းနေရသူတွေအတွက် ကိုယ်ချင်းစာတဲ့အနေနဲ့ ကိုယ့်ရဲ့ပျော်ရွှင်ချင်တဲ့ စိတ်ကို ခဏတာ သိုဝှက်သိမ်းဆည်းထားကြရအောင်ပါ။
ကိုယ်ချင်းစာတရားနဲ့ ပတ်သက်ပြီး ကျွန်မကိုယ်တွေ့ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို မျှဝေချင်ပါတယ်။ ဆယ်တန်းအောင်စာရင်း ထွက်တဲ့နေ့။ မိတ်ဆွေတစ်ယောက်ရဲ့ သမီးလေး ဆယ်တန်းအောင်တယ် ကြားတော့ ပျော်ရွှင်မှုတွေနဲ့ ကျွန်မတို့ သူငယ်ချင်းတစ်သိုက် သူ့အိမ်ကို ချီတက်သွားကြပါတယ်။
ကျွန်မတို့ကို အစားအသောက်တွေနဲ့ ဧည့်ခံပေမယ့် တိုးတိုးသက်သာ ပြောဆိုဖို့ အားတုံ့အားနာအပြုံးနဲ့ သတိပေးရှာတယ်။ အကြောင်းက သူ့အိမ်နားက ကလေးမလေး ဆယ်တန်းရှုံးသွားတာမို့ပါ။
ကျွန်မမိတ်ဆွေက သာမန်မိခင်တစ်ယောက်ပါ။ အတန်းပညာအများကြီး မတတ်ရှာပါဘူး။ ဒါပေမယ့် သူဟာ လူ့ကျင့်ဝတ်နဲ့ ကိုယ်ချင်းစာစိတ်ကို တကယ့်လက်တွေ့ဘဝမှာ ကျင့်သုံးတဲ့ ဉာဏ်အမြော်အမြင်ရှိသူတစ်ယောက် ဖြစ်ပါတယ်။
ကိုယ်ချင်းစာတရားဆိုတာ စိတ်ထဲမှာပဲ သိမ်းထားရမယ့်အရာ မဟုတ်ပါဘူး။ အပြုအမူနဲ့ သက်သေပြရမယ့် အရာပါ။ တစ်ဖက်သား ကြုံတွေ့နေရတဲ့ အခြေအနေတွေကိုထပ်တူထပ်မျှ ခံစားရနေရပါတယ်လို့ နှုတ်ကဘယ်လောက်ပဲဆိုဆို ကိုယ်အမူအရာက ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုရင် အပြောမျှသာ ဖြစ်သွားပါလိမ့်မယ်။
ကျွန်မတို့ ပြည်သူတွေဟာ စနစ်ဆိုးကြီးကပေးတဲ့ ဆင်းရဲဒုက္ခကို ခါးစည်းခံနေကြရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒီနေ့အထိလည်း ခံနေကြရတုန်းပါပဲ။ စနစ်ကောင်းနဲ့ တည်ဆောက်ထားတဲ့ နေပျော်ဖွယ်တိုင်းပြည်တစ်ခု ဖြစ်ချင်တယ်ဆိုရင် ခဏတာ အပေါ်ယံ ပျော်ရွှင်မှုတွေကို လစ်လျူရှုပြီး အာဏာရှင်စနစ်ကြီး ပြိုလဲဖို့အတွက် မိမိတို့တတ်နိုင်တဲ့ ကဏ္ဍကနေ ဆန့်ကျင်တွန်းလှန် ကြရအောင်ပါ။ ။
ငြိမ်းပန်
The Tanintharyi Times
