ဘုရားမကြွတော့တဲ့ရွာ

ဘုရားမကြွတော့တဲ့ရွာ

ဆောင်းအငွေ့အသက်တွေ‌ဝေ့လာတဲ့ တန်ဆောင်တိုင်ရာသီဆိုရင် ချိမ့်ချိမ့်သဲသဲကျင်းပလေ့ရှိတဲ့ မောင်မယ်ရှောင်ရွာက ဘုရားပွဲကြီး အခုနှစ်မှာ အသက်မဲ့ခဲ့ပါပြီ။

“ရွာပျက်ကြီးလုံးလုံး ဖြစ်သွားပြီ။ ဘာဘုရားပွဲမှမရှိတော့ဘူး ” လို့ မောင်မယ်ရှောင်ရွာသူ ဒေါ် ဝိုင်းက ပြောတယ်။

တန်ဆောင်တိုင်ဆိုရင် မောင်မယ်ရှောင်ရွာက ရွာလုံးကျွတ်ကျွေးတဲ့ စတုဒီသာဟာ ထားဝယ်ဒေသမှာ လူတိုင်းပြောစမတ် ဖြစ်အောင် ထင်ရှားပါတယ်။ စည်သံဗျောသံတွေနဲ့ ဘုရားလှည့်ပွဲဟာလည်း ဒေသမှာ နာမည်ကျော်ပဲ။

အရင်ကဆို ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲပြီးရင် သူတို့ရွာဘုရားပွဲက အစည်ဆုံးပဲလို့ပြောတဲ့ ဒေါဝိုင်းအသံက ဝမ်းနည်းစိတ်ကြောင့် ဖျော့တော့နေခဲ့တယ်။

ပြီးခဲ့တဲ့ငါးလအတွင်းမှာ စစ်ကောင်စီစစ်ကြောင်းတွေဟာ မောင်မယ်ရှောင်ရွာထဲ မကြာခဏဝင်ပြီး ရွာခံတွေကို ပစ်သတ်တာနဲ့ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့တယ်။ မီးရှို့မခံရတဲ့ အိမ်တွေဆိုရင်လည်း ဖောက်ထွင်းခိုးယူတာတွေ ခံခဲ့ရတယ်။ ဒါတင်မကသေးပါဘူး၊ ရွာနဲ့ နှစ်မိုင်လောက်သာဝေးတဲ့ ဇဟာရွာမှာ အခြေ စိုက်ထားတဲ့ စစ်ကောင်စီအမြောက်တပ် (၃၀၂)ကလည်း မောင်မယ်ရှောင်ရွာကို လေ့ကျင့်ရေးပစ်ကွင်းတစ်ခုလို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်တာလည်း ခံခဲ့ကြရတယ်။

အဲဒီအဖြစ်အပျက်တွေကြောင့်ပဲ အိမ်ထောင်စုပေါင်း ၉၀၀ နီးပါးရှိတဲ့ မောင်မယ်ရှောင်ကျေးရွာဟာ အခုနှစ်လယ်ကစလို့ ရွာလုံးကျွတ် စစ်ဘေးရှောင်ခဲ့ကြရတယ်။

အိမ်ပျက်ကြီးတွေနဲ့ ခြုံတွေထူပြီး လူနေလို့မရတဲ့ ရွာတစ်ရွာအဖြစ် ‌‌ပြောင်းလဲသွားတဲ့ မောင်မယ်ရှောင်ဟာ အစဥ်အလာကြီးမားခဲ့တဲ့ ဘုရားပွဲကို အတိတ်မှာ ချန်ခဲ့ရတယ်။ ဘုရားလှည့်ယာဥ်တန်းနေရာမှာလည်း စစ်ကောင်စီယာဥ်တန်းတွေ ဖြစ်လာပြီး ခြေဗလာ အဝတ်အဖြူနဲ့ ဖိုးသူတော်တွေအစား ပြောက်ကျားယူနီဖောင်းနဲ့ စစ်သားတွေ ဖြစ်သွားခဲ့တယ်။ စည်သံ ဗျောသံတွေကတော့ ပေါက်ကွဲသံတွေအဖြစ် မောင်မယ်ရှောင်မှာ အစားထိုးနေရာယူလိုက်ကြပါပြီ။

မောင်မယ်ရှောင်ရွာက အထက်‌ဒေသကနေ ကားလမ်းမကြီးအတိုင်းလာရင် ထားဝယ်မြို့နယ်ကို စဝင်ဝင်ချင်း နေရာမှာပဲ ရှိတယ်။ ကျေးရွာဆိုပေမဲ့ လူနေအိမ်ခြေတွေက တဲသာသာတွေမဟုတ်ဘူး။ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်တွေ စျေးဆိုင်ကြီးတွေနဲ့ မြို့ပေါ်ရပ်ကွက်တစ်ခုလို စည်စည်ကားကား၊ တိုးတက်တဲ့ကျေးရွာပေါ့။

ရွာနာမည်ကို ပြောရင် လူတိုင်းမသိနိုင်ပေမဲ့ ဘုရားဖူးတွေ နှစ်စဥ်တကူးတကလာကြတဲ့ ရှင်ကိုးရှင်သမိုင်းဝင် ရှင်ဓာတ်ဝဲဘုရားရှိတဲ့ရွာလို့ ပြောရင်တော့ သိကြမှာသေချာပါတယ်။

အရင်ကဆိုရင် တန်ဆောင်မုန်းလပြည့်ကျော် နှစ်ရက်နေ့တိုင်း မောင်မယ်ရှောင်ရွာမှာ ရှေးကတည်းကရှိတဲ့ ဘုရားအဆူနှစ်ဆယ်ကျော်၊ ရှင်ဥပဂုတ္တနဲ့ စုပေါင်းသပိတ်ကြီးတွေကို ကားတွေပေါ်တင်ပြီး လှည့်လည်အပူ‌ဇော်ခံတာ၊ ဖျော်ဖြေရေးကားတွေနဲ့ ကပြဖျော်ဖြေတာတွေ လုပ်ကြတယ်။

ထားဝယ်ဒေသထဲက ကျေးရွာအများစုမှာလည်း အခုလိုရွာအလိုက်ဘုရားလှည့်တာတွေရှိပေမဲ့ မောင်မယ်ရှောင်ရွာကတော့ တခြားရွာနဲ့မတူ။ တစ်ရွာလုံး စတုဒီသာကျွေးတာ။ အဲဒီနေ့မှာဆို မောင်မယ်ရွာထဲမှာရှိတဲ့ အိမ်တိုင်းက တစ်အိမ်တစ်မျိုးမရိုးနိုင်တဲ့ အစားအသာက်တွေကို ချက်ပြုတ်ပြီး ရပ်နီးရပ်ဝေးက ဘုရားဖူးတွေကို ရွာလုံးကျွတ် ဧည့်ခံကျွေးမွေးကြတာ။

“အဲ့နေ့ဆို စားလို့တောင်မနိုင်ဘူး။ ဗိုက်အကားပဲ။ ကိုယ်အာသီသရှိတဲ့ဟာကို ဘယ်အိမ်မှာကျွေးလဲ မေးပြီးလိုက်စားရုံပဲ” လို့ မောင်မယ်ရှောင်ရွာက ဘုရားပွဲကိုသွားခဲ့ဖူးသူ ထားဝယ်မြို့ခံ လူငယ်တစ်ဦးက ပြန်ပြောပြတယ်။

မောင်မယ်‌ရှောင်ရွာသားတွေပြောတာက သူတို့ရွာက ဘုရားပွဲကို ထားဝယ်ခရိုင်မြို့နယ်လေးခုစလုံးက ဒေသခံတွေ တောင် လာကြတယ်တဲ့။

အဲဒီဘုရားပွဲဟာ ကိုဗစ်ကပ်ရောဂါဖြစ်တဲ့ ၂၀၂၀ ခုနှစ်နဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနစ်မှာ မကျင်းပခဲ့ကြဘူး။ ပြီးခဲ့တဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနစ်မှာတော့ ဘုရားပွဲကို မရရတဲ့နည်းနဲ့ပြန်လုပ်ကြမယ်ဆိုပြီး နေ့ခင်းဘက်မှာ အရှင်ဓာတ်ဝဲဘုရားကိုယ်စားတော်၊ ရှင်ဥပဂုတ္တနဲ့ သပိတ်အိုးကြီးလောက်ကိုပဲ ကားလှည့်လည်ပြီး အပူဇော်ခံခဲ့ကြတယ်လို့ ရွာခံတွေကပြောပြတယ်။ အဲဒီပွဲမှာတာ့ သံဃာတော်တွေနဲ့ ရွာခံတချို့ပဲ ပါဝင်ဆင်နွဲကြတော့တယ်။

ဘုန်းကြီး‌ကျောင်းငါးကျောင်းပေါင်း သံဃာအပါးရာနဲ့ချီ ရှိခဲ့တဲ့မောင်မယ်ရှောင်ရွာမှာ အခုနှစ်တော့ သံဃာ ဆယ်ပါးလောက်သာ ကျန်ရှိတော့တယ်လို့ ရွာခံတွေက ပြောပြတယ်။ ဒီအခြေအနေမှာ ဘုရားပွဲကျင်းပလို့ မရ‌တော့တာကို ရွာခံတွေလက်မခံချင်လည်း လက်ခံလိုက်ကြပါပြီ။

စစ်ဘေးရှောင်နေရတဲ့ ဒေါ် ဝိုင်းကတော့ “သံဃာတချို့က ရှင်ဥပဂုတ္တလောက်ပဲ ရတဲ့နေရာမှာ လှည့်မယ်ကြားတယ်။ ဘုရားပွဲ မမြည်တော့ဘူးလေ” လို့ ပြောရှာတယ်။

မောင်မယ်ရှောင်ရွာမှာ အခုနှစ်အတွင်း လတိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမ် သတင်းဌာနက စုစည်းထားတဲ့ အချက်အလက်တွေအရဆိုရင် အခုနှစ်ထဲ အဲ့ဒီရွာမှာ တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်းရှိခဲ့တယ်။ ဒါ့အပြင် မီးရှို့ခံထားရတဲ့အိမ်ပေါင်း ၅၀ လောက်အထိရှိနိုင်တယ်လို့လည်း ရွာခံတွေက ခန့်မှန်းထားကြတယ်။

ပြီးခဲ့တဲ့ လမှာဆိုရင်တော့ စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာထိပ်မှာ တပ်စခန်းအသစ်တစ်ခုဆောက်ပြီး တပ်စွဲထားပြန်တယ်။ ရွာထဲက အိမ်တွေမှာလည်း သူတို့ပိုင်နက်လို့ သဘောထားပြီး တပ်စွဲနေသေးတာပါ။

အခုရက်ပိုင်းမှာ ရွာကိုဖြတ်သွားခဲ့တဲ့ ကိုအောင်က “လမ်းဘေးတွေမှာ ခြုံတွေဖုံးနေပြီ။ အစာငတ်နေတဲ့ ခွေးတွေနဲ့။ နေ့ခင်းဘက်တောင် သရဲခြောက်မှာကြောက်ရတယ်” လို့ ပြောပြတယ်။

ထားဝယ်ဒေသက ထင်ရှားတဲ့ရွာတစ်ခု၊ ပွဲတော်တစ်ခု၊ ချစ်စရာဓလေ့တစ်ခုရဲ့ ဘုံဘိမ္မာန်လေး အခုလိုအခြေအနေ ဖြစ်သွားပေမဲ့ တစ်ချိန်မှာ အရင်လို စည်စည်ကားကားပြန်လည်ကျင်းပနိုင်ဖို့ ရွာခံတွေက မျှော်လင့်နေကြတုန်းပါ။

စစ်ကောင်စီတပ်ရဲ့ မီးရှို့မှုကြောင့် အိမ်မရှိတော့တဲ့ မပြည့်ကတော့ မောင်မယ်ရှောင်ရွာခံတွေဟာ ပစ္စည်းဥစ္စာအပေါ်မှာ လောဘနည်းကြပေမဲ့ ရွာနဲ့ပတ်သက်ရင်တော့ သူများတွေထက် အစွဲအလမ်းကြီးကြတယ်လို့ ပြောတယ်။

“ကျမတို့အိမ်ဆို ပြာပုံဖြစ်သွားပြီ။ ရတယ်၊ ဓနိရွက်ရရ ထန်းရွက်ရရကာပြီးနေမယ်။ ပြန်လို့ ရဖို့ပဲလိုတယ်၊ အခုရတာနဲ့ အခုချက်ချင်းထပြန်မယ်” လို့ မပြည့်က ဆက်ပြောတယ်။

ထားဝယ်မြို့ပေါ်မှာတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ နှစ်စဥ်ကျင်းပနေကျ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ဒုတိယနှစ်မြောက်အဖြစ် နေ့ပိုင်းမှာ ပြောင်းလဲကျင်းပခဲ့ပါတယ်။ အရင်နှစ်ကထက် ပါဝင်သူတွေ ပိုများလာ တယ်လို့ မြို့ခံတွေက ပြောကြတယ်။

ထားဝယ်မြို့ပေါ်မှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေါ် ဝိုင်းတစ်ယောက်လည်း အဲဒီဘုရားလှည့်ပွဲကို သွားခဲ့တယ်၊ ပြီးတော့ “ကျမတို့ရွာကတော့ ဘုရားတောင်မကြွတဲ့ရွာ ဖြစ်သွားပြီ” လို့ ငြီးတွားနေပါတယ်။

ခေတ်

The Tanintharyi Times