ကြင်နာမှုကင်းမဲ့ဇုန်ထဲ အပြုံးတွေဝေ

ကြင်နာမှုကင်းမဲ့ဇုန်ထဲ အပြုံးတွေဝေ

(၁)
နိုဝင်ဘာ ၁၃ ရက်နေ့ဟာ World Kindness Day ပါတဲ့။ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ “ကမ္ဘာ့ကြင်နာမှုနေ့” ပေါ့လေ။

သောက်ကြီးသောက်ကျယ်တွေ ပြောပြောပြီး အရေးအကြောင်းဆို နားမျက်စိပိတ်၊ ရှာမတွေ့တော့တဲ့ထဲ ခင်ဗျားတို့လည်း ပါတယ်။
ဟုတ်ကဲ့..၊
ကျေးဇူးပြုပြီး အဲဒီတစ်နေ့လေးပဲ ကြင်နာမှုကို ပြသပေးပါကမ္ဘာကြီးခင်ဗျာ။

(၂)
“ကြင်နာမှု”ဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုကြပါသလဲ။
“ကြောင်ကလေးတွေကို အိမ်ပေါ်မှာ လည်လှီးသတ်သွားတယ်”
“လူကို အပိုင်းပိုင်း ခုတ်ထစ်ပြီး ခေါင်း၊ ကိုယ်၊ လက်၊ ခြေတွေ ခြံစည်းရိုးမှာ ချိတ်သွားတယ်”
“တစ်ရွာလုံး မီးရှို့သွားတာ ရွာသားအလောင်းတွေ မီးလောင်မီးမြှိုက်ခံရပြီး သေကုန်တာ အတုံးအရုံးပဲ”
“စာသင်ကျောင်းကို ဗုံးကြဲလို့ ကလေးတွေ သေကုန်တယ်..”
“— — ”
“— — ”
အဲလို နီးပေါင်းစုံနဲ့ အသတ်ခံရသူတွေက နိုဝင်ဘာ ၁၃ ကို မေးခွန်းထုတ်ကြတယ်။
“ကြင်နာမှုဆိုတာ ဘာလဲ”

(၃)
ဘယ်ဘာသာတရားမှာ ရှာရှာ၊ ဘယ်ဘာသာစကားနဲ့ ပြောပြော ကြင်နာမှုဆိုတာက သနားချစ်ခင်မှုပါ။ စာနာထောက်ထားမှုပါ။
ကြင်နာမှုဆိုတာ ချစ်မေတ္တာမှာ အခြေခံစီးဆင်းတဲ့ ကိုယ်ချင်းစာခြင်း မြစ်တစ်စင်းပါ။

တူနှစ်ကိုယ်ကြား၊ မိသားစုကြား၊ အဝန်းအဝိုင်းအသိုက်အမြုံတွေကြား စီးဆင်းတဲ့မြစ်။
နောက်ဆုံး..၊ အစိုးရနဲ့ ပြည်သူကြား စီးဆင်းတဲ့မြစ်လို့ ယူဆခဲ့။

ဘယ်ဘာသာတရား၊ ဘယ်နတ်ဘုရားက တားထားလဲတော့မသိဘူး၊ ခုတော့ အဲဒီမြစ်က ငါတို့ဆီ မစီးဆင်းတော့တာ ကြာပြီ။

မနက်အိပ်ယာထရင် “ငါအသက်ရှင်နေသေးလား”ဆိုပြီး ကိုယ့်အသားကိုယ် အရင် ပြန်ဆိတ်ကြည့်ရ။

အင်တာနက်လိုင်းလေးရလို့ မက်ဆေ့တွေ တတောင်တောင်မြည်သံကြားရင် ဘုရားသကြား‘မ’လို့ ကိုယ့်အသိတွေ ရက်စက်စွာ အသတ်ခံရတယ်ဆိုတဲ့ သတင်းစကား မကြားရပါစေသား ဆုတောင်းနေရ။ သတင်းတွေကို ရင်တမမနဲ့ ဖတ်နေရ။ ဖတ်ရသမျှ အားလုံးနီးနီးက ကြင်နာမှုနဲ့ ဆန့်ကျင်ဘက်လုပ်ရပ်တွေကြောင့် ပေါ်ပေါက်လာတဲ့ သွေးညှိနံ့တွေလွှမ်းလို့။

ဘယ်မှာလဲ ကြင်နာမှု။ နာကျင်မှုတွေပဲ ရင်ထဲမှ ထုထည်ကြီးကြီးလာ။
သေရင်တောင်မှ ကြင်နာသူတွေလက်ထဲ ညင်ညင်သာသာ တချက်တည်းနဲ့ အသက်ထွက်ပါရစေလို့ မယုံချင်တော့တဲ့ ဘုရားတွေမှာ နောက်ဆုံးလက်ကျန် ယုံကြည်မှုယဲ့ယဲ့လေးနဲ့ ကြုံတိုင်း ဆုတောင်းမိ။

(၄)
(ကြင်နာမှုရဲ့ ဆန့်ကျင်ဘက်လုပ်ရပ်တွေမြင်ရ/ကြားရတိုင်း) တချို့က ညည်းတယ်။
“လူမဆန်လိုက်တာကွာ” တဲ့။

အဲလို ကြားတိုင်း ဆင့်ပွားတွေးမိပါတယ်။
လူတွေက လူပိုဆန်လာကြတာလားပေါ့လေ။
လူတွေဟာ တွေးခေါ်ကြံဆမှု၊ တီထွင်ဖန်းတီးမှု အကောင်းဆုံးသတ္တဝါ။ နောက်ပြီး အငြိုးအတေးအကြီးဆုံး သက်ရှိတွေ။

သတ္တဝါတွေဟာ အချင်းချင်း ရန်ဖြစ်ရင် ကိုယ့်မှာရှိတဲ့လက်နက်တွေနဲ့ ချကြတာပဲ။
ခွေးအချင်းချင်းဆို ပါးစပ်နဲ့ကိုက်မယ်။ နွားအချင်းချင်းဆို ချို(ဂျို)နဲ့ ဝှေ့မယ်။
လူအချင်းချင်းကတော့ လက်သီးနဲ့ထိုး ခြေထောက်နဲ့ကန်၊ နီးရာနဲ့ ကောက်ရိုက်၊ ကောက်ထု။

အသက်လုပွဲဆိုရင်တော့ လူတွေက သူတို့တီထွင်ထားတဲ့ ဓါးတွေ သေနတ်တွေနဲ့ ချကြပြီပေါ့။

နောက်တစ်ဆင့်တက်ပြီး ပိုင်ဆိုင်မှု(နယ်မြေ/အာဏာ/ငွေကြေး)တွေအတွက် အုပ်စုဖွဲ့ပြီး အသေဆော်ကြပြီဆိုရင်တော့ ကိုယ့်မှာရှိတဲ့အရင်းအမြစ်တွေ အကုန်ထုတ်သုံးကြပြီပေါ့လေ။

သေနတ်တွေ၊ အမြောက်တွေ၊ လေယာဉ်နဲ့ ဗုံးမိုးရွာတာတွေ။ တဖက်အဝန်းအဝိုင်းရဲ့အသိုက်အမြုံကို ဖျက်ဆီးတာတွေ။
ကိုယ်တွေနိုင်ငံတင်လားဆို ဘယ်ဟုတ်လိုက်လေမလဲ။ ကမ္ဘာ့နိုင်ငံအချို့မှာလည်း ချနေကြတာပါပဲ။

ရုရှား-ယူကရိန်းစစ်ပွဲ၊ အစ္စရေး-အီရမ်(ပါလက်စတိုင်း)စစ်ပွဲတွေက တတိယကမ္ဘာစစ်ဆီ ဦးတည်နေသလားတောင် အောက်မေ့ရ။
နောက်ဆုံးမှာ အနုမြူဗုံးနဲ့ပါ ချကြမယ်ထင်တာပဲ။

တနေ့နေ့ပေါ့။ မချကြဘဲနဲ့တော့ ငွေကုန်အချိန်ကုန်ခံပြီး ဘာလို့ လုပ်ထားကြမှာတုန်းနော်။ ချကြမှာပေါ့။ မချကြရင် လူသားတို့တီထွင်မှုတွေ နှမျောစရာရယ်။

ခုလည်း နိုင်ငံနဲ့အဝှမ်းမှာ ရှိတဲ့လက်နက်အကုန်သုံးပြီး ချနေကြတာပဲလေ။ ဒါကြောင့် လူတွေက လူပိုဆန်လာကြတာလားလို့ တွေးမိတာပါ။

သေချာတာကတော့ လူလောက် ကောက်ကျင့်ယုတ်မာနိုင်တဲ့သတ္တဝါ မရှိတာပါ။
အခြားသတ္တဝါတွေဆို လူလောက်ယုတ်မာဖို့ တွေးခေါ်ကြံဆနိုင်စွမ်းရော အခွင့်အလမ်းရော မရှိဘူးရယ်။

အငြိုးအာဃာတတွေပါလာပြီဆိုရင်တော့ နောက်တစ်ဆင့်တက်သွားပြီး ယုတ်မာမှုအပေါင်း သရဖူဆောင်းကြပြီပေါ့လေ။

ကြောင်ကလေးတွေ လည်လှီးတာ..၊ လူတွေကို အပိုင်းအပိုင်းအထစ်ထစ်..။ အဲဒါ စိတ္တဇဖြစ်သွားတာ..၊ စိတ်က ကုမရလောက်အောင် သွက်သွက်ခါသွားတာ။

အဲလိုလူတွေက သတ္တဝါအဆင့်ကနေ မကောင်းဆိုးဝါး ဖြစ်သွားတယ်ပေါ့လေ။
ကြင်နာမှု ကင်းမဲ့သွားတဲ့ သတ္တဝါကို မကောင်းဆိုးဝါးလို့ ခေါ်ဆိုနိုင်ပါတယ်။
မိစ္ဆာကောင်ပေါ့လေ။

ဆိုတော့ မိစ္ဆာကောင်တွေဆီက လူဆန်မှုတွေ၊ ကြင်နာမှုတွေ မျှော်လင့်နေစရာ မရှိ။
ဒါကြောင့် “လူမဆန်လိုက်တာကွာ” လို့ မညည်းတော့တာ။

(၅)
အကြင်နာမှု ကင်းမဲ့တဲ့အရပ်မှာ ဘယ်သူတွေ ပျော်ရွှင်နိုင်မှာလဲ။
ကုလသမဂ္ဂဟာ မတ်လ ၂၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာပျော်ရွှင်မှုနေ့( international day of happiness)လို့ အားအားယားယား သတ်မှတ်ထားပြန်ပါတယ်။
အဲဒီနေ့က မြန်မာနိုင်ငံသားတွေ ပျော်လား မပျော်လား မသိလိုက်ပါ။ သေချာတာကတော့ ကြင်နာမှုကင်းမဲ့သူတွေလက်က မလွတ်သေးပါ။

အဖွဲ့အစည်းတစ်ခုက ကမ္ဘာပေါ်က ၁၄၃ နိုင်ငံကို စစ်တမ်းကောက်ပြီး အဲဒီနေ့မှာပဲ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံစာရင်းကို ထုတ်ပြန်တတ်ပါတယ်။

အဲဒီစာရင်းမှာ မြန်မာနိုင်ငံက ၁၁၈ နိုင်ငံမြောက် ဖြစ်နေလို့ အတော်အံ့ဩမိပါတယ်။
အဲဒီအဖွဲ့ဟာ မြန်မာမှာ လာမေးတာမှ ဟုတ်ရဲ့လားပေါ့လေ။ လာမေးတယ်ဆိုရင်တောင် ဘယ်လိုအသိုင်းအဝိုင်းက ဘယ်လိုလူတွေကို မေးသွားလဲ သိချင်နေမိပါတယ်။
ဖြစ်နိုင်တာကတော့ မြန်မာနိုင်ငံကို မရောက်တာကြာပြီး အမိမြေကို လွမ်းနေတဲ့ နိုင်ငံခြားရောက် မြန်မာနိုင်ငံသားတွေကို သွားမေးမိတာမျိုး။

ကိုယ်တွေနေတဲ့ ကြင်နာမှုကင်းမဲ့ဇုန်မှာ လာမေးလှည့်ပါ။အောက်ဆုံးက စရေရင် ‘ပထမ’ ရစေရမယ်။

တွေးကြည့်လေ..။ အကြင်နာမှု ကင်းမဲ့တဲ့အရပ်မှာ ဘယ်သူတွေ ပျော်ရွှင်နိုင်မှာလဲ။

(၆)
ကြင်နာမှုကင်းမဲ့ဇုန်ထဲမှာ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ပါ။ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ရွာသူရွာသားတွေ တစ်ပုံတခေါင်းပါ။

ပျော်စရာမကောင်းပေမယ့် အဖော်အပေါင်းနဲ့ဆိုတော့ ဘာဖြစ်ဖြစ် ဖြေသာတယ်ပေါ့လေ။
ကြင်နာမှုကင်းမဲ့ဇုန်ထဲက ကိုယ့်အချင်းချင်းတော့ အကြင်နာ မပျက်ကြစေချင်ဘူးရယ်။
ပြုံးပြကြမယ်လေ။

ကိုယ့်မိသားစုဝင်တွေကို၊ ကိုယ့်ရဲဘော်တွေကို၊ ကိုယ့်ပတ်ဝန်းကျင်ကို လှလှပပ ပြည့်ပြည့်ဝဝ ပြုံးပြကြရအောင်။

ပျော်ပျော် မပျော်ပျော် ရဲရင့်စွာ ပြုံးတတ်အောင် ကျင့်ကြပါစို့ရဲ့။အပြုံးဟာ အဖိုးအခ မပေးရတဲ့ တန်ဖိုးအကြီးဆုံး ကြင်နာမှုပါ။

ကဲ..လာ၊
အပြုံးကပေးတဲ့ကြင်နာမှုနဲ့ အချို့နာကျင်မှုတွေကို ဟားတိုက်ဖြေဖျောက် ကုစားပစ်လိုက်ရအောင်။

(၇)
နိုဝင်ဘာ ၁၃ ရက်နေ့ဟာ “ကမ္ဘာ့ကြင်နာမှုနေ့” ပါတဲ့။

သောက်ကြီးသောက်ကျယ်တွေ ပြောပြောပြီး အရေးအကြောင်းဆို နားမျက်စိပိတ်၊ ရှာမတွေ့တော့တဲ့ ကုလသမဂ္ဂဆိုတာကြီးက သတ်မှတ်ထားတာပေါ့လေ။

ဟုတ်ကဲ့..၊
“ကျေးဇူးပြုပြီး အဲဒီတစ်နေ့လေးပဲ ကြင်နာမှုကို ပြသပေးပါကမ္ဘာကြီးခင်ဗျာ” လို့ မတောင်းဆိုနေတော့ပါဘူး။

ကိုယ့်ဘာကို ဘာကြောင့် မလုပ်နိုင်ရမှာလဲ။
ကြင်နာမှုကင်းမဲ့ဇုန်ထဲမှာ ငါတို့ဘာသာ ကြင်နာကြမယ်။

ရင်ကိုကော့ပြီး ခေါင်းကိုမော့လိုက်တယ်။မျက်နှာမှာ အပြုံးတွေ အပြည့်အမောက် ထည့်လို့ပေါ့။

မင်းခန့်

The Tanintharyi Times