ထရမ့်ကို တန်ခိုးထွားလာစေတဲ့ ဒီမိုကရက်တွေရဲ့ လုပ်ရပ်များ
ထရမ့်ကို တန်ခိုးထွားလာစေတဲ့ ဒီမိုကရက်တွေရဲ့ လုပ်ရပ်များ
အခုအချိန်မှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ အများအပြား ခန့်မှန်းထားကြတာထက် ပိုမြန်တဲ့ နှုန်းနဲ့ အမေရိကန်ရဲ့ ရွေးကောက်ပွဲရလဒ်က ပေါ်ထွက်လာခဲ့ပါပြီ။ အမေရိကန် မဲဆန္ဒရှင်အများစုရဲ့ ရွေးချယ်မှုက ဒေါ်နယ်ထရမ့်နဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ်ပါတီ “GOP” ကို ပြောင်းလဲသွားပါတယ်။
ဒါဟာ ကူးစက်ရောဂါလှိုင်းလုံးအလွန် ငွေကြေးဖောင်းပွမှုနဲ့ အမေရိကန်စီးပွားရေးကို ပြန်တည်ဆောက်ဖို့ ဘိုင်ဒန်အစိုးရရဲ့ အားထုတ်မှုတွေအပေါ် မျှော်လင့်ချက်မဲ့ကာ အချိန်အတော်ကြာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လူအများစုရဲ့ တုံ့ပြန်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နိုဝင်ဘာလ ၆ ရက်နေ့မှာတော့ ဒီမိုကရက်တစ် မဲဆန္ဒရှင်တွေအနေနဲ့ ၂၀၂၀ ခုနှစ်က ရခဲ့တဲ့ GOP ဆန့်ကျင်ရေး တညီတညွတ်တည်း လှုပ်ရှားခဲ့မှုကို ဘာကြောင့် ဆက်မထိန်းထားနိုင်ခဲ့သလဲဆိုတဲ့ အမေးမျိုး သူတို့ပါတီကို ပြန်မေးဖို့ သတိဝင်လာနိုင်ဖွယ် ရှိပါတယ်။ ဒီလိုဆိုရင် အဖြေက ထရမ့်ကြောင့် ဆိုတာထက် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းက စတင်အသွင်ပြောင်းလာတဲ့ ဒီမိုကရက်တစ်ပါတီတွင်း အခြေအနေတွေနဲ့ ပိုပြီး သက်ဆိုင်ကြောင်း တွေ့လာမှာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းကစလို့ ဒီမိုကရက်တစ်ပါတီနဲ့ အမေရိကန် လစ်ဘရယ်ဝါဒဟာ ကော်လာဖြူတွေ၊ အဆင့်မြင့်ပညာတတ်တွေ နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မြို့ကြီးပြကြီးတွေမှာ အခြေချနေကြတဲ့ လူကုံထံအမေရိကန်နိုင်ငံသားတွေရဲ့ အားပေးထောက်ခံမှုကို အကြီးအကျယ် ရလာပါတယ်။
အဆိုပါ ပညာတတ်အမေရိကန် တွေမှာ “knowledge economy” လို့ခေါ်နိုင်တဲ့ အသိပညာအခြေပြု စီးပွားရေးကဏ္ဍတွေ ဖြစ်တဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးနယ်ပယ်၊ နည်းပညာနယ်ပယ်နဲ့ စီမံခန့်ခွဲမှု အကြံပေးလုပ်ငန်း စတဲ့ အလုပ်တွေ လုပ်ကိုင်ကြသူ “ပရောဖက်ရှင်နယ် လူတန်းစား” (professional-class) လို့ခေါ်နိုင်မယ့် လူအများစု ပါဝင်ပါတယ်။
ဒီမိုကရက်တစ်ပါတီ မြစ်ဖျားခံလာမှုနဲ့ စုဖွဲ့မှု အခြေအနေတွေရဲ့ နောက်ဆက်တွဲရလဒ်တွေအဖြစ် ဒီကနေ့မှာတော့ ပါတီအနေနဲ့ ကောလိပ်ပညာရေး တက်မြောက်မထားသူ မဲဆန္ဒရှင်တွေကြားက ထောက်ခံချက်တွေ ဆုံးရှုံးသွားမှုနဲ့အတူ ကြိုတင်စစ်တမ်းကောက်မှုတွေက ဖော်ပြလာတဲ့ လက်တင်နိုမဲဆန္ဒရှင် ၄၅ ရာခိုင်နှုန်းကို ထရမ့်က အနိုင်ရလိုက်တာတွေကို ရှင်းရှင်းလင်းလင်း မြင်သာနိုင်ပါတယ်။
စစ်ပြီးခေတ် ချမ်းသာကြွယ်ဝမှုနဲ့ စစ်အေးခေတ် နည်းပညာကြီးထွား အားကောင်းမှုတို့ကြောင့် knowledge economy ဟာ တရှိန်ထိုး ထွန်းကားလာခဲ့ပါတယ်။ အလားတူပဲ အဆင့်မြင့်ပညာရေးလည်း အရှိန်အဟုန်နဲ့ ကျယ်ပြန့်ခဲ့ပါတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ကောလိပ်ပညာတတ် လူငယ်လစ်ဘရယ် မျိုးဆက်တစ်ဆက်ဟာ နိုင်ငံရေးလမ်းစဥ်သစ် “New Politics” တွေ မှာ ပါဝင်လှုပ်ရှားလာကြတယ်။
ဒီအတွက် မြင်သာတဲ့ ပုံရိပ်တွေမှာ လစ်ဘရယ်နိုင်ငံတွေရဲ့ ဗျူရိုကရေစီ ပြန့်နှံ့ပုံတွေနဲ့ လက်တွေ့မှာ ဒီမိုကရေစီဆိုင်ရာ ပွင့်လင်းမြင်သာမှု မရှိတာတွေကို သံသယဝင်ကြတာ၊ ဗီယက်နမ်စစ်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဒီမိုကရက်တစ်ပါတီဝင် အလုပ်သမားခေါင်းဆောင်တွေ သောင်းသောင်းဖြဖြ အားပေးထောက်ခံလာကြတာ စတဲ့ အရွေ့တွေ ပါဝင်ပါတယ်။
နိုင်ငံရေးလမ်းစဥ်သစ်တွေအတွက် တက်ကြွလှုပ်ရှားကြသူ အများစုဟာ ကျောင်းသားတွေဖြစ်ပြီး ယူဂျင်း မက်ကာသီ၊ ရောဘတ် အက်ဖ်ကနေဒီ တို့ရဲ့ ၁၉၆၈ ခုနှစ် သမ္မတ မဲဆွယ်ပွဲတွေကို ထောက်ခံခဲ့ကြတယ်။ တက်သစ်စရှေ့နေတွေ၊ နည်းပညာအလုပ်သမားတွေနဲ့ ပညာတတ် လူငယ်လူရွယ်တွေဟာ စစ်ဆန့်ကျင်ရေး အထက်လွှတ်တော် အမတ် ဂျော့ မက်ဂါဗန်ရဲ့ ၁၉၇၂ မဲဆွယ်စည်းရုံးရေးအတွက် အခိုင်အမာ ထောက်ခံပါဝင်ခဲ့ကြတယ်။
လူမှုရေးအရ တိုးတက်မှုတွေရှိပြီး သဘာဝဝန်းကျင်ကာကွယ်ရေးနဲ့ စားသုံးသူအခွင့်အရေး စတဲ့ ဘဝအရည်အသွေး ကိစ္စရပ်တွေကို အထူးအလေးထား လှုပ်ရှားမှုတွေနဲ့ အတူ အဆိုပါ ပရော်ဖက်ရှင်နယ်လူတန်းစား လစ်ဘရယ်များစွာ ပေါ်ပေါက်လာပါတယ်။ ဆက်လက်ပြီး ဒီရေစီးကြောင်းဟာ “public interest style activism” (အများပြည်သူအကျိုး အလေးထားဆောင်ရွက်ရေး တက်ကြွလှုပ်ရှားမှု) အဖြစ် အသွင်ကူးပြောင်းသွားတယ်လို့ စစ်ပြီးခေတ် လစ်ဘရယ်အစိုးရနဲ့ အလုပ်သမားသမဂ္ဂတွေကို လက်ဝဲယိမ်း လစ်ဘရယ်ရှုထောင့်ကနေ ဝေဖန်လာကြပါတယ်။
စစ်ပြီးခေတ် လစ်ဘရယ်နိုင်ငံတည်ဆောက်နိုင်မှုအပေါ် သံသယဝင်မှုတွေ ရှိခဲ့ပေမဲ့ အစိုးရအပေါ် လူထုရဲ့ ယုံကြည်မှု ပျက်ပြားချိန် ဝါးတားဂိတ်ခေတ် ဘေးကျပ်နံကျပ်ကာလတွေမှာ ပရော်ဖက်ရှင်နယ်လူတန်းစား လစ်ဘရယ်တွေ ပိုမိုစုစည်းနိုင်လာတာ တွေ့ရပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ မျိုးဆက်သစ် လစ်ဘရယ်ခေါင်းဆောင်တွေကို ဝါးတားဂိတ်ရဲ့ ရင်သွေးငယ်တွေ အဖြစ် မွေးထုတ်ခဲ့ကြရာမှာ Gary Hart၊ Timothy Wirth နဲ့ Paul Tongas တို့ ပေါ်ထွက်လာကြတယ်။
ဒီလိုနဲ့ ဝါးတားဂိတ်အကျပ်အတည်းက မွေးထုတ်လိုက်တဲ့ လူငယ်တွေဟာ အလုပ်သမားအများစု ဦးဆောင်ပါဝင်နေတဲ့ ဒီမိုကရက်တစ် ယန္တရားနိုင်ငံရေးရဲ့ စွမ်းအားတွေကို စတင် တိုက်စားပစ်မယ့် စီမံကိန်း အကြီးကြီးတစ်ခုရဲ့ ဓါးသွားစိတ်တစ်ခုဖြစ်တဲ့ ဥပဒေပြုလွှတ်တော်ကွန်ဂရက်မှာ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို အားစိုက်လုပ်ခဲ့ကြတယ်။
သူတို့ဟာ လစ်ဘရယ်ပြုပြင်ပြောင်းလဲရေးသမား (liberal reformers) တွေ အဖြစ် အရွယ်ရောက်လာကြပြီး အစဥ်အလာ စီးပွားရေးစနစ်ကနေ အသွင်ကူးပြောင်းမှုကို အာရုံစိုက်တဲ့ “Atari/New Democrats” တွေ ဖြစ်လာကြတယ်။ သံမဏိနဲ့ မော်တော်ကားထုတ်လုပ်ရေး လို လုပ်ငန်းတွေကနေ အဆင့်မြင့်နည်းပညာဗဟိုပြု စီးပွားရေးပုံစံ ဖြစ်အောင် အစွမ်းကုန် အားထည့်လုပ်ကိုင်ခဲ့တာမျိုးကို ဆိုလိုတာပါ။
ဒီကနေ့ခေတ်မှာ အဆိုပါ လမ်းစဥ်သစ် ဒီမိုကရက် လစ်ဘရယ်တွေ ဝေဖန်ထောက်ပြကြတဲ့ လက်သုံးစကားတွေဟာ တချိန်က သူတို့လုပ်ဆောင်ခဲ့တဲ့ အပြုအမူတွေနဲ့ ဆန့်ကျင်နေပါတယ်။ အကြောင်းကတော့ အတိတ်မှာ သူတို့ဟာ တက်ကြွလှုပ်ရှားသူအစိုးရကို ပယ်ချခဲ့ခြင်းမရှိသလို ရေဂင်စတိုင် ကွန်ဆာဗေးတစ်လှုပ်ရှားမှုမျိုးလည်း လုပ်ဆောင်ခြင်း မရှိခဲ့ပါဘူး။
တကယ်တော့ ၁၉၈၀ ကနေ ၁၉၉ဝ အစောပိုင်းနှစ်တွေအထိ သူတို့ရဲ့ တစ်ခုတည်းသော ဦးတည်ချက်က စက်မှုကဏ္ဍဆိုင်ရာ မူဝါဒတွေ ချမှတ်အကောင်အထည်ဖော်ဆောင်ရေးသာ ဖြစ်ခဲ့ပါတယ်။ ဒီမူဝါဒတွေဟာ ဂျိုးဘိုင်ဒန် သမ္မတသက်တမ်းအတွင်း တွေ့လာရတဲ့ လုပ်ထုံးလုပ်နည်းတွေအတွက် ရှေ့ပြေးလက္ခဏာတွေဆိုရင်လည်း မမှားပါဘူး။
ဒါပေမဲ့ လစ်ဘရယ်ပြုပြင်ပြောင်းလဲရေးသမားတွေကိုယ်တိုင် သူတို့ပါတီရဲ့ ပရော်ဖက်ရှင်နယ်လူတန်းစား ပဓာနပြု ချိန်ညှိမှုကို နည်းလမ်းနှစ်မျိုးနဲ့ သက်ရောက်သွားစေခဲ့တယ်။
ပထမ နည်းလမ်းက ပါတီဝင်တွေထဲက အထက်တန်းလွှာ အီလစ်တွေ ပြန်လည်ပေါင်းစပ်ဖွဲ့စည်းရေးကို အာရုံစိုက်ခဲ့တယ်။ သူတို့ဟာ ပါတီရဲ့ ဝန်ထမ်းတွေနဲ့ ရွေးကောက်ခံပုဂ္ဂိုလ်တွေ စတဲ့ ပါတီနဲ့ သက်ဆိုင်သူတိုင်းဟာ “professional-class meritocrats” အရည်အသွေးမြင့်ပညာတတ်တွေ အဖြစ် နောက်ထပ် လူတန်းစားအလွှာတစ်ခု ထွက်ပေါ်လာအောင် ပြုမူခဲ့တယ်။
ပါတီအတွက် မဲဆွယ်စည်းရုံးရေး ဝန်ထမ်းတွေကို ခန့်အပ်တဲ့အခါမှာလည်း ၂၀ ရာစု နှောင်းပိုင်းရဲ့ နည်းပညာတော်လှန်ရေးက ပေါ်ပေါက်လာတဲ့ အဆင့်မြင့် နည်းပညာသုံးစွဲနိုင်သူတွေကိုသာ ရွေးချယ်ခေါ်ယူတာကြောင့် ဒီမိုကရက်တစ်ပါတီအနေနဲ့ “နိုင်ငံရေး” ကို အဆင့်မြင့် ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ပြောင်းလဲလိုတယ်ဆိုတာလည်း ထင်ရှားပါတယ်။
ဒါ့အပြင် “နိုင်ငံရေး” ဆိုင်ရာ ရန်ပုံငွေတွေ ရှားပါးလာတဲ့ ခေတ်မှာ ပါတီဟာ နည်းပညာ၊ ငွေကြေးနဲ့ အိမ်ခြံမြေ ဆိုင်ရာ လုပ်ငန်းရှင်တွေနဲ့ အဆင့်မြင့်ဆက်ဆံရေး တည်ဆောက်ပြီး အလှူငွေရှာလာတာ တွေ့ရပါတယ်။ အခုလို ပါတီအတွက် ရန်ပုံငွေထည့်နိုင်တဲ့ အထက်တန်းလွှာအီလစ်တွေရဲ့ နောက်ထပ်ဖွဲ့စည်းမှုဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ မူဝါဒ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာပါတယ်။ သမ္မတ ဘီလ်ကလင်တန်လက်ထက်မှာ လိုငွေပြမှုလျှော့ချရေးနဲ့ နည်းပညာမြင့် အလုပ်အကိုင်တွေနဲ့ အများပြည်သူဆိုင်ရာ အခြေခံအဆောက်အအုံတွေမှာ စက်မှုမူဝါဒပုံစံရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ လျှော့ချပေးရေး မူဝါဒတစ်ခု ချမှတ်ခဲ့တယ်။
ဒုတိယအချက်ကတော့ လစ်ဘရယ်ပြုပြင်ပြောင်းလဲရေးသမားတွေက မြို့ပြနဲ့ဆင်ခြေဖုံးရပ်ကွက်က လူလတ်တန်းစားတွေကို ဦးတည်မဲဆွယ်တဲ့ ရွေးကောက်ပွဲသီအိုရီတွေ သုံးခဲ့တာပါ။ ဒီမိုကရက်တစ် ဗျူဟာချမှတ်ရေးသမားတွေဟာ ကျေးလက်နေပြည်သူတွေနဲ့ နယ်စွန်နယ်ဖျားတွေက အလုပ်သမားလူတန်းစားတွေကို မဖြစ်စလောက်သာ အာရုံစိုက်ခဲ့ပြီး မြို့ပြဆင်ခြေဖုံးဒေသတွေမှာ မဲအများအပြားရရှိရေးကိုပဲ အဓိကထား လုပ်ဆောင်ခဲ့ကြတယ်။
အထူးသဖြင့် Boston’s Route 128 ဆင်ခြေဖုံးရပ်ကွက်နဲ့ Chicago’s North Shore တို့လို လူကုံထံ အဆင့်မြင့် နေရာတွေ နဲ့ Parma၊ Ohio ၊ Fremont၊ Calif တို့လို လူလတ်တန်းစားတွေ နေထိုင်ရာ ဧရိယာတွေကို အာရုံစိုက် မဲဆွယ်ခဲ့တယ်။
၁၉၇၂ ခုနှစ်ကနေစပြီး စီးပွားရေးကဏ္ဍအားလုံးမှာ ဝင်ငွေမြင့် အလုပ်အကိုင်ရှိသူ ဒီမိုကရက်တစ်မဲဆန္ဒရှင်တွေ တဖြည်းဖြည်း များလာခဲ့တယ်။ ၂၀၀၀ ခုနှစ်မှာတော့ လူသားလုပ်အားသုံး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နည်းပညာနယ်ပယ်တို့က ထိပ်တန်းဝင်ငွေရသူ အများစုဟာ ဒီမိုကရက်တစ်ပါတီကို မဲပေးခဲ့ကြတယ်။
“မြို့ပြဆင်ခြေဖုံးနေရာတွေ (Suburbia) ဟာ နောင်လာမယ့် ရာစုနှစ်တွေမှာ ရွေးကောက်ပွဲ အနိုင်အရှုံး အဆုံးအဖြတ်အတွက် အကြိတ်အနယ် ယှဥ်ပြိုင်ရမယ့်နေရာတွေ ဖြစ်လာလိမ့်မယ်” လို့ ၁၉၈၈ ခုနှစ် ရွေးကောက်ပွဲကာလက ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်အမတ်တစ်ဦး Boston Globe ကို ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီမိုကရက်တွေရဲ့ မြို့ပြဆင်ခြေဖုံး နေရာတွေကို အာရုံစိုက်လာတာ တစ်ခုတည်းကို ကြည့်ပြီး ပါတီရဲ့ အရေးတကြီး ဦးစားပေးလုပ်ငန်းအားလုံးကို စွန့်လွှတ်လိုက်တယ်လို့တော့ ကောက်ချက်ဆွဲလို့ မရပါဘူး။ ခြုံငုံသုံးသပ်ရမယ်ဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ် သုံးစုမှာ ဖက်ဒရယ်အစိုးရဟာ ပြန်လည်ခွဲဝေမှုတွေ ပိုတိုးလုပ်ခဲ့တာမျိုး ရှိပါတယ်။ ဘားရက်အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်ခဲ့တဲ့ “ဆင်းရဲသားများအတွက် ဆေးဝါးအကူအညီပေးမှုစီမံကိန်း” မျိုးဟာ အမေရိကန် လူမှုဖူလုံရေးအတွက် အပြောင်မြောက်ဆုံး တိုးတက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီမိုကရက်တွေဟာ ပရော်ဖက်ရှင်နယ်လူတန်းစားမဲဆန္ဒရှင်တွေကိုပဲ အထူးအာရုံစိုက်လာတာကြောင့် သူတို့ထဲမှာ ကနဦးတုန်းက ညီညီညွတ်ညွတ်ပါဝင်ခဲ့ကြတဲ့ အခြားသော လူတန်းစားတွေရဲ့ အားပေးထောက်ခံမှုကို တဖြည်းဖြည်း ဆုံးရှုံးသွားရတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်က ပေါ်လာတဲ့ လူထုအုံကြွမှုဟာ ဒီမိုကရက်တွေရဲ့ အဆိုပါ ဗျူဟာကို ပြတ်ပြတ်သားသား ငြင်းဆိုပြတဲ့ လှုပ်ရှားမှုတရပ် ဖြစ်နိုင်ပါတယ်။
ဒီမိုကရက်တစ်ပါတီဘက်က Chuck Schumer က “ပင်ဆယ်လ်ဗေးနီးယားအနောက်ပိုင်းမှာ အောက်ခြေအလုပ်သမား ကော်လာပြာ ဒီမိုကရက်တစ်ယောက်ရဲ့ မဲတစ်ပြား ဆုံးရှုံးသွားတိုင်း မြို့တော် ဖီလာဒယ်ဖီးယားမှာနေတဲ့ မြို့ပြလူလတ်တန်းစား ရီပတ်ပလစ်ကန် နှစ်ယောက်ဆီက မဲနှစ်ပြား တို့ဘက်ရောက်လာအောင် လုပ်မယ်” လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ၁၉၈၈ ခုနှစ်က သမ္မတရွေးကောက်ပွဲအတွက် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ GOP ဘက်က ပထမဆုံးအကြိမ် အနိုင်ရခဲ့ပါတယ်။
၂၀၁၆ ခုနှစ်အလွန် နိုင်ငံရေးဆိုင်ရာ တိုးတက်မှုတွေဟာ အနာဂတ်အတွက် ရှုပ်ထွေးတဲ့ ပုံရိပ်တွေအတွက် ခြေဆင်းဖြစ်ခဲ့ပါတယ်။ ဒီမိုကရက်တွေရဲ့ မြို့ပြအခြေပြု ဗျူဟာက ၂၀၁၈ ခုနှစ်မှာတစ်ကြိမ်၊ ၂၀၂၀ ခုနှစ်မှာ တစ်ကြိမ် နဲ့ ၂၀၂၂ ခုနှစ်အလယ်ပိုင်းမှာ တစ်ကြိမ် အားကောင်းခဲ့တာလည်း ရှိပါတယ်။
၂၀၁၆ အလွန်ခေတ်တွေမှာ မြို့ပြလူလတ်တန်းစားအမျိုးသမီးတွေရဲ့ မဲတွေကို ဒီမိုကရက်တစ်ပါတီက ရလာပြီး ပါတီအတွက် အအောင်မြင်ဆုံး ရွေးကောက်ပွဲအရွေ့ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မကြားသေးမီက သုတေသနတွေ့ရှိချက်တွေအရ ဒီမိုကရက်တစ်ပါတီထောက်ခံကြသူ လူကုံထံတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ခွဲဝေပေးရေး လူမှုရေးရာမူဝါဒတွေကို အလေးအနက် ထောက်ခံကြတယ်လို့ ဖော်ပြထားပါတယ်။
သမ္မတ ဘိုင်ဒန်လက်ထက်က လုပ်သားအခြေပြု ကုန်ထုတ်လုပ်ရေးအလုပ်အကိုင်တွေမှာ ရင်းနှီးမြှုပ်နှံဖို့ အလေးထားကြောင်း ပြသခဲ့ပေမယ့် အခြေခံအလုပ်သမားလူတန်းစား၊ အထူးသဖြင့် ကျေးလက်နဲ့ နယ်စွန်နယ်ဖျားတွေက အလုပ်သမားထုလူတန်းစားကို ဒီမိုကရက်တစ်ပါတီက တစိုက်မတ်မတ် ပစ်ပယ်လာခဲ့ကြတာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် ရွေးကောက်ပွဲအပြီးမှာတော့ မြို့ပြနေ ပရော်ဖက်ရှင်နယ်လူတန်းစားတရပ် နဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ အလုပ်သမားလူတန်းစားတရပ်ကြားမှာ ရွေးကောက်ပွဲဆိုင်ရာ အမြင်သဘောထားတွေနဲ့ပတ်သက်ပြီး အကွဲကွဲအပြဲပြဲ ဖြစ်မှုဟာ အရင်နှစ်တွေကထက် ပိုပြီး ပြင်းထန်လာတာ တွေ့ရပါတယ်။
၁၉၇၀-၁၉၉၀ ပြည့်နှစ်တွေ အတွင်း အရင်က တည်ဆောက်လာတဲ့ ညွန့်ပေါင်းတွေ (New Deal Coalitions) တဖြည်းဖြည်း ဆိတ်သုဥ်းလာတဲ့ အကွဲအပြဲကြားကပဲ လစ်ဘရယ်ပြုပြင်ပြောင်းလဲရေးသမားတွေ ဆယ်စုနှစ် လေးခုကြာ အာဏာရခဲ့တာပါ။ နောက်ပိုင်းမှာ အသစ်အစားထိုး ဝင်ရောက်လာတဲ့ ဒီမိုကရက်တစ်ထောက်ခံသူ အစုအဖွဲ့ ပုံစံက ဘယ်လောက်ပဲ လူအများစုကို လုံခြုံစေဖို့ ရည်ရွယ်ခဲ့ပါစေ လက်တွေ့မှာတော့ အလွယ်တကူ ပြိုကွဲလွယ်ပြီး ရွေးကောက်ပွဲရလဒ်တွေ ခန့်မှန်းနိုင်ဖို့ကိုတောင် အင်မတန် ခက်ခဲတဲ့ အခြေအနေ ဖြစ်လာပါတယ်။
ရေရှည်အကျိုးရှိစေမယ့် မူဝါဒကောင်းတွေ အကောင်အထည်ဖော် ချမှတ်ရေးမှာ စစ်မှန်တဲ့ လူအများစုရဲ့ လူထုအင်အား အခိုင်အမာ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံရေး သမိုင်းတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင် လူအများစုပါဝင်တဲ့ ညီညွတ်စုဖွဲ့မှုအားကို တည်ဆောက်ဖို့ အတွက် ကောင်းမွန်တဲ့ မူဝါဒလမ်းစဥ်တွေသာမက အမေရိကန်လူ့အဖွဲ့အစည်းရဲ့ ကျယ်ပြန့်နက်ရှိုင်းပြီး အားကောင်းတဲ့ လူအများစုဖြစ်တဲ့ အောက်ခြေအလုပ်သမားလူထုရဲ့ ထောက်ခံမှုကို ဆွဲဆောင်နိုင်မယ့် ရွေးကောက်ပွဲမဟာဗျူဟာ တရပ်လည်း လိုအပ်လှပါတယ်။ အဲဒါကြောင့် ဒီမိုကရက်တွေအနေနဲ့ အဆိုပါ လူထုရဲ့ အားကို အမှန်တကယ် လိုချင်တယ်ဆိုရင် လူအများစုရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနိုင်မယ့် နိုင်ငံရေးခံယူချက်၊ နိုင်ငံရေးလမ်းစဥ်တွေနဲ့ လှုပ်ရှားကြဖို့ အရေးကြီးပါတယ်။
(Time မဂ္ဂဇင်းမှာ နိုဝင်ဘာလ ၇ ရက်နေ့က ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် Henry Tonks ရဲ့ “The Democratic Party Realignment That Empowered Trump” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ Henry M. J. Tonks ဟာ ဘော့စတွန်တက္ကသိုလ် သမိုင်းသုတေသီ Ph.D. Candidate တစ်ဦးဖြစ်ပြီး လက်ရှိမှာ ၁၉၇၀ ကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း ဒီမိုကရက်တစ်ပါတီရဲ့ အသွင်ကူးပြောင်းမှုတွေကို သုတေသန လုပ်နေပါတယ်။ )
The Tanintharyi Times
