“သစ်ဥသစ်ဖုတွေနဲ့ ကုရတဲ့အခြေအနေကို ပြန်ရောက်သွားနိုင်တယ်”

“သစ်ဥသစ်ဖုတွေနဲ့ ကုရတဲ့အခြေအနေကို ပြန်ရောက်သွားနိုင်တယ်”

ဓာတ်ပုံ - ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့။

တနင်္သာရီတိုင်းထဲက ကျေးလက်ဒေသအများစုကို စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ပိတ်ထားတာနှစ်နဲ့ချီလာပြီဖြစ်ပါတယ်။ တနင်္သာရီတိုင်းထဲက ပြည်သူတွေဟာ ဆေးဝါးသယ်ယူပိတ်ခံထားရတာအပြင် စျေးကွက်မှာ ဆေးဝါးတွေပြတ်လပ်တာ၊ အဆမတန်စျေးတက်တာတွေကိုလည်း သိသိသာသာကြုံလာရပါတယ်။ ဆေးဝါးပြတ်လပ်တာ၊ စျေးတက်တာတွေကိုတော့ မြို့နေလူထုပါ ရင်ဆိုင်လာကြရပါတယ်။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာ ဆေးဝါးနဲ့ပတ်သက်တဲ့အခက်အခဲတွေကြုံနေရတဲ့အခြေအနေတွေကို ဒေသခံတွေနဲ့ ကျန်းမာရေးဆိုင်ရာလုပ်ကိုင်နေကြသူတွေကို မေးမြန်းထားပါတယ်။

(တောင်ပိုင်းသားတို့အသံ)

ထားဝယ်မြို့ခံ ဆရာဝန်

မေး -လက်ရှိ ကုသပေးရာမှာ ဆေးဝါးတွေဝယ်ယူရရှိမှုအခြေအနေဘယ်လိုရှိလဲ။ ဆေးဈေးကွက် အခြေအနေက အရင်ကနဲ့ ဘယ်လိုတွေကွာသွားသလဲ။
ဖြေ - ဆေးတွေကတော့ ပြတ်နေတဲ့ဆေး ပိုများလာတယ်။ ဆေးတွေ ရှာရခက်လာတယ်။ အဲ့တော့ ရှိတဲ့ဆေးတွေကလည်း အရင်ထက် ၂ဆ ၃ဆ ပိုစျေးကြီးလာတာပေါ့။

မေး - ဆေးတွေပြတ်တော့ ဘယ်လိုဖြေရှင်းလဲ။ ဘာတွေနဲ့ အစားထိုးလဲ။
ဖြေ - တချို့သုံးနေကြဆေးတွေကတော့ လုံး၀ရှာလို့မရတော့ တူတဲ့ဆေးတွေနဲ့ အစားထိုးတာ တချို့ရှိတဲ့ဆေးတွေနဲ့ ပြောင်းပေးတာ အဲလိုတော့ လုပ်နေရတာပေါ့။ ဈေးကတော့ အကုန် ပိုပေးရတာတွေချည်းပဲ။ အာနိသင်လည်း အပြည့်မရကြတာများတယ်။ အရင်က တလကို ဆေးဖိုး ၅သောင်းလောက်ပဲ ကုန်တဲ့သူက အခုဆို ၁သိန်းကျော် ၂သိန်းနီးပါး ကုန်တာမျိုးပေါ့။ လူနာတွေက ပိုပင်ပန်းရတာပေါ့။

မေး - ဆေးဝါးပြတ်လပ်မှုကြောင့် ရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲ။
ဖြေ - အဓိကကတော့ စွဲသောက်နေရတဲ့ နာတာရှည်ရောဂါသည်တွေ အခက်အခဲကြုံလာရတာပေါ့။ ဆေးရှာမရတာ ဆေးတွေ အရမ်းစျေးကြီးနေတာကြောင့် ရောဂါကို ထိန်းထားဖို့ကလည်း ခက်လာကြတယ်။

မေး - တကယ်လို့ ဆေးဝါးပြတ်တောက်တာက အခုထက်ပိုများလာရင် ဒေသကျန်းမာရေးအခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ဖြေ - အခုထက် ပို ဆေးဝါးပြတ်တောက်လာရင်တော့ လူတွေ အကုန် ခက်ခဲလာကြမှာပါ။ သွေးတိုး ဆီးချိုရောဂါလို ရေရှည်ဆေးနဲ့ ထိန်းရတဲ့ ရောဂါတွေဆို ထိန်းလို့မရတော့ဘဲ ဆေးရုံတင်ရတဲ့သူ အသက်ဆုံးရှုံးရတဲ့သူတွေ ပိုများလာနိုင်ပါတယ်။

ထားဝယ် အရှေ့တောဒေသက ကျန်းမာရေးစောက်ရှောက်မှုပေးနေတဲ့ သူနာပြုဆရာမ

မေး -လက်ရှိ ကုသပေးရာမှာ ဆေးဝါးတွေဝယ်ယူရရှိမှုအခြေအနေဘယ်လိုရှိလဲ။ ဆေးဈေးကွက် အခြေအနေက အရင်ကနဲ့ ဘယ်လိုတွေကွာသွားသလဲ။
ဖြေ - လက်ရှိဆေးကုသပေးရာမှာ ဆေးဝါးတွေဝယ်ရတာအရမ်းခက်တယ်။ သယ်ရတာကလည်း ပိုခက်တယ်။ တချို့ဆေးတွေဆိုလည်း ဝယ်လို့မရတော့ဘူး။ တချို့ဆေးတွေဆို လုံးဝဝယ်လို့မရတော့လို့ တော်တော်လေးရှာရတာမျိုးလည်း ရှိလာသလို ဆေးဈေးတွေကလည်း အရင်နဲ့ တအားကွာလာတာမျိုးပေါ့။ ဈေးက အာဏာစသိမ်းတုန်းက ကာလနဲ့ဆိုရင် သုံးဆလောက်ကွာသွားတယ်။ အရင်နှစ်နဲ့ အခုနှစ်တောင် နှစ်ဆလောက်ကွာပါတယ်။

မေး - လူနာတွေကို ကုသရာမှာ ဆရာ/မ တို့ အသုံးများတဲ့ ဆေးဝါးတွေ ပြတ်လပ်တာမျိုး ကြုံရတာရှိလား။ ရှိရင် ဘယ်လိုဖြေရှင်းလဲ။ ဘာတွေနဲ့ အစားထိုးလဲ။
ဖြေ - ဆေးဝါးပြတ်လပ်တာမျိုး ကြုံရပါတယ်။ တချို့ဆေးတွေဆိုသုံးရတာများတယ်။ အခုလိုကာလမျိုးဆိုရင် အရေပြား ယားနာ အဲ့လိုမျိုး များတဲ့အခါကျတော့ ဆေးတွေအသုံးများလာတယ်။ အဲ့လိုအချိန်မျိုးကြရင် ဝယ်လို့မရတာထက် သယ်လို့မရတာတွေကြောင့် ပိုပြီးတော့ ဆေးပြတ်တာရှိပါတယ်။ ဘယ်လိုဖြေရှင်းကြလဲဆိုတော့ အနီးအနားက တခြားဆေးဘက်တွေကို ခဏပေးထားမလားဆိုတာမျိုးနဲ့ ယူသုံးပြီး ဖြေရှင်းရပါတယ်။ လုံးဝမရှိရင်လည်း မရှိတော့လို့ ထားဝယ်မြို့ပေါ်ပဲသွားလိုက်ပါဆိုတာမျိုး လုပ်ရပါတယ်။ Glucose 50% တို့ ၊ Betadine တို့ဆို လုံးဝပြတ်နေတာမျိုးရှိတယ်။ တချို့ဆေးတွေလည်း ဝယ်လို့မရဘူး။

မေး - ဆေးဝါးပြတ်လပ်မှုကြောင့် ရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲ။
ဖြေ - အကြီးဆုံးစိန်ခေါ်မှုကကြတော့ အချို့ထားဝယ်မြို့ပေါ်ကိုလည်း သွားလို့မရတဲ့ လူနာတွေမျိုးဆိုရင် ဆေးကို မဖြစ်မနေရှာရတာပေါ့။ တခြားမြို့နယ်တွေအထိ လိုက်ရှာရတာတွေရှိတယ်။ အဆင်ပြေသလိုလုပ်လိုက်ရတာတွေပေါ့။ အဲ့လိုမျိုး ခက်ခက်ခဲခဲရှာရတာတွေရှိပါတယ်။

မေး - တကယ်လို့ ဆေးဝါးပြတ်တောက်တာက အခုထက်ပိုများလာရင် ဒေသကျန်းမာရေးအခြေအနေအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ဖြေ - ဆေးဝါးပြတ်တောက်မှုက အခုထက် အခြေအနေပိုဆိုးလာရင် ကျန်းမာရေးအခြေအနေ သက်ရောက်မှုက တော်တော်ကြီးကြီးမားမားပြောင်းလဲသွားမှာပါ။ ဥပမာအားဖြင့် ပြောရလို့ရှိရင် ပုံမှန်ရာသီအကူးအပြောင်းကြောင့် ယားနာတွေဖြစ်ကြတယ်။ အဲ့လိုယားနာတွေကို ဆေးရှိနေတဲ့အချိန်ဆိုရင် ဒီဆေးလေးကိုသုံးလိုက်ပါ။ ဒီဆေးလေးသောက်လိုက်ပါ။ ဒါလေး လိမ်းပြီးနေလိုက်ပါဆိုပြီး သွားနေရင် အဆင်ပြေနေပေမဲ့ တကယ်လို့ ဆေးတွေက လုံးဝမရှိတော့လို့ ပြတ်တောက်သွားပြီဆိုရင် အနာသေးသေးလေးဖြစ်တဲ့ ယားနာကနေ ကုတ်ရာတွေ များပြီးတော့ အနာကြီးတွေဖြစ်လာတယ်၊ ခွဲရတဲ့အခြေအနေတွေအထိ ရှိလာနိုင်တယ်။ ဒါက ဥပမာပြတာပါ။ ရောဂါအသေးလေးတွေက ပိုပြီးကြီးလာနိုင်တာမျိုးပေါ့။ ဆေးဝါးပြတ်တောက်လာမယ်၊ ဆေးကုသမှုအခြေအနေ ပိုဆိုးလာမယ်ဆိုရင် အရင်ကလိုမျိုး မြန်မာနိုင်ငံမှာ ဆေးဝါးတွေ သုံးတဲ့အလေ့အကျင့်မရှိတဲ့အချိန်ကလိုမျိုး ကျေးရွာတွေမှာ ဆေးလုံးဝမရှိဘဲ သစ်ဥသစ်ဖုတွေနဲ့ ကုရတဲ့အခြေအနေကို ပြန်ရောက်သွားနိုင်တယ်။ သေချာတာကတော့ လူမှုအသိုင်းအဝိုင်းရဲ့ ကျန်းမာရေးအခြေအနေက အရမ်းကိုပြောင်းလဲသွားမှာပါ။ ကူးစက်ရောဂါတွေလည်း ပိုဖြစ်လာနိုင်ပါတယ်။

လုပ်သက် ၂ နှစ်ရှိတဲ့ မြိတ်မြို့ခံ ဆေးကုမ္ပဏီဝန်ထမ်း အမျိုးသမီး

မေး - ဆေးဝါးဈေးကွက်ခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ - ကျမတို့ ကုမ္ပဏီတွေက ရောင်းထုတ်ဖို့ ကြိုးစားပေမဲ့ဆေးဆိုင်တွေကတော့ ဆေးပစ္စည်းစျေးတွေမြင့်လာတာမို့ ရောင်းရဝယ်ရတာအခက်အခဲတွေရှိပါတယ်။ ဒီဘက်က သွင်းချင်ပေမဲ့ ဝယ်လက်မရှိတာမျိုးလည်း ကြုံရတယ်။

မေး - ဆေးဝါးတွေ တင်သွင်းရတဲ့အခြေအနေဘယ်လိုရှိလဲ။
ဖြေ - တနင်္သာရီတိုင်းဘက်ကိုက မြို့ကြီးတွေကိုကအစ ကားနဲ့ပဲဆင်းတယ်ရှင့်။ တိုက်ပွဲဖြစ်ပြီး လမ်းတွေပိတ်ရင် ဆေးပစ္စည်းတွေ ကြန့်ကြာတာတွေရှိတယ်။ ပြီးတော့ စစ်တပ်ဂိတ်တွေမှာ ဆေးပုံးတွေကို ဖွင့်စစ်တာတွေရှိတယ်။ သယ်ရတာတော့ အရင်ကထက် ကြန့်ကြာတယ်။ စစ်ဖြစ်နေတဲ့ ပုလောတို့၊ တနင်္သာရီဘက်တို့ဆိုရင်တော့ လုံခြုံရေးပိုတင်းကြပ်တာပေါ့။

မေး - ဘယ်လိုဆေးတွေ ဈေးကွက်ထဲမှာပြတ်လေ့ရှိလဲ။ ဘာကြောင့်ဒီလိုပြတ်လပ်နေတာလဲ။
ဖြေ - ဆီးချိုဆေးတို့၊ အာရုံကြောအားဆေးတို့၊ သွေးတိုးကျဆေးတို့ တို့ဆို ခဏခဏပြတ်လေ့ရှိပါတယ်။ ဘာကြောင့် ပြတ်လဲဆိုတာ ကျမတို့လည်း တိတိကျကျ မပြောနိုင်ဘူးရှင့်။ သယ်ယူတဲ့ လမ်းကြောင်းအခြေအနေတွေကြောင့်ပြတ်လေ့ရှိသလို ကုမ္ပဏီတွေမှာကို ဆေးပြတ်တာတွေလည်း ရှိပါတယ်။

မေး - အဲဒီလိုပြတ်လပ်တဲ့အတွက် ဆိုင်တွေက ဘယ်လိုတွေရောင်းချနေလဲ။
ဖြေ - ကုမ္ပဏီဘက်ကတော့ လမ်းကြောင်းစောင့်ရုံကလွဲလို့ တခြားဖြေရှင်းပေးတာမျိုးမရှိပါဘူး။ ဆေးဆိုင်တွေကတော့ အာနိသင်တူတဲ့ တခြားဆေးတွေကို တင်ရောင်းပေးကြပါတယ်။

မေး - တီဗီဆေး/ငှက်ဖျားဆေး/ART ဆေးတွေ ဖြန့်ဝေပေးနိုင်မှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ - ဒါကျမြိတ်မြို့ပေါ်မှာတော့ ဆေးရုံမှာ ထုတ်လို့ရနေသေးတယ် သိရတယ်။ ငှက်ဖျားဆေးလည်း ဝယ်လို့ရှိပါသေးတယ်ရှင့်။ လမ်းကြောင်းအခြေအနေတွေကြောင့် ဆေးပြတ်တဲ့အခါတွေလည်းရှိပါတယ်။

မေး - နောက်ထပ်ရော ဆေးဝါးပြတ်လပ်မှုတွေက ဘယ်လိုအခြေအနေဖြစ်လာနိုင်လဲ။
ဖြေ - တိုက်ပွဲအခြေအနေတွေရော၊ စီးပွားရေးအခြေအနေတွေကြောင့်ရော ကုမ္ပဏီထုတ်ဆေးတွေ ပြတ်သွားတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဈေးနှုန်းမြင့်တက်လာတဲ့ဆေးတွေကို ဆေးဆိုင်တွေက မယူတော့ဘဲ ကွာလတီတူပြီး ဈေးသက်သာတာတွေပဲ ဆိုင်တွေမှာ တင်လာနိုင်ချေပိုများပါတယ်။ နယ်မြို့ငယ်တွေဘက်မှာ ပိုကြုံရနိုင်ပါတယ်။

အသက် ၅၆ နှစ်အရွယ် သရက်ချောင်းမြို့ခံအမျိုးသမီး

မေး - လတ်တလော ဒေသထဲမှာ ဆေးဝါးတွေဝယ်ယူရတာ အခက်အခဲရှိလား။ ဘယ်လိုခက်ခဲနေလဲ။
ဖြေ - ရှိတာပေါ့။ Ensure gold တွေဆို ဝယ်ဖို့ကိုမရှိဘူး။ အရင်ကဆေးဆိုင်တွေမှာ ကုန်စုံဆိုင်တွေမှာရော လွယ်လွယ်ကူကူဝယ်လို့ရတယ်။ အခုကဝယ်လို့ မရတော့ဘူး။ အော်ဒါအရင်တင်ရတယ်။ ဒါလည်း အနည်းဆုံး တစ်လလောက်ကတော့ စရတယ်။

မေး - ဆေးတွေရဲ့ ဈေးနှုန်းတွေကရော တက်လာတာရှိလား။ အရင်ကထက် ဘယ်လောက်တက်လာလဲ။
ဖြေ - တက်တာပေါ့။ အရင်က Ensure gold ဘူးငယ်တစ်ဘူး ငါးသောင်းဝန်းကျင်ပဲ။ အခုဆို တစ်သိန်းကျော်နေပြီ။

မေး - ကိုယ့်မှာ ရက်ရှည်စွဲသောက်ရတဲ့ ဆေးတွေကရောဝယ်လို့/ ဆေးရုံတွေမှာ ထုတ်ယူလို့ရနေရဲ့လား။
ဖြေ - အင်းဝယ်လို့တော့ရှိပါတယ်။ ခါးရိုးကျီးပေါင်းအတွက် သောက်နေတဲ့ဆေးရှိတယ် နာမည်မခေါ်တတ်ဘူး။ အဲဆေးစသောက်တုန်းက ဆေးကုမ္ပဏီနဲ့ နောက်ပိုင်းဆေးတွေက ကုမ္ပဏီတစ်ခုတည်းက ထုတ်တာမျိုးမရှိတော့ဘူး။ ဆေးဆိုင်တွေကတော့ မဝင်တော့ဘူးလို့ပြောတယ်။

မေး - အမျိုးအစားတူဆေးတွေက အရည်အသွေးကွာသွားတာတွေရှိလား။
ဖြေ - အာနိသင်ကတော့ အတူတူပဲထင်တယ် သိပ်သိသာတာတော့မရှိဘူး။

မေး - နောက်ပိုင်းဆေးတွေ ဝယ်လို့မရတော့မှာနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေရှိလား။
ဖြေ - ဝယ်လို့မရတော့မှာလည်းစိုးရိမ်တယ်။ မဝယ်နိုင်တော့မှာလည်း စိုးရိမ်တယ်။

မေး - ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက အခြေအနေဘယ်လိုရှိနေလဲ။ ဆေးရုံ/ဆေးခန်းတွေမှာသွားပြတဲ့အခါဘယ်လိုကြုံရတာရှိလဲ။
‌ဖြေ - တစ်ခုခုဆိုရင်တော့ ရန်ကုန်ပဲသွားဖြစ်တယ်။ အခုနောက်ပိုင်းက လမ်းခရီးမအေးလို့ မြိတ်မှာပဲ ဆင်းကုတယ်။ ဆေးရုံဆေးခန်းတွေက ဝန်ဆောင်မှုမကောင်းဘူး။ ဆရာဝန်က ဒီအချိန်လာမယ်ချိန်းထားပြီး သုံးနာရီလောက်နောက်ကျမှလာတာမျိုးနဲ့ပဲ ကြုံရတယ်။ ဒီလိုဆို တော်တော်လေးပင်ပန်းတယ်။ ဆရာဝန်တွေက အချိန်မလေးစားတော့ဘူး။

အသက် ၄၀ ဝန်းကျင်အရွယ် တနင်္သာရီမြို့ခံအမျိုးသား

မေး - လတ်တလော ဒေသထဲမှာ ဆေးဝါးတွေဝယ်ယူရတာ အခက်အခဲရှိလား။ ဘယ်လိုခက်ခဲနေလဲ။
ဖြေ - ဟုတ်ကဲ့ ရှိပါတယ်။ ကိုယ်ဝယ်သောက်နေကျဆေးတွေမရှိတော့ဘူး။ မျိုးတူတွေပဲရှိတယ်ပေါ့။ မြို့ကငယ်တော့ တချို့ဆေးတွေ မြိတ်မှာသွားဝယ်ရတယ်။ အဲ့ဒါက ကျနော်တို့ဒေသခံတွေ အနည်းအကျဥ်းဝယ်တာပဲသယ်လို့ရတာ။ ဆေးဆိုင်တွေဆို ဆေးတင်ရခက်တယ်လို့ ပြောသံကြားတယ်။

မေး - အဓိက ဘယ်လိုဆေးတွေ ဝယ်ရတာခက်လဲ။
ဖြေ - သွေးတိုးကျဆေးတို့၊ တီဗီဆေးတို့ ဝယ်ရခက်တယ်ဗျ။ ဆေးရုံကလည်း မထုတ်ပေးနိုင်တော့ မြိတ်မြို့ပေါ်ကို တက်ဝယ်ရတာတွေရှိတယ်။

မေး - ဆေးတွေရဲ့ ဈေးနှုန်းတွေကရော တက်လာတာရှိလား။ အရင်ကထက် ဘယ်လောက်တက်လာလဲ။
ဖြေ - တက်တယ်ဗျ။ သုံးဆလောက်ကိုတက်တယ်။ အရင်က အကိုက်အခဲပျောက်ဆေးတစ်ကတ်ကို ၃၅၀ ၊ ၄၀၀ လောက်ရှိရင် အခုက ၁၅၀၀ လောက်ဖြစ်နေတယ်ဗျ။ တချို့ အားဆေးတွေဆို ၅၀၀၀ လောက်ရှိရင် အခု ၁၅,၀၀၀ လောက် ရှိနေပြီ။

မေး - အမျိုးအစားတူဆေးတွေက အရည်အသွေးကွာသွားတာတွေရှိလား။
မေး - အရည်အသွေးကွာသွားတာမျိုးတော့မရှိပါဘူး။ ဆေးခန်းနဲ့ ဆေးဆိုင်တွေက ညွှန်ပေး ရောင်းပေးတာတွေကလည်း အဆင်ပြေပါတယ်ဗျ။

မေး - ကိုယ့်မှာ ရက်ရှည်စွဲသောက်ရတဲ့ ဆေးတွေကရောဝယ်လို့/ ဆေးရုံတွေမှာ ထုတ်ယူလို့ရနေရဲ့လား။
ဖြေ - မရတော့ဘူးဗျ။ တီဘီဆေးတွေဆိုရင် တနင်္သာရီဆေးရုံက တီဘီဌာနမှာ ထုတ်လို့မရတော့ဘူး။ မြိတ်မြို့က တီဘီဌာနမှာ သွားထုတ်ရတယ်။ သွေးကျဆေးတွေဆိုရင်လည်း အရင်က ဆေးရုံမှာ ဝယ်လို့ရတယ်။ အခုကမရတော့ဘူး။ အပြင်ဆိုင်တွေမှာ လိုက်ရှာဝယ်ရတယ်။ မရရင် မြိတ်ကိုဆင်းဝယ်ရတယ်။

မေး - နောက်ပိုင်းဆေးတွေ ဝယ်လို့မရတော့မှာနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေရှိလား။
ဖြေ - ရှိတာပေါ့ဗျ။ အခုတောင် စားသောက်ကုန်တွေ ဆန်တွေကို ကန့်သတ်ချက်တွေနဲ့ဝယ်နေရတာ။ ဆေးတွေပြတ်လာမှာကိုလည်း စိုးရိမ်တယ်ဗျ။ စစ်ကောင်စီဘက်က ဆေးဝါးလမ်းကြောင်းကိုပါ လုံးဝပိတ်ချလိုက်မှာကို စိုးရိမ်တယ်။ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက်ဆို လုံးဝအဆင်ပြေမှာမဟုတ်ဘူး။

မေး - ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက အခြေအနေဘယ်လိုရှိနေလဲ။ ဆေးရုံ/ဆေးခန်းတွေမှာသွားပြတဲ့အခါဘယ်လိုကြုံရတာရှိလဲ။
ဖြေ - ကျနော်တို့ တနင်္သာရီမြို့ပေါ်မှာဆိုရင် ကလေးနဲ့ မိခင်တွေကာကွယ်ဆေးထိုးပေးတာတွေက အာဏာသိမ်းပြီး ၁ နှစ်လောက်အထိပဲရှိတယ်။ အခုဆိုလုံးဝမရှိတော့ဘူး။ ကိုယ့်ကလေးကို ကာကွယ်ဆေးထိုးချင်ရင် အပြင်ဆေးခန်းမှာ ပိုက်ဆံပေးပြီး သွားထိုးရတယ်။ ပြီးတော့ ခွေးကိုက်ခံရလို့ ခွေးရူးပြန်ကာကွယ်ဆေးထိုးမယ်ဆိုရင်တောင် အရင်ကလို အလကားမထိုးပေးတော့ဘူး။ အပြင်ကဝယ်လာပြီး ထိုးရတယ်။ နိုင်ငံတော်က လုပ်ပေးနိုင်တာဘာမှမရှိတော့ဘူး။ ဆေးရုံတွေသွားပြရင် အရင်နဲ့ မတူတာတွေကတော့ အများကြီးပဲ။ အဓိကမြင်သာတာကတော့ ဝန်ထမ်းအင်အားပေါ့။ အရင်က ၁၀ ယောက်လောက်ရှိရင် အခုက ၃ ယောက်လောက်ပဲ ကျန်တော့တာဆိုတော့ အချိန်တွေ အရမ်းကြန့်ကြာတာပေါ့ဗျ။ ပြီးတော့ ဆိုင်ကယ်မှောက်လာလို့ဆေးသွားထည့်တာတောင် ပတ်တီးနဲ့ ဂွမ်းကအစ ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်။

အသက် ၄၈ နှစ်အရွယ် မြိတ်မြို့ခံအမျိုးသား

မေး - လတ်တလော ဒေသထဲမှာ ဆေးဝါးတွေဝယ်ယူရတာ အခက်အခဲရှိလား။ ဘယ်လိုခက်ခဲနေလဲ။
ဖြေ - ကျနော်တို့ မြိတ်မြို့ပေါ်မှာတော့ ဆေးဝယ်လို့မရှိတာမျိုး အခုလက်ရှိမှာမဖြစ်ဘူး။ တိုက်ပွဲဖြစ်လို့ ကားလမ်းပိတ်တုန်းကတော့ အချို့ဆေးတွေပြတ်သွားတာမျိုးရှိတယ်။ ဒါပေမဲ့ အလားတူဆေးတွေ ဝယ်လို့ရှိတယ်။

မေး - ဆေးတွေရဲ့ ဈေးနှုန်းတွေကရော တက်လာတာရှိလား။ အရင်ကထက် ဘယ်လောက်တက်လာလဲ။
ဖြေ - ဈေးကတော့ တော်တော်လေးတက်တာပေါ့ဗျ။ ၂၀၂၀၊ ၂၀၂၁ လောက်က ချောင်းဆိုးဆေးရည်တစ်ဗူးကို ၁၇၀၀ လောက်ရှိရင် အခုက ၆၀၀၀ ကျောက်လောက်ရှိနေပြီဗျ။ ကျနော့်အမျိုးသမီးဆိုရင် သွေးတိုးရောဂါရှိတော့ သွေးတိုးကျဆေးကို နေ့တိုင်းသောက်နေရတာဗျ။ အဲ့ဆေးဆိုလည်း မပြတ်ဘူးဆိုပေမဲ့ စိတ်ပူတော့ ကြိုဝယ်ထားတာတွေရှိတယ်။ အဲ့သွေးကျဆေးဆို အခုနှစ်စလောက်တုန်းက ၂၀၀၀ ကို အခုဆို ၄၀၀၀ ကျော်နေပြီ။

မေး - အမျိုးအစားတူဆေးတွေက အရည်အသွေးကွာသွားတာတွေရှိလား။
ဖြေ - အဲ့လိုမရှိဘူးဗျ။ ကုမ္ပဏီထုတ်ဆေးတွေပဲဆိုတော့ အရည်အသွေးကတော့ လျှော့လို့မရဘူးလေ။

မေး - ကိုယ့်မှာ ရက်ရှည်စွဲသောက်ရတဲ့ ဆေးတွေကရောဝယ်လို့/ ဆေးရုံတွေမှာ ထုတ်ယူလို့ရနေရဲ့လား။
ဖြေ - မြိတ်မှာက လက်ရှိအထိတော့ တီဘီဆေးတို့ ၊ အေအာတီဆေးတို့ ထုတ်လို့ရနေသေးတယ်။ နယ်ဘက်တွေတော့ တချို့အစိုးရကပေးတဲ့ဆေးတွေမရလို့ မြိတ်မှာ လာထုတ်ရတယ်လို့ သိရတယ်ဗျ။

မေး - နောက်ပိုင်းဆေးတွေ ဝယ်လို့မရတော့မှာနဲ့ပတ်သက်လို့ စိုးရိမ်ချက်တွေရှိလား။
ဖြေ - မြို့ကြီးတွေကတော့ အဲ့လောက်ခက်ခဲမယ်မထင်မိဘူး။ ဒါပေမဲ့ ခုဏကပြောသလို ကျနော့်အမျိုးသမီး ရေရှည်သောက်ရတဲ့ဆေးတွေဆိုရင်တော့ နည်းနည်းကြိုဝယ်ထားတယ်ဗျာ။ သူ့အတွက်တော့ စိုးရိမ်တာပေါ့။

မေး - ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍက အခြေအနေဘယ်လိုရှိနေလဲ။ ဆေးရုံ/ဆေးခန်းတွေမှာသွားပြတဲ့အခါဘယ်လိုကြုံရတာရှိလဲ။
ဖြေ - ကျနော်တို့ဆီမှာတော့ အရမ်းမကွာသွားဘူးဗျ။ ပြီးတော့ ပုဂ္ဂလိကဆေးရုံတွေလည်း ရှိနေတာဆိုတော့လေ။ ရပ်ကွက်ထဲ ကာကွယ်ဆေးလာထိုးပေးတာလည်း ရှိနေသေးတယ်။ ဆေးရုံကြီးမှာတော့ အချို့ဆေးတွေ ဝယ်မရှိလို့ အပြင်မှာ လိုက်ရှာဝယ်ရတာရှိတယ်။

The Tanintharyi Times