အာဏာရှင်တော်လှန်ရေးမှာ အရေးပါတဲ့ တနင်္သာရီတိုင်းမ်က ထောက်ပို့တွေနဲ့ အင်တာဗျူး

အာဏာရှင်တော်လှန်ရေးမှာ အရေးပါတဲ့ တနင်္သာရီတိုင်းမ်က ထောက်ပို့တွေနဲ့ အင်တာဗျူး

“ကျနော်တို့က အဆုံးထိတိုက်မယ်။ ပြည်သူတွေကိုလည်းတတ်နိုင်သလောက်ကာကွယ်ပေးမယ်။ ပြည်သူတွေကလည်း ကျနော်တို့ အခက်အခဲတွေကို နားလည်ပေးပြီး တတ်နိုင်သလောက် ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

လူထုရဲ့ အာဏာရှင်တော်လှန်ရေးမှာ အရေးပါဆုံးက ထောက်ပို့ကဏ္ဍပါ။ တနင်္သာရီတိုင်းရဲ့ ထောက်ပို့ကဏ္ဍကကော ဘယ်လောက်ထိအားရစရာကောင်းနေသလဲ။ ပြီးတော့ ဘယ်လိုအခြေအနေမှာရှိနေလဲ။ တော်လှန်ရေးအတွက် ထောက်ပို့ကဏ္ဍအသီးသီးမှာ နည်းလမ်းအမျိုးမျိုးနဲ့ ပါဝင်နေသူတွေရဲ့ လုပ်ဆောင်ချက်တွေ၊ သူတို့ရဲ့အမြင်တွေ၊ ခံယူချက်တွေကို မေးမြန်းပြီး ဒီတစ်ပတ် “တောင်ပိုင်းသားတို့အသံ” ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။

(တောင်ပိုင်းသားတို့အသံ)

◉ တနင်္သာရီမြို့နယ်က မြေပြင်‌ထောက်ပို့တာဝန်ခံ ကိုမိုးကြိုး

မေး - မြေပြင်ထောက်ပို့တစ်ယောက်အနေနဲ့ အခုကာလမှာ စိတ်ဖိအားအများဆုံးက ဘာဖြစ်မလဲ။

ဖြေ - ကျနော်က နယ်စပ်တွေကနေတဆင့် စစ်မြေပြင်ရှေ့တန်းထိ လက်နက်ကော၊ စားနပ်ရိက္ခာတွေကော အကုန် ထောက်ပို့ပါတယ်။ ဒါတွေလုပ်နေရတာ ဘယ်တော့မှစိတ်ပင်ပန်းတယ်၊ ဖိအားဖြစ်တယ်ဆိုတာမျိုး မရှိပါဘူး။ ကျနော့်တာဝန် ကျေအောင် ထမ်းပါတယ်။ ကျနော့်အထက်ကလူကြီးတွေပေးလိုက်တဲ့တာဝန်ကို ကျနော်အကောင်းဆုံးလုပ်တယ်။

မေး - ထောက်ပို့လုပ်ရာမှာ(လမ်းကြောင်း/ငွေ/ ဆက်ဆံရေး) တော်လှန်ရေးအစပိုင်းနဲ့ အခု အချိန် ဘယ်လိုတွေ ကွာဟသွားပြီလဲ။ အဲ့တာဘာကြောင့်လို့ ထင်လဲ။

ဖြေ - ကျနော်သွားတဲ့လမ်းကြောင်းတွေဆို အန္တရာယ်အရမ်းများလို့ ကျနော့်လူကြီးတွေကလွဲပြီး ဘယ်သူမှမသိဘူး။ တိုးတိုးတိတ်တိတ်လုပ်ရတယ်။ ထောက်ပို့လုပ်တုန်း လမ်းမှာ စကစတွေနဲ့ ၃၊ ၄ ကြိမ် ထိပ်တိုက် တွေ့ဖူးတယ်။ မရိပ်မိဘူး။ တခြားပုံစံနဲ့တွေ့ရင် အမျိုးမျိုးဟန်ဆောင်ပြီး လွတ်လာတာပဲ။ ကင်းပုန်းဝပ်တာတွေနဲ့လည်း အမြဲထိပ်တိုက်တွေ့တယ်။ သူငယ်ချင်းတွေက သတင်းပို့လာရင် ကျနော်ကတော့ ဒီလိုပဲ တခြားလမ်းက ရှောင်ကွင်းပြီးသွားလာရတယ်။ ကျနော်က တနင်္သာရီသားမဟုတ်ပေမဲ့ လမ်းကြောင်းတွေဆို မှတ်မိလွယ်တယ်။ ဒါကြောင့် ဒီအလုပ်ကိုလုပ်တာ။ ပိုက်ဆံနဲ့ ပတ်သက်လာရင်တော့ တခါတလေကျရင် အထက်လူကြီးတွေ ပေးလိုက်တဲ့ပိုက်ဆံနဲ့ မြေပြင်မှာ ပစ္စည်းဝယ်ရင် ငွေတွေက မလောက်ဘူး။ ဒါမျိုးပဲ ကျနော့် ညီမတွေ၊ ယောက်ဖတွေနားကလိုက်တောင်းပြီး ဒါမျိုးပဲ အဆင်ပြေအောင်သွားရတယ်။

အရင်နဲ့ဘာကွာလာတာရှိလဲဆိုရင် ကျနော်တို့အခုအေးအေးချမ်းချမ်းသွားလို့ ရလာတယ်။ ဘာဖြစ်လို့ဆို ကျနော်တို့နယ်မြေစိုးမိုးနိုင်လာလို့။ အရင်တုန်းကဆို နေရာတော်တော်များများကို သတိနဲ့သွားလာရတယ်။ စိုးမိုးနိုင်တဲ့နယ်မြေကျော်သွားရင်တော့ တမျိုးပေါ့လေ။

မေး- ဘာကြောင့်လူကြီးတွေက ပေးလိုက်တဲ့ပိုက်ဆံနဲ့မလောက်မငှဖြစ်တာမျိုးတွေကြုံရတာလဲ။

ဖြေ - ဒါက တခါတလေကျရင် ကုန်စျေးနှုန်းတွေက တက်တာ၊ ကျတာရှိတယ်လေ။ မငြိမ်ဘူး။ ဥပမာ၊ သူတို့က ငါးသောင်းလောက်ပေးလိုက်တယ်။ ကျနော့်အနေနဲ့ နှစ်သောင်း၊ သုံးသောင်းလောက်ကတော့ စိုက်ရတယ်။ ဒါပေမဲ့ ဒါတွေ စိုက်ရလို့ပြောတာ မဟုတ်ဘူးနော်။ ဒါတွေကြောင့် ကျနော်အပြုံးမပျက်ဘူး။ ကျနော် လုပ်နိုင်သလောက်ထိ လုပ်တယ်။

မေး - အလှူရှင်တွေကို မြေပြင်မှာဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ - ကျနော်တို့က အဆုံးထိတိုက်မယ်။ ပြည်သူတွေကိုလည်းတတ်နိုင်သလောက်ကာကွယ်ပေးမယ်။ ပြည်သူတွေကလည်း ကျနော်တို့ အခက်အခဲတွေကို နားလည်ပေးပြီး တတ်နိုင်သလောက် ပါဝင်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒီလောက်ပါပဲ။

◉ ထားဝယ်ခရိုင်ဘက်ကိုအဓိကထားပြီးထောက်ပို့နေတဲ့ ကိုသက်ယံ

မေး - အလှူခံရရှိမှုက ဘယ်လိုအခြေအနေရှိပါသလဲ။ နွေဦးတော်လှန်ရေးစချိန်ကနဲ့ စာရင်ဘယ်လိုကွာဟချက်တွေရှိလာလဲ။

မေး - အလှူခံရရှိမှုက ဘယ်လိုရှိသလဲဆိုရင် နွေဦးတော်လှန်ရေးစခဲ့တဲ့အချိန်ကနဲ့စာရင် သိသိသာသာကို အင်အားလျော့နည်းလာတာကတော့ အသေအချာပဲ။ အရင်က ကမ်ပိန်း တစ်ခုလုပ်ရင် ရက်ပိုင်းအတွင်းမှာတောင် Target(သတ်မှတ်ချက်)က ပြည့်သွားတယ်။ အခုချိန်မှာတော့ ကမ်ပိန်းတစ်ခုကို တစ်လ၊နှစ်လ အချိန်ယူပြီးလုပ်တာတောင် Targetက မပြည့်ဘူးဗျာ။

မေး - ဘာကြောင့် ဒီလိုကွာလာတယ်လို့ ထင်ပါသလဲ။

ဖြေ - ဘာဖြစ်လို့ဒီလို ကွာဟသွားလဲဆိုရင် စီးပွားရေးအကြပ်အတည်းကြောင့်ရယ်၊ နောက်ပြီး တော်လှန်ရေးကိုအသုံးချပြီး လိမ်လည်နေတဲ့သူတွေကြောင့် ပြည်သူတွေက တကယ်ထောက်ပို့ပိုင်းတာဝန်ယူထားရတဲ့သူတွေကိုပါ ယုံကြည်မှုကင်းမဲ့လာလို့ပါ။

မေး - အလှူငွေဒီထက်ပိုရဖို့ ဘာတွေ လုပ်မယ်လို့ စိတ်ကူးထားတာရှိလဲ။

ဖြေ - အလှူငွေဒီထက်ပိုရအောင်ဆိုပြီး သီးသန့် Planချထားတာမျိုးတော့ မရှိဘူးဗျာ။ ဒါပေမဲ့ အခုကျနော်တို့ တနင်္သာရီဖက်က PDFအဖွဲ့တွေအတွက် လက်နက်ခဲယမ်းတွေဝယ်ယူနိုင်ဖို့အတွက်ဆိုပြီး တော်လှန်ကံစမ်းမဲတွေကို ပြည်ပက ထောက်ပို့အဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးနေပါတယ်။ မဲရောင်းပြီးရတဲ့ ပိုက်ဆံတွေကိုတော့ ထားဝယ်လေးမြို့နယ်က PDFအဖွဲ့တွေကို အချိုးကျ ထောက်ပံ့ပေးနေရတာပေါ့ဗျာ။ ကြားထဲမှာ အရေးပေါ်လိုအပ်လာတာရှိရင်တော့ ကျနော်အကောင့်ကနေပြီး အလှူခံပေးပါတယ်ဗျာ။

မေး - အလှူငွေလိမ်တာတွေ၊ တပ်ဖွဲ့တွေ ဘက်ကူးတဲ့သတင်းတွေက အလှူခံတဲ့နေရာမှာ သက်ရောက်မှု ရှိလား။ ရှိရင် ဘယ်လိုဖြေရှင်းနေလဲ။

ဖြေ - အလှူငွေလိမ်တာတွေ၊ တပ်ဖွဲ့တွေ ဘက်ကူးတဲ့ သတင်းတွေက အလှူခံတဲ့နေရာမှာ အများကြီးသက်ရောက်မှုရှိပါတယ်။ အဓိကက ပြည်သူကို မျက်နှာမူပြီးလုပ်နေရတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေက အယုံအကြည်မရှိလာရင် တော်လှန်ရေးက လိုသလောက် ခရီးမရောက်တော့ဘူးဗျာ။ ကျနာ်တို့ ထောက်ပို့တွေဆိုတာ PDFအဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာရှိတာပါ။ ဥပမာပေါ့ဗျာ လက်နက်ကိုင်အဖွဲ့တစ်ခု သေနတ်တစ်လက်ဖိုးအကူညီတောင်းလာရင် ဆိုပါတော့။ အဲဒီမှာ ကျနော်တို့က ပြည်သူတွေမှာတဆင့် သေနတ်တစ်လက်ကို ဘယ်လောက်ပါလို့ပြောပြီး အလှူခံပေးတယ်။ ပြည်သူတွေကလည်း ယုံယုံကြည်ကြည်လှူပေးလို့ ပြည့်သွားရင် ကျနော်တို့ကလည်း မှန်မှန်ကန်ကန်နဲ့ အဲကရတဲ့ပိုက်ဆံတွေကို အကူညီတောင်းထားတဲ့အဖွဲ့တွေဆီ ပြန်ပြီပို့ပေးရတယ်။ အဖွဲ့တွေဆီက လက်နက်ကို ထောက်ပို့ဘယ်သူဘယ်ဝါက အကူညီပေးလို့ ပြည့်သွားပါတယ်ဆိုပြီး ပြည်သူတွေကို ပြန်တင်ပြပေးဖို့လိုအပ်တာပေါ့ဗျာ။ အဲဒါမှလည်း ကျနော်တို့ထောက်ပို့လုပ်နေတဲ့သူတွေကို ပြည်သူတွေကယုံကြည်မှုရှိလာမှာပါ။ ကျတော်က ဘယ်အဖွဲ့ကိုပဲ ထောက်ပံ့ထောက်ပံ့ Certificate(အသိအမှတ်ပြုလက်မှတ်) ကိုအမြဲတမ်းတောင်းလေ့ရှိပါတယ်။ ချွေးနည်းစာနဲ့ရှာပြီးလှူထားတဲ့ပိုက်ဆံတွေကို ကျတော်ကြောင့်အလွဲသုံးစားဖြစ်သွားမှာ အရမ်းကြောက်တယ်။

မေး - အလှူခံတဲ့အချိန် အလှူရှင်တွေနဲ့ ယုံကြည်မှုရအောင် ဘယ်လိုတည်ဆောက်လဲ။

ဖြေ - တော်လှန်ရေးမှာ ရိုးသားဖို့လိုတယ်။ တော်လှန်ရေးကို သစ္စာမဖောက်ဖို့လိုတယ်။ တော်လှန်ရေးက ပြည်သူတွေကို မျက်နှာမူထားတာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ချွေးနည်းစာတွေနဲ့လှူထားတာတွေကို မှန်မှန်ကန်ကန် ကျနော်တို့က ပြန်တင်ပြပေးဖို့လိုအပ်တယ်။ အဲဒါမှလည်း ပြည်သူတွေက သူတကယ်အလုပ်လုပ်ပါလားဆိုပြီး ယုံယုံကြည်ကြည်နဲ့ လာလှူပေးကြတာပါ။ ကျနော်အမြဲလက်ကိုင်ထားတဲ့ စကားလိုပဲ “Honest is the best policy” ပေါ့ဗျာ။

◉ ပုလောမြို့နယ်က လစဥ်ပုံမှန်ထောက်ပို့နေသူ အမျိုးသားတစ်ဦး

မေး - ဘယ်လိုပုံစံမျိုး တော်လှန်ရေးအတွက် ထောက်ပို့တာတွေ လုပ်နေလဲ။

ဖြေ - ထောက်ပို့ကတော့ ဒီမှာ(ပြည်ပတစ်နေရာ)ရှိတဲ့သူတွေ ကိုယ်တတ်နိုင်သလောက်စည်းရုံးပြီး လုပ်အားခထဲကနေ ဆန္ဒရှိသလောက်ပေးပို့လာတဲ့ငွေတွေကိုစုပြီး ပုလောသွေးချင်းတို့ကနေတဆင့်လိုအပ်တဲ့နေရာတွေကို (လက်နက်၊ ရိက္ခာ၊ စစ်ဘေးရှောင်၊ LPDF)တွေကိုထောက်ပံ့ပေးပါတယ်။

မေး - အခုလိုထောက်ပို့ရာမှာ အရင်နှစ်တွေကထောက်ပို့လုပ်ခဲ့တာနဲ့ အခုထောက်ပို့လုပ်တာ ဘာတွေကွာခြားသွားလဲ။

ဖြေ - လစဥ်တော့ လုပ်အားခအထဲကနေ ပုံမှန်အခုထိထောက်ပို့နေတာပဲ။ စိတ်ထဲတော့ တော်လှန်ရေးကြာလာတာကတစ်ကြောင်း မိသားစုအတွက်လည်းပြေးနေရတော့ ထောက်ပံ့နေရတာကတစ်ကြောင်း ပိုပြီးခက်ခဲလာတာအမှန်ပဲ။ မနည်းရုန်းကန်နေရတာပေါ့။ လစဥ် NUGဆီက တိုက်ခန်းဖိုးသွင်းနေရတာတောင် လစဥ်မသွင်းနိုင်ဘူးဖြစ်နေတယ်။ ဟိုကအကူညီလာတောင်း ဒီကအကူညီလာတောင်းနဲ့ ကိုယ့်မှာကလည်း အကန့်အသန့်ရှိတယ်လေနော်။ ကိုယ်ကိုယ်တိုင်စားဝတ်နေရေးအရင်ထက် ပိုကျပ်တည်းလာတယ်။ တော်လှန်‌ရေးကို မြန်မြန်ပြီးစေချင်နေပြီလို့ အမြဲတွေးဖြစ်တယ်။ အရင်နှစ်ကလူထုက ပိုပြီးထောက်ပံ့ကြတယ်။ အခုနှစ်ကတစ်ဖြေးဖြေးနည်းနည်းလာတယ်။ လူထုလည်း တော်လှန်ရေးကိုစိတ်ဝင်စားမှုမလျော့သွားပေမယ့် ထောက်ပို့မှုအားလျော့လာတာတော့ အမှန်ပဲ။

မေး - ဘာကြောင့်အခုလိုကွာခြားသွားတာလဲ။

ဖြေ -တော်လှန်ရေးအချိန်ကြာလာတာနဲ့အမျှရေရှည်ဆိုတော့ စိတ်ရော၊ ထောက်ပို့မှုရော ပိုခက်ခဲလာကြတယ်။ မြေပြင်လှုပ်ရှားမှုတွေကိုအားမလိုအားမရ ဖြစ်တာလည်းရှိတယ်။ တော်လှန်ရေးအဖွဲ့က တစ်ချို့သောသူတွေရဲ့ ပြည်သူလူထုအပေါ်ဆက်ဆံပုံကို မကြိုက်ကြတာလည်းရှိတယ်။ တော်လှန်ရေးသတင်းတွေက တခါတလေ ပြည်သူလုထုကို false hope(မျှော်လင့်ချက်အမှား) တွေခံစားရစေတာလည်းပါတာပေါ့။ စည်းကမ်းရှိပြီး စနစ်ကျတဲ့ ထိန်းသိမ်းကြပ်မတ်မှုကောင်းတဲ့ ပြည်သူ့တပ်မတော်၊ ပြည်သူလူထုကို အလေးထားတဲ့ ရဲဘော်တွေအဖြစ် မြင်ချင်တာပေါ့။ တချို့တွေရဲ့အပြုအမူတွေက တခါတလေ ပြည်သူလူထုကိုစိတ်ပျက်စေတာလည်းပါတယ်။

◉ ပုလောမြို့နယ်က Clicker အမျိုးသားတစ်ဦး

မေး - ကြော်ငြာကနေဝင်ငွေရအောင်ဖန်တီးထားတဲ့ တော်လှန်ရေးapp/web/YouTube တွေကို အရင်လို ပုံမှန် ကြည့်နေတုန်းပဲလား။ ဘယ်လိုစိတ်ခံယူချက်မျိုးနဲ့ အခုလို Click ဖြစ်တာလဲ။

ဖြေ - အရင်လိုပဲပုံမှန် Click ဖြစ်ပါတယ်။ ဘယ်လိုခံယူချက်မျိုးနဲ့ Click တယ်ဆိုတော့ ဒီတော်လှန်ရေးမှာ အဆုံးထိပါဝင်ချင်တာပါ။ Click တာလည်းစစ်အာဏာရှင်ကိုတော်လှန်ရာမှာ လိုအပ်တဲ့ထောက်ပို့ဝင်ငွေ စီးကြောင်းတစ်ခုပဲလေ၊ အဲဒါကြောင့်ပါ။

မေး - Click တဲ့နေရာမှာ ဘာတွေကိုအဓိကထားပြီး ပုံမှန်လုပ်ဆောင်လဲ။

ဖြေ - အဓိကထား Click တာက You Tube channel၊ PDF Game၊ Thadin app၊ PD fitness app တွေ။ တစ်ခြားကလစ်appတွေလည်းရှိပါသေးတယ်။ အပေါ်က app တွေကတော့အများဆုံး Click ဖြစ်တာတွေပါ။

မေး - အရင်နှစ်တွေကနဲ့ လတ်တလောအခြေနေနဲ့ စာရင် Click တဲ့နေရာမှာ ကွာခြားလာတာတွေရှိလား။

ဖြေ - ကွာဟမှုမရှိပါဘူး ပုံမှန်ပါပဲ။

The Tanintharyi Times