မ,လို့ ခေါ်သံ

မ,လို့ ခေါ်သံ

ရက်လရှည်ကြာစွာ တသီးတခြား ရှိကြရတဲ့အခါ အကျဉ်းသားတွေဟာ မ,ဆိုတဲ့ စကားလုံးကို လျှာဖျားပေါ်မှာ ကိုယ့်ဘာသာတင်ပြီး အရသာတွေ့ကြပါတယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ထဲကို ရောက်လာကြသူတွေထဲ ကျောင်းဆရာတွေလည်း ပါကြပါတယ်။ စီဒီအမ်လုပ်တာ၊ ဆန္ဒပြမှုတွေမှာ ပါတာ စတဲ့ အကြောင်းပြချက်တွေနဲ့ပါပဲ။ ကျောင်းဆရာ လေးငါးယောက်လောက်နဲ့ သူ ဆုံတွေ့ခဲ့ရပါတယ်။

အထဲရောက်လို့ အနေကြာလာတဲ့အခါ တခြားအကျဉ်းကျဖော်ကျဖက်တွေနဲ့ ခင်မင်ရင်းနှီးလာကြတာ သဘာဝပါပဲ။ အကျဉ်းအကျပ်ထဲမှာ နေကြရတယ်ဆိုပေမဲ့လည်း အချင်းချင်း စကြနောက်ကြ၊ ကစားကြနဲ့ စတာတွေနဲ့ မွန်းကျပ်မှုတွေကို မေ့လျော့ထားကြရပါတယ်။

အရွယ်တွေကလည်း ၁၈-၂၀ ဝန်းကျင်တွေက အများသားမို့ သူတို့တတွေဟာ အမြဲလိုလိုပဲ အဲဒီလို နေတတ်ကြပါတယ်။

သိပ်မကြာခင်မှာပဲ အဲဒီလူငယ်လေးတွေနဲ့ အဖွဲ့ကျသွားတဲ့ ကျောင်းဆရာတချို့ဟာ သူတို့အတွက် နာမည်သစ် ရသွားပါတော့တယ်။ ‘ဆရာမ’တဲ့။ နာမည်အရင်းကို မခေါ်ကြတော့ပါဘူး။ အနေအထိုင် တည်တဲ့ ဒါမှမဟုတ် အသက်အရွယ်ကြီးတဲ့ သူတွေကိုတော့ ‘ကျောင်းဆရာ’လို့ တလေးတစားခေါ်ကြပါတယ်။ လူငယ်အုပ်စုကြားမှာ ရောရောနှောနှောနဲ့ ပျော်ပျော်နေတတ်သူ ကျောင်းဆရာတွေကိုတော့ ‘ဆရာမ’ လို့ပဲ ခေါ်ကြတော့တာပါပဲ။

အခေါ်ခံရတဲ့သူအဖို့ ဘယ်လိုရှိမယ် မပြောတတ်ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ အသားကျသွားလို ဖြစ်နေပါတယ်။ “ဆရာမရေ’လို့ ခေါ်လိုက်တဲ့ဟာ အခေါ်ခံရသူဟာလည်း စိတ်ဆိုးပုံ မပြတော့ပါဘူး။

ထောင်ရဲ့ အဆောင်ခန်းတွေမှာ အခန်းတွေရဲ့ ကိစ္စအဝဝကို စီမံကြီးကြပ်ဖို့ အကျဉ်းသားတွေကို တာဝန်ချထားပေးတာကလည်း ထောင်တွေရဲ့ ထုံးစံပါပဲ။ တာဝန်ချထားပေးတယ်ဆိုပေမဲ့ တကယ်မှာတော့ အဲဒီနေရာတွေရဖို့ ဝန်ထမ်းဖြစ်တဲ့ အဆောင်မှူးတွေကို ချဉ်းကပ်ရ၊ ပိုက်ဆံပေးကြရ လုပ်ရတာပါ။

သူတို့တွေကတော့ သူကြီးလို့ ခေါ်တဲ့ တန်းစီးရှိမယ်။ အခန်းလူကြီးလို့လည်း ခေါ်ကြပါတယ်။ ပြီးတော့ စည်းကမ်းထိန်းရှိမယ်၊ ပြီးတော့ ပုံစံမှူးရှိမယ်။ စာရေးရှိမယ်။ တန်းစီးကတော့ လုပ်ပိုင်ခွင့် အကြီးဆုံးပါပဲ။ အခန်းထဲမှာ သူ့အဆုံးအဖြတ်က နောက်ဆုံးပါပဲ။

စည်းကမ်းထိန်းကတော့ အကျဉ်းသားတွေရဲ့ နေထိုင်ပြောဆိုပုံတွေနဲ့ပတ်သက်ပြီး အမြင်မတော်တဲ့သူတွေကို ခေါ်ယူ ဆုံးမ၊ သတိပေး၊ အပြစ်ပေး၊ ရိုက်နှက်၊ ထိုးကြိတ် စသဖြင့် လုပ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တော့ စရိုက်ချင်း ကွာမှာပေါ့။

ပုံစံမှူးကတော့ ပုံစံ-၁၊ ၂၊ ၃ စတာတွေကို သင်ပေးရပါတယ်။ သူတို့တွေအများစုကတော့ အရပ်အခေါ ‘မိုက်’ တယ်ဆိုတဲ့ သူတွေပါပဲ။ ဆဲရဲ၊ ဆိုရဲ၊ လက်ပါရဲတဲ့သူတွေပေါ့။

စာရေးဆိုတဲ့တစ်ယောက်ကတော့ များသောအားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်ဖတ်တတ်၊ စာရင်းဇယားနိုင်တဲ့သူတွေကို တာဝန်ပေးလေ့ရှိပါတယ်။ သူ့အလုပ်က အခန်းထဲမှာရှိတဲ့ အကျဉ်းသားတွေရဲ့ ကိုယ်ရေးမှတ်တမ်းတွေ၊ အိပ်ရာချထားပုံတွေ၊ အကျဉ်းသားတွေရဲ့ အလုပ်တာဝန်တွေ၊ ထောင်ရဲ့ နေ့စဉ်ကျွေးမွေးမှုစာရင်းတွေ စတာတွေကို ပြုစုမှတ်တမ်းတင်ရတာ ဖြစ်ပါတယ်။

အဲဒီစာရေးတွေကိုလည်း နာမည်မခေါ်ကြသလို စာရေးလို့လည်း မခေါ်ကြဘဲ ‘စာရေးမ’ ဆိုပြီး ‘မ’ ထည့်ခေါ်ကြပါတယ်။

ထောင်ကို ရောက်ခါစမှာတော့ ယောက်ျားတစ်ယောက်ကို မိန်းကလေးလို သဘောထားပြီး ‘မ’ ထည့်ခေါ်နေတဲ့အပေါ် သူ့နားထဲမှာ ကြားလို့ အဆင်မပြေဖြစ်နေခဲ့ပါတယ်။ အခေါ်ခံရတဲ့သူတွေကို ကြည့်တဲ့အခါမှာလည်း ဘာမှ မဖြစ်သလိုပါပဲ။

နောက်ပိုင်းကျမှ ကျောင်းဆရာတွေကိုလည်း ‘ဆရာမ’ လို့ ဝိုင်းခေါ်ကြတာကို တွေ့တဲ့အခါမှ ထောင်ရဲ့ အလေ့အကျင့်မှန်း နားလည်ရပါတော့တယ်။ ဟုတ်ပါတယ်။ အဲဒါဟာ ဒါက ထောင်ရဲ့ သွင်ပြင်လက္ခဏာတွေထဲက တစ်ခုဖြစ်မှာပါပဲ။

ရက်ပေါင်းများစွာ၊ လပေါင်းများစွာ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ အမျိုးသမီး ‘မိန်းမ’ တွေကို မြင်တွေ့ရခြင်း၊ အသံကြားရခြင်း မရှိတဲ့အခါ စိတ်အာသာပြေဖို့ ဒါမှမဟုတ် အနည်းဆုံး ပါးစပ်အရသာခံဖို့ရာအတွက် ‘မ’ တစ်လုံးထည့်ပြီး ခေါ်လိုက်ကြတာ ဖြစ်မှာပါပဲ။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ အမျိုးသမီးဆောင်က အကျဉ်းသူတွေမှာတော့ ဘယ်လို ရှိမယ်ဆိုတာတော့ မသိပါဘူး။

အမျိုးသားအကျဉ်းသားတွေနဲ့ အမျိုးသမီးအကျဉ်းသူတွေကို ကူးလူးဆက်သွယ်မှုမရှိရလေအောင် ဒါမှမဟုတ် ကြုံကြိုက်မြင်တွေ့နေလို့မရအောင် အကျဉ်းထောင်တာဝန်ရှိသူတွေဟာ အထူးသတိထားပြီး စီမံလေ့ရှိကြပါတယ်။

အဆောင်အပေါ်ကနေ လှမ်းပြီး ကြည့်လို့ မမြင်နိုင်ဖို့ကိုလည်း အကွယ်အကာတွေ လုပ်ထားတတ်ပါသေးတယ်။ ဒါ့အပြင် အမျိုးသမီးဝန်ထမ်းတွေကိုလည်း အကျဉ်းသားတွေက ငေးခွင့်၊ ကြည့်ခွင့် မရှိကြပါဘူး။ ကြည့်မိရင် အပြစ်ပေးခံရတတ်ပါတယ်။

ခြွင်းချက်အနေနဲ့ ဆွေမျိုးအရင်းအချာတွေ၊ လင်မယားဖြစ်သူတွေကို နှစ်ပတ်တစ်ခါ တွေ့နိုင်ဖို့ စီမံပေးပါတယ်။ အဲဒီအခါမျိုးမှာ သာကြောင်းမာကြောင်း စကားပြောနိုင်ကြ၊ စားသောက်စရာတွေ၊ လက်ဆောင်ပစ္စည်းကလေးတွေ ဖလှယ်ကြ လုပ်နိုင်ကြပါတယ်။ တချို့တွေဟာ လင်ရော၊ မယားရော ထောင်ကျနေကြပါတယ်။ အပြင်မှာကျန်ခဲ့တဲ့ လူမမယ် သားသမီးတွေအတွက်တော့ ကြီးစွာသောစိတ်မကောင်းဖွယ်ရာတွေပါပဲ။

ဒါကြောင့် အကျဉ်းသားတွေဟာ တရားရုံးထွက်ရတဲ့အခါ ရွှင်ပြလေ့ရှိကြပါတယ်။ တချို့သူတွေက အမှုတွဲထဲမှာကိုက အမျိုးသား၊ အမျိုးသမီး ရောပါနေတာမို့ ရုံးထွက်ရတဲ့အခါတွေမှာ ဆုံတွေ့ခွင့်၊ စကားပြောခွင့် ရကြလို့ပါပဲ။ ဒါမှမဟုတ်ရင်လည်း တရားသူကြီးမတွေ၊ ရှေ့နေမတွေကို ငေးခွင့်၊ ငမ်းခွင့် ရကြတာပေါ့။

အဆောင်ပြန်ရောက်လာတဲ့အခါမှာတော့ အဲဒီအကြောင်းတွေကို ဇာချဲ့ပြီး ပြောမဆုံးပေါင် တောသုံးထောင် စားမြုံ့ပြန်ကြပါတယ်။

အကျဉ်းသားတွေရဲ့ အဆောင်တွေဟာ နှစ်ထပ်ဖြစ်ကြတာမို့ အပေါ်ထပ်ကနေဆိုရင် အုတ်ရိုးအပြင်ကိုကျော်ပြီး ပတ်ဝန်းကျင်ကို ကြည့်နိုင်ကြပါတယ်။ အုတ်ရိုးရဲ့တစ်ဖက်မှာ ထောင်ဝန်ထမ်းတွေရဲ့ နေအိမ်အဆောင်တွေ ရှိကြပါတယ်။

အကျဉ်းသားတစ်ယောက်ပြောပြတဲ့ ကိုယ်တွေ့ဇာတ်လမ်းတစ်ပုဒ်က ဒီလိုပါ။ တစ်ခါတုန်းက အကျဉ်းသားတချို့ဟာ အုတ်ရိုးအပြင် ပတ်ဝန်းကျင်ကို လှမ်းငေးနေတာကို ဝန်ထမ်းအရာရှိတစ်ယောက်က သူ့အိမ်ကနေလှမ်းတွေ့သွားပြီး ရှူးရှူးရှဲရှဲ ဒေါသထွက်ပါသတဲ့။ ပြီးတော့မှ ထောင်ထဲကို ရောက်လာပြီး စောစောက အကျဉ်းသားတွေကို ခေါ်ပြီး ထိုးကြိတ်ရိုက်နှက်ပါသတဲ့။ အကြောင်းကတော့ သူ့ဇနီးကို အကျဉ်းသားတွေက လှမ်းပြီး ကြည့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပါပဲ။ တကယ်တော့လည်း အကျဉ်းသားတွေဆိုတာက ပိတ်လှောင်ခံဘဝတွေမို့ ကျယ်ပြောတဲ့ပတ်ဝန်းကျင်ကို မြင်ရတဲ့အခါ သူ့အလိုလို ငေးကြည့်နေမိတ်ရက်သားလည်း ဖြစ်တတ်ကြပါတယ်။ မြင်ကွင်းထဲမှာ ကြုံကြိုက်သွားတာလည်း ဖြစ်နိုင်တာပါပဲ။

တစ်ခါတလေမှာတော့ အကျဉ်းသားတချို့ဟာ အမျိုးသမီးအကျဉ်းသူတွေရဲ့ အဆောင်ကို သွားခွင့်ရကြပါတယ်။ ဒါကလည်း မဖြစ်မနေ အကြောင်းပေါ်လာတဲ့အခါမျိုးမှပါပဲ။ အမျိုးသမီးအဆောင်မှာ ရေပိုက်ပျက်တာ ပြင်ဖို့၊ အဆောက်အအုံ ပြင်တာ၊ ခေါင်မိုးတွေ အပေါက်ဖာတာ စတဲ့ အကြောင်းတွပါပဲ။ ပုံမှန်ကတော့ အကျဉ်းထောင်ထဲမှာ အနေကြာပြီးဖြစ်တဲ့၊ ယုံကြည်စိတ်ချရတဲ့ အကျဉ်းသားကိုပဲ အဲဒီလိုကိစ္စတွေမှာ တာဝန်ပေးလေ့ရှိပါတယ်။ တချို့ကျတော့လည်း အဲဒီလို သွားခွင့်ရဖို့ ဝန်ထမ်းတွေကို လာဘ်သိပ်ထိုးကြပါတယ်။ ဆန့်ကျင်ဘက်လိင်ကို မြင်ခွင့်ရတာ၊ အသံကြားရတာအတွက် ကျေနပ်မှုကို ခံစားချင်ကြတာ ဖြစ်မှာပါပဲ။

အဆောင်ကို အမျိုးသားအကျဉ်းသားတွေ ရောက်လာတတ်တဲ့ အဲဒီလိုအခါမျိုးမှာ အကျဉ်းသူတွေဟာလည်း မထိတထိ စကြ၊ နောက်ကြလုပ်တတ်ကြတယ်လို့ ဆိုပါတယ်။

ထောင်ထဲရောက်လာသူတွေထဲမှာ ကနွဲ့ကလျအမျိုးသားတွေလည်း ပါလာတတ်ပါတယ်။ လူဆိုတာကလည်း စရိုက်အမျိုးမျိုး၊ ဖြစ်တည်မှု အထွေထွေပဲ မဟုတ်လား။ တချို့ကျတော့လည်း ထောင်ထဲကို ရောက်ခါစမှာ သရုပ်သကန် မပေါ်လွင်ပေမဲ့ အနေကြာလာတဲ့အခါမှာတော့ ဇာတိပြလာတာမျိုးတွေလည်း ရှိပါတယ်။ သူတို့တွေအနားမှာဆိုရင် အကျဉ်းသားတွေဟာ နေ့ညမပြတ် တစုစုတရုံးရုံးနဲ့ ဖြစ်နေပါတော့တယ်။

တည်တည်ကြည်ကြည်နေချင်ကြသူတွေအတွက်တော့ မျက်စိနောက်ဖွယ်၊ ရှက်ဖွယ်တွေပါပဲ။ တချို့တွေကျ ဇာတ်လမ်းတွေ၊ အဆက်တွေ ဖြစ်သွားကြတာမျိုးလည်း ရှိပါတယ်။

တစ်ခါတော့ ကရင်လေးတစ်ယောက် ၅၀၅ ပုဒ်မနဲ့ ထောင်ထဲကို ရောက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ‘ကရင်မ’ ဆိုတဲ့ အမည်ကို ကင်ပွန်းတပ်ပေးလိုက်ကြပါတော့တယ်။ ဒီလိုပါပဲ။ စီဒီအမ်ရဲဝန်းထမ်းတွေဟာ ထောင်ထဲမှာ ‘ရဲမေ’ ဆိုတဲ့ အမည်ကို ပိုင်ဆိုင်ကြရတော့တာပါပဲ။

ဒီလိုနဲ့ပဲ “ဆရာမ ကော်ဖီတိုက်ပါဦး” ဆိုတာတွေ၊ “ကရင်မရေ ထောင်ဝင်စာလာတယ်” ဆိုတဲ့ အသံတွေ၊ “ရဲမေ ငါ့ကို နင်းပေးစမ်းပါ” ဆိုတဲ့ စကားတွေဟာ ထောင်နံရံတွေထဲမှာ လွင့်ပျံ့လို့ နေပါတယ်။

ဒါတွေဟာ အကျဉ်းသားတွေအတွက် အိမ်လွမ်းနာကို သက်သာစေသလား၊ ပိုတိုးစေသလားတော့ မပြောတတ်ပါဘူး။

ရင့်ပြည့်

The Tanintharyi Times