မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဒရုန်းနဲ့တိုက်ခိုက်

မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဒရုန်းနဲ့တိုက်ခိုက်

ဓာတ်ပုံ – KBDF

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် မောရဝတီရေတပ်စခန်း ဌာနချုပ်က အရာရှိအိမ်ရာကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄)ရဲ့ ဒရုန်းတပ်ဖွဲ့ ကထုတ်ပြန်ပါတယ်။

ရေတပ်စခန်းကို အခုလ ၁၅ ရက်နေ့မနက်ပိုင်းက ၈၁ မမ ဗုံးသီးတစ်လုံး၊ ၆၀ မမ ဗုံးသီးလေးလုံးတို့ကို SF-Z ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ပထမဆုံးဌာနချုပ်မှူးအိမ်နဲ့ အဲဒီနားကအရာရှိတန်းလျားကို ဗုံးသီးချတယ်။ အရာရှိတန်းလျားပေါ်ကိုတည့်တည့်ကျတယ်။ ပြီးတော့ ဗိုလ်နဲ့ဒုဗိုလ်အိမ်ကိုချတယ်။ အဲဒီအိမ်တွေမှာတော့မီးခိုးလုံးတွေပါမြင်ရတယ်” လို့သွားရောက်တိုက်ခိုက်ရာမှာပါဝင်တဲ့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDF ရဲဘော်တစ်ဦးကပြောပါတယ်။

ထုတ်ပြန်ချက်မှာလည်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်မောရဝတီရေတပ် ဌာနချုပ်မှူး နေအိမ်အပါအဝင် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို ကျဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရှိပြီး ဆက်လက်စုံစမ်းနေတယ်လို့ ဖော်ပြထားပါတယ်။

“အဓိကကတော့ မောရဝတီဌာနချုပ်ဟာ ကံပေါက်မှာ အင်အားအကောင်းဆုံး ဌာနချုပ်ဖြစ်နေတယ်။ပြည်သူတွေကိုလည်း အမျိုးမျိုး ဒုက္ခပေးနေတယ်။သူတို့ကို ပြိုကွဲအောင်တော့ တနည်းနည်းနဲ့ ကျနော်တို့ ဆက်လုပ်နေမှာပဲ” KBDF တာဝန်ခံကပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မောရဝတီရေတပ်စခန်းဌာနချုပ်ထဲကနေ အနီးအနားကကျေးရွာတွေကို လက်နက်ကြီးအကြိမ် ၂၀ ထက်မနည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်ကတော့ ထိခိုက်မှုတစုံတရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

အခုတိုက်ခိုက်တဲ့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KBDFဟာ Local PDFအဖြစ်ရပ်တည်လာရာကနေ အခုလ ၁၃ ရက်နေ့ကစလို့ စစ်​ဒေသခွဲ အမှတ်-၃ ဒေါနစစ်ကြောင်းရဲ့ တပ်ခွဲ ၄ အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့လည်း ဒီနေ့မှာကြေညာလိုက်ပါတယ်။

အလားတူစစ်ဒေသခွဲ အမှတ်-၃ ကလည်း ဒေါနစစ်ကြောင်းရဲ့ နယ်မြေခံတပ်ဖွဲ့ဖြစ်တဲ့ KBDFရဲဘော်တွေနဲ့ MSRO ရဲဘော်တွေကို ချေမှုန်းရေးတပ်ခွဲတခုအဖြစ် တာဝန်ထမ်းဆောင်ရန်ခွင့်ပြုကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times