ရေဖြူက ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခံရပြီး ရဲဘော်နှစ်ဦးကျဆုံး

ရေဖြူက ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ခိုက်ခံရပြီး ရဲဘော်နှစ်ဦးကျဆုံး

ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်တွေ အလစ်ငိုက် တိုက်ခိုက်ခံရလို့ ရဲဘော်နှစ်ဦး ကျဆုံးပြီး ထိခိုက်မှုတွေလည်းရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

အခုလ ၁၅ ရက်နေ့ မွန်းလွဲပိုင်းမှာ ဧကနိရွာဘက်ကိုတိတ်တဆိတ် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီပစ်မှုအတွင်း ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က အသက် ၂၃ နှစ်အရွယ် ရဲဘော်တွတ်ပီနဲ့ နောက်ထပ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးတို့ကျဆုံးခဲ့တာပါ။

“ကျနော်တို့ ကင်းယူဖို့အသွားမှာ သူတို့ (စစ်ကောင်စီတပ်သားတွေ)ကကျနော်တို့ထက်အရင် ကြိုရောက်နေတာပါ။ အဲဒီအချိန်မှာ ချောင်းပစ်ခံရတာပါ” လို့ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) ရဲ့တာဝန်ခံကပြောပါတယ်။

ကျဆုံးရဲဘော်နှစ်ဦးအနက် အသက် ၃၀ ဝန်းကျင်အရွယ်ရဲဘော်ကိုတော့ စစ်ကောင်စီတပ်သားတွေက ကျောက်တုံးနဲ့ခေါင်းကို ထုသတ်ခဲ့တာလို့သိရပါတယ်။

“စာသင်ကျောင်းနားကလမ်းပေါ်မှာတောင် သွေးတွေကျန်နေသေးတယ်။ ကျောက်တုံးနဲ့ထုသတ်ခဲ့တာ” လို့အလောင်းကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောပါတယ်။

ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း အသက် ၃၀ အရွယ်ရဲဘော်မှာ သေနတ်ဒဏ်ရာမတွေ့ဘဲ ဖမ်းပြီးမှ ကျောက်တုံးနဲ့မသေသေအောင်ထုသတ်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

KBDF ကအသက် ၂၃ နှစ်အရွယ်ကျဆုံးရဲဘော်တွပ်ပီရဲ့အလောင်းကိုတော့ မနေ့ကအမိန့်စာပြန်ပြီး သင်္ဂြိုဟ်လိုက်တယ်လို့သိရပါတယ်။

အဲဒီပစ်ခတ်မှုတွေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေအသေစိတ်ကိုတော့ မသိရသေးပါဘူး။

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ရေနက်ဆိပ်ကမ်းတပ်စခန်းကို အခုလ ၁၁ ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေ ကား ၇ စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး နဘုလယ်ဒေသနဲ့အနီးအနားရွာတွေကို စစ်ကြောင်းထိုးသွားလာနေတာပါ။

လက်ရှိမှာလည်း စစ်ကောင်စီတပ်သားတွေ တပ်စခန်းနဲ့အနီးအနားကရွာတွေမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။

The Tanintharyi Times