လောင်းလုံးက စစ်ဆင်ရေးနှစ်ခုအတွင်း လက်နက်ကြီးမတော်တဆဖြစ်ပြီး ရဲဘော်တစ်ဦးကျဆုံး

လောင်းလုံးက စစ်ဆင်ရေးနှစ်ခုအတွင်း လက်နက်ကြီးမတော်တဆဖြစ်ပြီး ရဲဘော်တစ်ဦးကျဆုံး

လောင်းလုံးမြို့နယ်မှာ ရဲစခန်းနဲ့စစ်ကောင်စီတပ်စခန်းကိုဝင်ရောက်တိုက်ခိုက်တဲ့စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးမတော်တဆဖြစ်ပြီးကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကသိရပါတယ်။

အခုလ ၁၂ ရက်နေ့ည ၁၀နာရီခွဲလောက်မှာ လောင်းလုံးမြို့မရဲစခန်းနဲ့ သဲပုံရွာက အင်းဝတောင်စစ်ကောင်စီစခန်းတို့ကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကြောင်း၂ ခုခွဲပြီး လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

လောင်းလုံးမြို့မရဲစခန်းကို ၈၁ မမ လက်နက်ကြီး ၄ ချက်ပစ်ခတ်ခဲ့သလို အင်းဝတောင်တပ်စခန်းကိုလည်း တိုက်ခိုက်ရာ ၈၁ မမ လက်နက်ကြီး ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီလိုပစ်ခတ်နေချိန် အင်းဝတောင်စခန်းကိုပစ်ခတ်နေတဲ့လက်နက်ကြီး​ ပြောင်းကွဲထွက်ပြီး လောင်းလုံး PDFကရဲဘော် ဆီဗူး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

“သုံးချက်ပစ်ပြီးတဲ့အချိန်မှာ ပြောင်းပြတ်ထွက်သွားတာပါ။ ရဲဘော်ဆီဗူးကတော့ ကျသွားတယ်။ နောက်ထပ်ရဲဘော်တယောက်လည်း ဒဏ်ရာအနည်းငယ်ရတယ်” လို့ လောင်းလုံးPDFရဲ့ပြန်ကြားရေးတာဝန်ရှိသူ အုန်းအုန်း ကပြောပါတယ်။

အင်းဝတောင်မှာရှိတဲ့စစ်ကောင်စီတပ်ကတော့ တိုက်ခိုက်ခံရပြီးနောက်မှာ လက်နက်ကြီး ၄ ချက်ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကထိမှန်တာမျိုးမရှိဘူးလို့ သိရပါတယ်။

လောင်းလုံးရဲစခန်းကို သွားရောက်ပစ်ခတ်ချိန်မှာလည်း စစ်ကောင်စီဘက်က ၁၀ချက်ခန့် ပြန်လည်ပစ်ခတ်ကာ နှစ်ဖက်ပစ်ခတ်မှု မိနစ် ၃၀ အကြာဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုနှစ်ခုအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုအသေးစိတ်ကို​တော့ မသိရသေးပါဘူး။

ရဲဘော်ဆီဗူးရဲ့ စျာပနကိုတော့ ကျဆုံးပြီးနောက်နေ့ အခုလ ၁၃ရက်မှာ မြေမြှုပ်သင်္ဂြိုဟ်လိုက်တယ်လို့ တာဝန်ရှိသူကပြောပါတယ်။

အခုလ ၁၀ ရက်နေ့ကလည်း ထားဝယ်ပြောက်ကျားအဖွဲ့ -Guerrilla Daweiက ရဲဘော်မြွေဆိုး မတော်တဆမှုဖြစ်ပြီး လောင်းလုံးမြို့နယ်အတွင်း ကျဆုံးခဲ့ပါတယ်။

The Tanintharyi Times