ထားဝယ်မြို့မှာ စစ်ကောင်စီတပ်သားတွေ သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

ထားဝယ်မြို့မှာ စစ်ကောင်စီတပ်သားတွေ သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြား

ရုပ်သံ - PDF T1

ထားဝယ်မှာ စစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့ ၃ ရက်အတွင်း နှစ်ကြိမ် လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဆိုပါတယ်။

အခုလ ၁၂ ရက်၊ ညနေ ၅နာရီမှာ မောင်မယ်ရှောင်ကျေးရွာနဲ့ ဇဟာကျေးရွာအကြားက ဥယျာဉ်ခြံတွေထဲမှာ တပ်ဖြန့်ပြီး ခြေကုပ်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့တည်နေရာကို ဒရုန်းနဲ့ကင်းထောက်ပြီးနောက် လက်လုပ် ၄၀မမ၊ ၆၀မမ လက်နက်ကြီးတွေနဲ့ အချက် ၅၀ခန့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးပြီး ထိခိုက်မှုအများအပြားရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်၊ ထားဝယ်ခရိုင်တပ်ရင်း(၁)ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ ထားဝယ်ခရိုင်တပ်ရင်း(၁)မှ တပ်ခွဲ(၂)စစ်ကြောင်းနဲ့ ဥဩစစ်ကြောင်း တို့ဘက်ကတော့ ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မနေ့ကမနက် ၈ နာရီဝန်းကျင်မှာလည်း ပကာရီကျေးရွာက ပကာရီရဲစခန်းဂိတ်ကို ထားဝယ်စုပေါင်းစစ်ကြောင်း(Dawei Collective Column) ရဲဘော်တွေက ၆၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

သွားရောက်တိုက်ခိုက်ရာမှာပါဝင်တဲ့ရဲဘော်တစ်ဦးကတော့ “အဝေးကနေ လက်နက်ကြီးနဲ့ သွားပစ်ခဲ့တာပါ။ ရဲကင်းတဝိုက်ကို လက်နက်ကြီးကျည်တွေကျတာဆိုတော့ ထိခိုက်မှုရှိနိုင်ပါတယ်” လို့ပြောပါတယ်။

အဲဒီရဲစခန်းဂိတ်ကို ၁၀ မိနစ်ကြာပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလည်း ၄၀ မမနဲ့ ၆၀ မမလက်နက်ကြီးတွေအသုံးပြုပြီး ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သူကဆိုပါတယ်။

မနေ့ကတိုက်ခိုက်မှုအတွင်းမှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်မှုမရှိဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ထိခိုက်မှု အခြေအနေကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။

ထားဝယ်ခရိုင်အတွင်းက နဘုလယ်ဒေသ ထားဝယ် အထူးစီးပွားရေးဇုန်တဝိုက်မှာလည်း မနေ့ကတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့သလို့ စစ်ကောင်စီဘက်ကပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုကိုပါပြုလုပ်ခဲ့ပါတယ်။

The Tanintharyi Times