အလံမလှဲစတမ်း

အလံမလှဲစတမ်း

ငါတို့တွေ…

ရိုးပြတ်ကွင်းထဲ

ကိုယ်ချင်စာတရားကို လွမ်းနေဖို့ အချိန်မရှိအောင်

ကမ္ဘာမြေ ရှိသမျှ ခြေကုန်သုတ်ပြေးခဲ့ရတဲ့ နေ့ရက်တွေ

လောင်မီးကျသွားတဲ့ အိုးအိမ်တွေကို

အဝေးကနေ ငေး

ဆွေးနေဖို့‌တောင် အခွင့်အရေး မရရှိခဲ့တဲ့ နေ့ရက်တွေ

နာကြည်း မုန်းတီးမှုတွေကို ကျစ်ကျစ်ဆုပ်လို့

အကြမ်းဖက် လူသတ်ရက်သူတွေကို

သံသရာအဆက်ဆက် မှတ်ပြီး ကျိန်စာတိုက်လိုက်တယ်

ပြည်သူ ပို့သတဲ့ မေတ္တာတွေ စူးပါစေ…။

ဖက်ဆစ်သန္ဓေပါတဲ့ စစ်တပ် ကျရှုံး ပျက်သုဉ်းပါစေ…။

‘သူတို့က…

ငါတို့ကို မြေမြုပ်ဖို့ ကြိုးစားတယ်

ငါတို့က သစ်စေ့တွေဆိုတာ သူတို့က မသိဘူး’ဆိုတဲ့

မက္ကဆီကန်တော်လှန်ရေးသမားတွေရဲ့ စကားအတိုင်း

ငါတို့တွေ…။

အာဏာရှင်တွေက

ငါတို့ အလံ‌ကို လှဲပစ်ဖို့ ကြိုးစားတယ်

ငါတို့က…

တယောက်ဒဏ်ရာကို တယောက်က ပွေ့ပိုက်ထားရင်း

လက်ဆင့်ကမ်း ထမ်းလာတဲ့

အလံ‌တော်ဆိုတာ သူတို့တွေ မသိကြဘူး…။

အမှောက်မိုက်ဆုံးအချိန်မှာ

အထွန်းလင်းဆုံးကြယ်တွေဆိုတာ

သူတို့တွေ မသိကြဘူး…။

လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပန်းတိုင်

ရောက်ကို ရောက်ရမယ်

ရကို ရ ရမယ် ဆိုတဲ့ စိတ်နဲ့

ခက်ခဲကြမ်းတမ်းတယ် ဆိုတဲ့ အဲဒီ့လမ်း

နောက်မဆုတ်စတမ်း လျှောက်နေတဲ့

လူငယ် ခြေတက်လေးတွေဆိုတာ

သူတို့တွေ မသိကြဘူး…။

သူတို့တွေက…

အသိတရား မရှိလောက်‌အောင် မိုက်တွင်းနက်သူ အန္ဓ

ကျေးကျွန်ကောင်း ပီသသူ ပါးကွက်သား…

ပြည်သူ သဘောမတူတဲ့ အာဏာရူးလူတန်းစား… ။

ငါတို့တွေက…

ခေတ်ဝန်ကို ထမ်း

အလံ မလှဲစတမ်း…

မလှဲစတမ်း…အလံကို တလူလူလွှင့်နေတဲ့ အလံတော်တွေ…

ငါတို့တွေ…

အလံ မလှဲစတမ်း ။။

နေချိုသွေး

The Tanintharyi Times