“တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ဦးဆောင်တဲ့သူတွေမှာ ရှိစေချင်တဲ့ အရည်အချင်းက ဘယ်လိုမျိုးလဲ”
“တော်လှန်ရေးတပ်ဖွဲ့တစ်ခုကို ဦးဆောင်တဲ့သူတွေမှာ ရှိစေချင်တဲ့ အရည်အချင်းက ဘယ်လိုမျိုးလဲ”
အာဏာရှင်ကို တော်လှန်နေတဲ့ တပ်ဖွဲ့တစ်ခုက ခေါင်းဆောင်တစ်ဦးရဲ့ တပ်တွင်းကိုယ်ထိလက်ရောက် ကျူးလွန်တဲ့ ဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ပကဖ၊ pdf နဲ့ ထောက်ပို့သူတွေကြားထဲမှာ ဆွေးနွေးစရာ ကိစ္စတစ်ခုအဖြစ် ဒီရက်ပိုင်းမှာ ရှိနေပါတယ်။ ခေါင်းဆောင်၊ ဦးဆောင်သူတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းကိုလည်း ထောက်ပြပြောဆိုသံတွေ ညံလာသလို အုပ်ချုပ်မှုမှာ အမိန့်နဲ့ အာဏာရှင်ဆန်မှုရဲ့ ကွာဟချက်ကို ဆွေးနွေးလာကြလာကြပြီး မေးခွန်းထုတ်လာတာတွေလည်း ရှိလာပါတယ်။ ဒါ့ကြောင့် တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် အချို့လိုချင်တဲ့ တပ်ဖွဲ့ဦးဆောင်သူတွေဆိုတာ ဘယ်လိုမျိုးလဲ၊ ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတာကို တနင်္သာရီတိုင်းမ်က မေးမြန်းပြီး ဒီတပတ်ရဲ့ တောင်ပိုင်းသားတို့ အသံ ကဏ္ဍကနေ ဖော်ပြလိုက်ပါတယ်။
(တောင်ပိုင်းသားတို့အသံ)
ရဲဘော်သံခဲ
လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်
မေး - အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့တပ်ဖွဲ့တွေမှာ ဘယ်လို ခေါင်းဆောင်မျိုးကို လိုချင်လဲ။ ဘာကြောင့်လဲ။
ဖြေ - ခေါင်းဆောင်ဆိုတဲ့နေရာမှာ ကျနော်တို့အခုကတော်လှန်ရေးကာလကို ပြောရတာပေါ့။ အားလုံးကလက်နက်ကိုယ်စီကိုင်ထားကြတာဖြစ်တော့ ခေါင်းဆောင်ပိုင်းသိပ်အရေးကြီးတယ်လို့ ပြောရမှာပဲ။ ခေါင်းဆောင်က ခေါင်းဆောင်ပီသဖို့လိုသလို တာ၀န်ယူမှုတာ၀န်ခံမှုလည်း ရှိရမှာဖြစ်တယ်။ အသက်တွေ၊ ဘ၀တွေနဲ့ ရင်းထားတဲ့တော်လှန်ရေးဖြစ်တဲ့အတွက် ရဲဘော်တစ်ဦးချင်းစီရဲ့အသက်တွေဟာလည်း ခေါင်းဆောင်တွေအပေါ်မှာ အများကြီးမူတည်တယ်။
မေး - ဦးဆောင်သူ/ တပ်ဖွဲ့ခေါင်းဆောင်လုပ်မယ့်သူတွေက ဘယ်လိုအရည်အချင်းမျိုးတွေ ရှိသင့်လဲ။
ဖြေ - အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေတာဖြစ်တော့ ကိုယ့်တပ်ရင်းတပ်ဖွဲ့ရဲ့ခေါင်းဆောင်လုပ်တဲ့သူတွေဟာ အာဏာရှင်ဆန်နေလို့မရဘူး။ အဲဒါအရေးကြီးတယ်။ အရှေ့ကပြောထားတဲ့ဟာကို အခြေခံပြီးပြန်ပြောရရင် လူမှုဆက်ဆံရေးကအစ လူ့အကျင့်အ၀တ်၊ စစ်သည်တော်ကျင့်၀တ်၊ စစ်စည်းကမ်းသိရှိလိုက်နာမှု ကိုယ်ကျင့်တရားကိုအခြေခံပြီး ကိုယ့်အဖွဲ့အစည်းကို လမ်းကြောင်းအမှန်အပေါ် မောင်းနှင်နိုင်မယ့်ခေါင်းဆောင်မျိုးကျနော်တို့လိုတယ်။
မေး - ဦးဆောင်သူတယောက်ရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်ချက်တွေက တပ်ဖွဲ့ အပေါ်ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲ။
ဖြေ - ခေါင်းဆောင်တစ်ဦးရဲ့ဆုံးဖြတ်ချက်လွဲချော်မှုဟာလည်း ကိုယ့်တပ်ဖွဲ့တစ်ခုလုံးရဲ့လွဲချော်မှု ပုံရိပ်ဖြစ်သွားနိုင်တယ်။ ခေါင်းဆောင်လုပ်တဲ့သူက အမျှော်အမြင်ရှိဖို့ အရေးကြီးတယ်။ စစ်ရေး အမျှော်အမြင်လည်းရှိရမယ်။ ငါတို့ကတော်လှန်ရေးပဲလုပ်တာ နိုင်ငံရေးငါတို့နဲ့မဆိုင်ဘူးလို့ ယူဆလို့မရဘူး။ ကျနော်တို့အားလုံးဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းလို့မရတော့တဲ့အတွက် နောက်ဆုံးလမ်းစဉ်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်လိုက်ကြတာ ဖြစ်တယ်။ ယုံကြည်ချက်အရလက်နက်ကိုင်စွဲတာဖြစ်တဲ့အတွက် အထူးသဖြင့်ခေါင်းဆောင်ပိုင်းတွေမှာပေါ့ အနည်းဆုံး နိုင်ငံရေးအခြေခံအတွေးအခေါ် အသိစိတ်ဓာတ်ရှိဖို့လိုအပ်တယ်။
မေး - ကိုယ့်တပ်ဖွဲ့အပြင် တခြားတပ်ဖွဲ့တွေမှာ တွေ့ရတဲ့ ဦးဆောင်သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူတွေအပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ - ပကဖတို့၊ Localတို့ တပ်ဖွဲ့တော်တော်များများမှာတော့ သင့်တော်သလိုရွေးထားကြတာပဲ။ တကယ်တမ်းကျတော့ အားနည်းချက်တွေအများကြီး ဖြစ်တာပေါ့။လူမှုဆက်ဆံရေးအပိုင်းအဆင်မပြေတာတို့၊ စည်းနဲ့ဘောင်နဲ့သွားရတဲ့နေရာတွေမှာ စည်းလွတ်ဘောင်လွတ်ဖြစ်တာတို့ အတွေးအခေါ်အမျှော်အမြင်နဲ့ဦးဆောင်မှုအပိုင်း အားနည်းတာတွေ တွေ့ရတာပေါ့။ PDFတပ်ရင်းတွေမှာတော့ခေါင်းဆောင်ရွေးချယ်မှု စနစ်ကျတာတွေ့ရတယ်။
မေး - တပ်ဖွဲ့တွေမှာ ခေါင်းဆောင်ကို ဘယ်လိုစနစ်နဲ့ရွေးချယ်နေကြတာ တွေ့ရလဲ။ ဖြစ်စေချင်တဲ့ ခေါင်းဆောင်ရွေးချယ်မှု ပုံစံမျိုး ရှိလား။
ဖြေ - ကျနော့်အမြင်မှာတော့ ခုဏက အရှေ့မှာပြောသွားသလိုပဲ ဘယ်လိုလူမျိုးဖြစ်ရမယ်၊ ဘယ်လိုအချက်တွေနဲ့ကိုက်ညီတဲ့သူမျိုးဖြစ်ရမယ်၊ ဒါမျိုးကြိုတင်သတ်မှတ်ချက်တွေနဲ့ ရွေးချယ်တာက ပိုသင့်တော်တယ်လို့ ယူဆတယ်။ ဥပမာ လူမှုဆက်ဆံရေးကောင်းမွန်သူ၊ လူ့ကျင့်၀တ်၊ စစ်သည်တော်ကျင့်၀တ်၊ စစ်စည်းကမ်းသိရှိလိုက်နာမှု၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊စည်းရုံးရေးစွမ်းရည်နဲ့ ကိုယ်ကျင့်တရားကိုအခြေခံပြီး ကိုယ့်တပ်ဖွဲ့ကိုလမ်းကြောင်းမှန်ပေါ် မောင်းနှင်နိုင်သူပေါ့။ ခေါင်းဆောင်ဖြစ်လာပြီးတော့မှ တော်လှန်ရေးဖောက်ပြန်တာမျိုးတွေ၊ မာန်တက်ပြီး မောက်မာလာတာမျိုးတွေ၊ ပြည်သူကို ပြည်သူမှန်း မသိတော့တာမျိုးတွေ၊ ကိုယ့်တပ်ဖွဲ့ကို အိတ်ဆောင်တပ်ပုံစံမျိုး အသုံးချလာတာမျိုးတွေ၊ အာဏာရှင်ကို တော်လှန်ရင်းအာဏာရှင်ဆန်လာတဲ့လုပ်ရပ်မျိုးတွေ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။
ခေါင်းဆောင်နေရာမရခင်အထိလူကောင်းတစ်ယောက်ပုံစံ ထင်ရပေမယ့် ခေါင်းဆောင်ဖြစ်လာပြီး နောက်ပိုင်းမှာလည်း ပြောင်းလဲသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုတွေမဖြစ်ဖို့ဆိုရင် ခေါင်းဆောင်ရွေးချယ်မှုပုံစံတစ်ခုလိုတယ်။ တကယ်လို့ဖောက်ပြန်လာတာမျိုးရှိလာရင်လည်း ဘယ်လိုပြန်ဖြုတ်မယ်ဆိုတာမျိုးလည်း ရှိထားရမှာ ဖြစ်တယ်။ခေါင်းဆောင်တွေကိုလည်း သူတို့ရဲ့လုပ်ငန်းတာ၀န်တွေနဲ့ တပ်ဖွဲ့ရဲ့တာ၀န်ရှိသူတွေက ပြန်ထိန်းကျောင်းပေးဖို့လိုတယ်။ ခေါင်းဆောင်ကောင်းရှိတဲ့ အဖွဲ့အစည်း ခေါင်းဆောင်ကောင်းရှိတဲ့ တပ်ဖွဲ့တွေဟာ တော်လှန်ရေးကိုဦးဆောင်မှုပေးနိုင်တယ် ပိုပြီးအလုပ်လုပ်နိုင်မှာ သေချာပါတယ်။
မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ရဲဘော်တစ်ဦး
မေး - အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်နေတဲ့တပ်ဖွဲ့တွေမှာ ဘယ်လို ခေါင်းဆောင်မျိုးကို လိုချင်လဲ။ ဘာကြောင့်လဲ။
ဖြေ - အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မှာ သင်ကိုယ်တိုင် အာဏာရှင်မဖြစ်စေနဲ့ဆိုတဲ့စကားအတိုင်း ကိုယ်ကိုယ်တိုင် အာဏာရှင်မဖြစ်သွားဖို့လိုပါတယ်။ ဘာကြောင့်ဆိုတာထူးထူးခြားခြားပြောစရာမရှိဘူး။ အာဏာရှင်မင်းအောင်လှိုင်ကို တော်လှန်နေရတာအပြင် နောက်အာဏာရှင်တစ်ယောက်ကို ထပ်ပြီးတော့ တော်လှန်နေရမှာဖြစ်တဲ့အတွက် ဒီအချိန်မှာ အာဏာရှင်လက်သစ်ဆိုတာ ပေါ်လာဖို့မသင့်ဘူး။
မေး - ဦးဆောင်သူ/ တပ်ဖွဲ့ခေါင်းဆောင်လုပ်မယ့်သူတွေက ဘယ်လိုအရည်အချင်းမျိုးတွေ ရှိသင့်လဲ။
ဖြေ - ဦးဆောင်သူအနေနဲ့ အမြင်သုံးမြင်ရှိရမယ်။ အုပ်ချုပ်မှု၊ တိုက်ခိုက်ရေး နောက်တစ်ခုက နိုင်ငံရေး။ အဓိက က စစ်ရေးအမြင်၊ နိုင်ငံရေးအမြင်ရှိရမယ်။ နိုင်ငံရေးအမြင်မရှိဘဲနဲ့ တိုက်ခိုက်ရေးခေါင်းဆောင်လုပ်ဖို့ အဆင်မပြေဘူး။ နိုင်ငံရေးအမြင်ပဲရှိပြီးတော့ တိုက်ခိုက်ရေး ခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူး။ ပြီးတော့ စည်းရုံးရေးစွမ်းရည်လည်း ကောင်းကောင်းတည်ဆောက်နိုင်တဲ့ခေါင်းဆောင်မျိုး ဖြစ်ရမယ်။ အခုခေတ် အခုအခြေအနေမှာ ရိုးသားတယ်ဆိုတဲ့ အရာတစ်ခုတည်းနဲ့ အဲဒီစွမ်းရည်တွေမရှိရင် အလုပ်လုပ်လို့မရတော့ဘူး။
မေး - ဦးဆောင်သူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ချက်တွေက တပ်ဖွဲ့ အပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲ။
ဖြေ - ဒါက impact (သက်ရောက်မှု)အများကြီးရှိတယ်ပေါ့နော်။ အခု ကျနော်တို့အဖြစ်အပျက်ကို ကြည့်လိုက်ရင် သိနိုင်တယ်။ တပ်ရင်းမှူးတစ်ယောက်ကနေပြီးတော့ တပ်သားအပေါ်မှာ ကိုယ်ထိလက်ရောက် အာဏာရှင်ဆန်ဆန်အကြမ်းဖက်တာ တပ်တွင်းအကြမ်းဖက်မှုလုပ်တာနဲ့ ထောက်ပို့တွေ ရပ်ဆိုင်းကုန်ပြီ။ ပြည်သူတွေကအမြင်မကြည်တော့ဘူး။ ထောက်ပံ့မှုတွေအားနည်းလာတယ်၊ ငြိုငြင်လာတယ်။ ဒီလောက်ထိသက်ရောက်မှုရှိမယ်ဆိုတာကို တွက်ထားဖို့လိုမယ်။ ဒါကြောင့်မို့ ခေါင်းဆောင်တစ်ယောက်က လွဲလွဲချော်ချော် မျှတမှုမရှိတဲ့စနစ်မျိုးနဲ့ အုပ်ချုပ်လိုက်ပြီ ငါ့နံဘေးမှာရှိတဲ့လူကတမျိုး ငါ့ရဲ့အဝေးမှာရှိတဲ့သူက တမျိုးအဲလို အုပ်ချုပ်မယ်ဆိုရင် အကျိုးဆက်အနေနဲ့ စိတ်ဝမ်းကွဲမှုတွေ အုပ်စုကွဲတာတွေ ဖြစ်လာနိုင်တယ်။
မေး - ကိုယ့်တပ်ဖွဲ့အပြင် တခြားတပ်ဖွဲ့တွေမှာ တွေ့ရတဲ့ ဦးဆောင်သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူတွေအပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ - တပ်ဖွဲ့ထဲမှာရှိတဲ့ ခေါင်းဆောင်တိုင်းက ခုနက ပြောတဲ့စွမ်းရည်တွေ ရှိဖို့လိုမယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့သူဆိုတာတော့ မရှိသေးဘူး။ တခြားတပ်ဖွဲ့မှာရော ကိုယ့်တပ်ဖွဲ့မှာရောရှိတဲ့ခေါင်းဆောင်တွေ က တစ်ခုရှိရင် တစ်ခုမရှိဘူး။ အဲဒီစွမ်းရည်တွေရှိဖို့ ခေါင်းဆောင်တွေက ကြိုးစားလေ့လာရမှာ။ လေ့လာပြီးတော့ ကိုယ့်ဝမ်းစာ ကိုယ်ဖြည့်ဆည်းရမှာ။ ကိုယ့်စွမ်းရည်ကိုယ်မြှင့်တင်ရမှာ။ ကိုယ်ကိုယ်တိုင်မြှင့်တင်ပြီးတော့ လုပ်ဆောင်ရင်တော့ ပိုကောင်းတာပေါ့နော်။
မေး - တပ်ဖွဲ့တွေမှာ ခေါင်းဆောင်ကို ဘယ်လိုစနစ်နဲ့ရွေးချယ်နေကြတာ တွေ့ရလဲ။ ဖြစ်စေချင်တဲ့ ခေါင်းဆောင်ရွေးချယ်မှု ပုံစံမျိုး ရှိလား။
ဖြေ - ကိုယ်နဲ့နီးစပ်ရာ ပေးနေကြတာ။ တကယ်တမ်း ခေါင်းဆောင်တစ်ယောက်ရွေးမယ်ဆိုရင် စံသတ်မှတ်ချက်တွေ ရှိပါတယ်။ အဲဒီစံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ အနည်းဆုံးတော့လူသည် ကာယ၊ ညဏ၊ စာရိတ္တ အဲဒါတွေပြည့်စုံရဲ့လား၊ အဲဒီအဖွဲ့မှာ ဦးဆောင်နိုင်ရဲ့လားဆိုတာကို အများရဲ့ဆုံးဖြတ်ချက်နဲ့သွားတာက အကောင်းဆုံးပဲ။ အခုသွားနေတဲ့ရွေးချယ်မှုပုံစံက ငါနဲ့နီးတယ်၊ ငါနဲ့အဆင်ပြေတယ်၊ သူတို့ကိုနေရာပေးတယ်၊ အဲဒီတာဝန်ကို ထမ်းဆောင်နိုင်ခြင်းရှိမရှိကို မကြည့်ဘဲနဲ့ အဲဒီနေရာကို ကောက်ပေးတယ်။ ဒီလိုနဲ့အဲဒီနေရာပေါ်မှာ ခေါင်းဆောင်က ယစ်မူးလာတယ်။ အဲဒါမျိုးက အများကြီး ဖြစ်နေတယ်။ ဒါကြောင့်ခေါင်းဆောင်တစ်ယောက်ကို ရွေးမယ်ဆို စံသတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ ခေါင်းဆောင်မျိုးကို ရွေးချယ်တာ၊ နောက်တစ်ခုက အများရဲ့ဆန္ဒနဲ့ ရွေးချယ်တာမျိုး ဖြစ်စေချင်တယ်။
ရဲဘော်အာရူး
မြိတ်ခရိုင် အမှတ်(၂) တပ်ရင်း
မေး - အာဏာရှင်ကိုလက်နက်ကိုင်တော်လှန်နေတဲ့ တပ်ဖွဲ့တွေမှာ ဘယ်လို ခေါင်းဆောင်မျိုးကို လိုချင်လဲ။ ဘာကြောင့်လဲ။
ဖြေ - ခေါင်းဆောင်တွေမှာ ကတော့ သူ့အရည်အချင်းနဲ့ သူပါပဲ။ ဒါပေမယ့် ရဲဘော်တွေနဲ့ တသွေးတည်း တသားတည်းစိတ်ရှိတဲ့ ခေါင်းဆောင်မျိုး လိုအပ်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က တယောက်နဲ့ တယောက် ယုံကြည်အားကိုး ရိုင်းပင်းကူညီစောင့်ရှောက်ရမယ့် ညီကိုတွေ ပါ။
မေး - ဦးဆောင်သူ/ တပ်ဖွဲ့ခေါင်းဆောင်လုပ်မယ့်သူတွေက ဘယ်လိုအရည်အချင်းမျိုးတွေ ရှိသင့်လဲ။
ဖြေ - ခေါင်ဆောင်တစ်ယောက်မှာကတော့ နှလုံးရည်၊ လက်ရုံးရည် ပြည့်စုံအောင်လိုပါတယ်။ အနစ်နာခံမှူနဲ့ စွန့်လွှတ်စွန့်စားနိုင်တဲ့ အရည်အချင်းလည်း ရှိဖို့ လိုအပ်ပါတယ်။
မေး - ဦးဆောင်သူတစ်ယောက်ရဲ့ဆုံးဖြတ်ချက်နဲ့လုပ်ဆောင်ချက်တွေက တပ်ဖွဲ့အပေါ်ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲ။
ဖြေ - ခေါင်းဆောင်တစ်ယောက်က ဆုံးဖြတ်ချက် မှန်မှန်ကန်ကန်နဲ့ ပြတ်သားမှုလိုပါတယ်။ လုပ်ဆောင်ချက်ကတော့ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး လုပ်ဆောင်ရတာပါ။ သာရင်လည်းစံ၊ နာရင်လည်းခံ ဆိုတဲ့ အတိုင်းပါပဲ။
မေး - ကိုယ့်တပ်ဖွဲ့အပြင် တခြားတပ်ဖွဲ့တွေမှာ တွေ့ရတဲ့ ဦးဆောင်သူတွေရဲ့ စွမ်းဆောင်ရည်နဲ့ အပြုအမူတွေအပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။
ဖြေ - ခေါင်းဆောင်တိုင်း perfect(ပြည့်စုံ) မနေပါဘူး။ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့သူပါပဲ။ အာဏာရှင်တော်လှန်ရင်း ကိုယ်တိုင် အာဏာရှင်မဖြစ်ဖို့ပဲ လိုတာပါ။
မေး - တပ်ဖွဲ့တွေမှာ ခေါင်းဆောင်ကို ဘယ်လိုစနစ်နဲ့ရွေးချယ်နေကြတာ တွေ့ရလဲ။ ဖြစ်စေချင်တဲ့ ခေါင်းဆောင်ရွေးချယ်မှု ပုံစံမျိုး ရှိလား။
ဖြေ - ခေါင်းဆောင်တွေရွေးချယ်တာကတော့ အရင်က တပ်ရင်း/တပ်ဖွဲ့ တာဝန်ရှိသူတွေ ရွေးတာပါ။ ဖြစ်စေချင်တဲ့ ခေါင်းဆောင်ရွေးချယ်မှူပုံစံ ရှိပါတယ်။ လူကြီး၊ လူငယ် အရည်အချင်းရှိကြပါတယ်။ သူ့အရည်အချင်းနဲ့ သူပေါ့။ ဒါကိုရွေးချယ်သူတွေက ဘယ်သူက ဘာဏ္ဍမှာ ကျွမ်းကျင်ပိုင်နိုင်လဲဆိုတာ သိထားဖို့ လိုတာပေါ့။ သူနဲ့ လုပ်နိုင်စွမ်းကြည့်ပြီးတော့ ဘယ်သူကဘယ်လိုတာဝန်နဲ့ အဆင်ပြေလဲဆိုတာ ရွေးချယ်မှုလေးမျိုး လိုချင်ပါတယ်။
The Tanintharyi Times
